ကဗျာတပုဒ်ကို အရှိအတိုင်း အန်ချဖို့ ...
ကဗျာဆန်တဲ့ အမှောင်ပျိုးလမင်းကို ရှာတယ် ...
ကဗျာဆန်တဲ့ နှင်းဆီဘုရင်မကို ရှာတယ် ...
ကဗျာဆန်တဲ့ ကောင်းကင်ဘုံက စံပယ်ကို ခူးတယ် ...
ကဗျာဆန်တဲ့ စာသားတွေကို တစစီဖြုတ်ပြီး ပြန်စီကြည့်တယ် ...
နောက်ဆုံးတော့ ...
ကဗျာတပုဒ် ငါ စပ်လိုက်တယ် ...
“ငါ့ကဗျာ နဲ့ ငါ ဝေးကွာခဲ့ပြီပဲ” ...
- - - - - - - - - - - - - -
- - - - - - - - - - - - - -
ရှေ့ကိုပဲ ရှုတတ်တဲ့ ငါ့မျက်လုံးတွေကြောင့် ...
ရှေ့ကိုပဲ လှမ်းတတ်တဲ့ ငါ့ခြေထောက်တွေကြောင့် ...
ရယ်သံတွေကို နောက်ပြန်မပို့တတ်တဲ့ ငါ့နှုတ်ခမ်းတွေကြောင့် ...
ဝေးခဲ့တယ် ... လို့သာ ခပ်ရှင်းရှင်း မှတ်ယူပေးပါ ...
ရောမတမြို့လုံး ငရဲမီးထွန်းပွဲ ကျင်းပနေတာတောင်မှ
တယောထိုးမပျက်ခဲ့တဲ့ နီရိုး ဘုရင်ကြီးလို ...
ငါ့အနာဂတ်တွေကို နင့်နှုတ်ခမ်းပါးထက်ဆီ ရက်ရက်ရောရောနဲ့
ဝေသန္တရာ ဇာတ်မခင်းခဲ့နိုင်တာ တခုလည်း ခွင့်လွှတ်ပါ ...
- - - - - - - - - - - - - - -
- - - - - - - - - - - - - - -
“အချစ်ဟာ ဘ၀မှာ ချိုမြိန်ပေမဲ့ ...
ဘ၀ဟာ အချစ်မှာ မချိုမြိန်ဘူး ...”
- - - - - - - - - - - - - - -
- - - - - - - - - - - - - - -
အသေကောင်မျှော်လင့်ခြင်းတွေ အခုချိန်ထိ
အသက်တော့ မျောမျောရှုနေပါသေးတယ် ...
စကားတစ်ခွန်းကို မရိုးမအီဘဲ ခေါက်တုံ့ခေါက်ပြန် ဆိုနေရင်းနဲ့ပေါ့လေ - -
“ဆုံကြဦးမှာပါ ...”
- - - - - - - - - - - - - - - -
- - - - - - - - - - - - - - - -
ကမ္ဘာကြီး လုံးဝန်းပြီး လည်ပတ်နေတဲ့အတွက် ...
ငါ ဖြတ်သန်းနေတဲ့ အရှေ့အရပ်ကလည်း
တနေ့တော့ အနောက်အရပ်ဆီ ခြေချဖြစ်ဦးမှာပါ ...
No comments:
Post a Comment