နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Thursday, October 7, 2010

``ဘ၀ဋီကာ´´

ဒီမှာ လူကြီးမင်းများ ...
ငါဟာ ဘာမှမဟုတ်တဲ့အတွက်
ခင်ဗျားတို့ရဲ့ ပရမ်းပတာဥပဒေနဲ့ ငါ့လွတ်လပ်မှုကို
တရားစွဲဆိုစရာမလိုဘူး ...

ငါ့လွတ်လပ်မှုနဲ့ ငါ
မီးစာမကုန်ခမ်းသေးတဲ့ နေမင်းကြီးကို
ကောင်းကင်ထက်ထွန်းညှိထားတယ် ...

ငါ့လွတ်လပ်မှုနဲ့ ငါ
မာသာထရီဆာလို မိဘမဲ့နေတဲ့ မြန်မာပြည်သူပြည်သားတွေကို
နှလုံးသားနဲ့ ချစ်တယ် ...
တလက်စတည်း ငါ့လွတ်လပ်မှုနဲ့ပဲ
သူတို့ကို ပြုစုပျိုးထောင်သွားမယ် ... လို့ စိတ်ကူးတယ် ...

ကဲ ... ထားပါ ...
အခုလောလောဆယ်တော့ ငါ့နှုတ်ခမ်းများကို
သွေ့ခြောက်ခွင့်ပေးကြပါဦး ...
သွေ့ခြောက်တဲ့ ငါ့နှုတ်ခမ်းနဲ့ ကဗျာစမ်းရေကို သောက်တဲ့အခါ
ငါဟာ နတ်ပြည်က အအေးဆိုင်တစ်ဆိုင်မှာပဲ ...
- - - - - - - - - - - - - - - - - - -
- - - - - - - - - - - - - - - - - - -
ငါ့ လွတ်လပ်မှု နဲ့ ငါ
သထုံမြို့ဟောင်းက ကောင်မလေးကို လွမ်းတယ် ...
သရေခေတ္တရာက အကြော်သည်ကို အိပ်မက်မက်တယ် ...
တကောင်းမြို့ဟောင်းက ဗမာစကားသိပ်မပီတဲ့လူကြီးကို စကားလှမ်းပြောတယ် ...

ဒါတွေ အားလုံးဟာ ခင်ဗျားတို့အားလုံးနဲ့ လားလားမျှမသက်ဆိုင်တဲ့
ငါ့လွတ်လပ်မှုတွေပဲ ...

လူလွတ်လပ်မှ စိတ်လွတ်လပ်မယ် ...
စိတ်လွတ်လပ်မှ အတွေးအခေါ်တွေ လွတ်လပ်မယ် ...
အတွေးအခေါ်လွတ်လပ်မှ ခြေလှမ်းတွေ လွတ်လပ်မယ် ...
ခြေလှမ်းတွေ လွတ်လပ်မှ အနာဂတ်တွေ လွပ်လပ်မယ် ...
အနာဂတ်တွေ လွတ်လပ်မှ ငါတို့ရဲ့ မိဘတွေ အသက်ပြန်ရှင်မယ် ...

ဒါပေမဲ့ တခုတော့ရှိတယ် ...
ခင်ဗျားတို့လွတ်လပ်မှုနဲ့ ကျွန်တော့်လွတ်လပ်မှုမှာ လေးစားမှုတော့ ရှိပါစေ ...

                                                 လျံနိုး
                                          အောက်တိုဘာ ၇ ည ၁၀ နာရီ ၃၆ မိနစ်

Monday, October 4, 2010

“အာလဖ နဲ့ ဩမေဃ”

ကျေးဇူးပြုပြီး …
နာကျင်မှု ဟောက်သံတွေကို
အဆုံးစွန်ထိ အသံချဲ့ပေးကြပါ …

ကာလသူတောင်းစားတွေက တဖြည်းဖြည်းချင်း
ကြီးထွားလာတာမို့ …
- – - – - – - – - – - – - – - – - – - – - – -
- – - – - – - – - – - – - – - – - – - – - – -
လသားကလေး တစ်ယောက်အနေနဲ့
တခါတလေ ကိုယ့်တွန်းလှည်းကိုယ်
ထမ်းပြေးရတဲ့အချိန်တွေရှိတယ် …
ဘာဖြစ်လို့လဲ ?
ငါဟာ မြန်မာပြည်သားတစ်ယောက်ဖြစ်တယ် …

တောတွင်းသားလေး ငါ ပေါ့ …
သွေးပင်လယ်တွေကြား ခြေထောက်တွေ
ပွန်းကြေနေအောင် လျှောက်ရတဲ့အခါတွေလည်း ရှိပါ့ …
ခြေပစ်လက်ပစ် ဒရောသောပါးပြေးနေရတဲ့အချိန်တွေလည်း ရှိပါ့ …
- – - – - – - – - – - – - – - – - – - – - – - -
– – - — – - – - – - – - – - – - – - – - – - –
ငါဟာ ဆွတ်စိုပြီးသားဖြစ်တဲ့အတွက်
မျက်ရည်တွေကို အပုံးလိုက် အခွက်လိုက်
ဗွမ်းဗွမ်းကြဲလောင်းချကြပါ …
လောင်းချပေးကြပါ …
- – - – - – - – - – - – - – - – - – - – - – - – - -
ကမ္ဘာကြီးရဲ့ နောက်ဆုံးချိန်မရောက်သေးခင် …
နောက်ဆုံးအနေနဲ့ တခွန်းစကားလေးကို …
ခုနစ်ကမ္ဘာကြား၊ ရှစ်ကမ္ဘာကြားအောင် အော်လိုက်မယ် …

“အချစ်”
……………………………………………..

အာလဖ နဲ့ ဩမေဃ ဆိုတာ အစ နဲ့ အဆုံး ဖြစ်ပြီး
ဂရိဘာသာစကားကနေ လာတာပါ …(မသိသေးသူများအတွက်)
လောကမှာ အချစ်က ကမ္ဘာကြီးကို စခဲ့တာဖြစ်ပြီး အချစ်ကပဲ ကမ္ဘာကြီးကို
အဆုံးသတ်သွားမှာ ဖြစ်ပါတယ် … ဘာ ဘာသာရေးမှ မပါ ပါဘူး …
ကောင်လေး နဲ့ ကောင်မလေး ချစ် တယ် … နောက် ညားတယ် …
ကလေး မွေးတယ် … နောက် မွေးတယ် မွေးတယ် …

လောကမှာ အချစ်ငတ်တဲ့လူတွေဟာ ကံအဆိုးဆုံးလူတွေပါ …
ဒါကြောင့် …
ချစ်ပေးကြပါ အချင်းချင်း …