ခြေတင်ရာခုံတစ်ခုံမှာ ...
ငါ့ကဗျာတွေ မီးတွေ တောက်လောင်ကျရှုံးနေလေရဲ့ ...
အချက်ပေး ဥဩသံတွေလည်း ဆူလို့ ...ညံလို့ ...
အီလို့ ...
အိပ်မက်ပုလင်းတွေထဲ ...
ငရဲပြည်မှာ မွန်းတည့်တဲ့ နေခုနစ်စင်းကို
လောင်းထည့်ခဲ့ရတာ ...
ကောင်မလေးရေ ...
ငါ့ကို ...
နေပူကြဲကြဲတွေထဲက ကယ်တင်ပါ ...
လောင်မြိုက်ပွက်ဆူခြင်းတွေထဲက ရွေးနှုတ်ပါ ...
ချွေးသီးတွေ ဝတ်ဆင်ထားရတာ ...
အရေပြားတွေ ပြာကျတော့မယ် ...
ဦးဏှောက်တစ်ခုလုံး မီးကျွမ်းတော့မယ် ...
နင် သိလား ...
ကောင်မလေး ...
နင် ဘယ်မှာလဲ ...
ငါ မမေးတော့ဘူး ...
နင့်အစား ...
မြောက်ပြန်ဆောင်းလေးတစ်ရာသီသာ ...
တစ်နာရီစာ ...
တိုက်ကျွေးလှည့်ပါ ..
နင့်ကိုငါ ...
လွမ်းနေတဲ့အချိန် နင့်ရယ်သံလေးကို
ဆာမွတ်နေသလောက် ...
အခုချိန် တစ်နာရီစာပဲဖြစ်ဖြစ် ...
ဆောင်းတစ်ရာသီသာ ...
ရင်ခွင်မှာ ပွင့်ကြဲနေတဲ့ နွေတွေအတွက် ငါဆာမွတ်တယ် ...