ဟူး…..
နိစ္စဓူဝတွေ့နေရတဲ့ မျက်နှာတွေအတွက်
“ဆေးခါး”တစ်ခွက်တော့ဖြစ်လိုက်ချင်ရဲ့
အရသာခါးသီး(အော်ဂလီဆန်စရာကောင်း)ပေမဲ့
သက်သာရာသက်သာကြောင်း/ပျောက်ကင်းရာပျောက်ကင်းကြောင်း
လေးတော့ဖန်တီးပေးနိုင်တာပေါ့။
ဟူး.....
ဒီပျံသန်းနေကြတဲ့ ဝေဟင်ပြင်မှာ
အထီးကျန်ငှက်တစ်ကောင်သာ ဖြစ်လိုက်ချင်ရဲ့
ငါလိုအထီးကျန်နေတဲ့ သူတွေနဲ့ တွေ့ရင်
သူတို့ရဲ့ အထီးကျန်စိတ်ကို ဖြေသာအောင်
အဖော်တစ်ယောက်အဖြစ် ဖန်တီးပေးနိုင်တာပေါ့။
ဟူး…..
ကျင်လည်ကျက်စားနေရတဲ့ ဒီမြိုင်ကြီးထဲမှာ
ထိတ်လန့်ကြောက်ရွံ့နေရတဲ့
ယုန်သူငယ်လေးတစ်ကောင်သာ ဖြစ်လိုက်ချင်ရဲ့
ငါလိုထိတ်လန့်ကြောက်ရွံ့နေတဲ့
သူမျိုးနဲ့တွေ့ရင် သူ့အတွက်
ကြောက်စရာလန့်စရာတွေကို အတူကူညီမဖြေရှင်းပေးနိုင်ရင်တောင်
ဘေးနားမှာ ရှိနေတယ်ဆိုတဲ့အသိလေးနဲ့
ယုံကြည်စိတ်ချမှုလေးပဲဖြစ်ဖြစ်
ပေးနိုင်တာပေါ့။
ဟူး.....
လှုပ်ရှားနေရတဲ့ ဒီပင်လယ်ပြင်ကြီးမှာ
မသန်မစွမ်းခရုငယ်လေးတစ်ကောင်သာ
ဖြစ်လိုက်ချင်ရဲ့
ငါလို မသန်မစွမ်းခရုလေးတွေနဲ့တွေ့ရင်
နှေးနှေးလေး၊ မှန်မှန်လေးနဲ့လည်း
ပန်းတိုင်ရောက်ပါတယ်လို့ ပြောလို့ရတာပေါ့။
နောက် သူအားမငယ်အောင်
သူ့ဘေးမှာနေပေးလို့ ရတယ်လေ။
ဒါပေမဲ့…..
သေချာပြန်စဉ်စားကြည့်လိုက်တော့
အဲဒီမဖြစ်နိုင်မရေရာတဲ့ အတွေးတွေကို
စိတ်ကူးယဉ်တွေးနေတာထက်
လက်ရှိဘဝ/ လက်ရှိကိုယ့်ကိုယ်ပိုင်နေရာမှာ
လောကကြီးအတွက် မဟုတ်ရင်တောင်မှ
ကိုယ့်ပတ်ဝန်းကျင်အတွက်
အလင်း/ ဆားဖြစ်လိုက်ရင် အကောင်းဆုံးပါပဲလေ။