နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, June 23, 2010

လျှို့ဝှက်သည်းဖိုဆန်ဆန် မိန်းမတစ်ယောက်အား ဖတ်ရှုခြင်း

လျှို့ဝှက်သည်းဖို ဆန်တဲ့မိန်းမ …
ငါ့ကောင်းကင်ကို ဟားတိုက်ဝတ်ဆင်ထားတယ် …
ငါ့မှာတော့ …
အသက်ရှုသံတွေ ပင့်လိုက် ရှိုက်ခိုက်နဲ့
အပင့်အရှိုက်တိုင်းမှာ စက္ကန့်လေးတွေနဲ့ အတူ …
မင်း အပြုံးတွေရဲ့ အဓိပ္ပာယ်ကို ဖွေရှာတယ် …

မင်းရဲ့ အနံ့အသက်တွေမှာတောင်မှ …
? ဆိုတာ အမြဲတမ်းရှိတယ် …
တကယ်တော့ မင်းကို ချစ်မိတာဟာ …
ငါဘ၀မှာ ကိုယ့်စကားကို ပြန်မျိုချရတဲ့ အဖြစ်မျိုး …

…………………………………..
မင်းအပြုံးတွေမှာ ရူးသွပ်ခြင်းတွေပါတယ် …
ကြောင်စီစီဖြစ်ခြင်းတွေ ပါတယ် …
ရယ်မောခြင်းတွေ ပါတယ် …
ငူတူတူဖြစ်ချင်းတွေ ပါတယ် …
ငိုယိုမျက်စပ်ခြင်းတွေ ပါတယ် …
အားလုံးပါပဲ …
မင်း ငါ့အာရုံထဲမှာ မီးဖွားသန့်စင်တဲ့နေ့တွေက စလို့ …
ငါသိလာတာက …
မင်းမှာ အဓိပ္ပာယ်ပေါင်း သန်းပေါင်းများစွာရှိတယ် …
ဘာသာစကားပေါင်း သန်းပေါင်းများစွာကို သိုသိပ်လျှို့ဝှက်ထားတယ် …
…………………………………………
မင်းကို ဖတ်နေရတာ …
အာရုံငါးပါးစလုံး နေ့တိုင်းမောရတယ် …
မိနစ်တိုင်းဟာ မင်း အကြည့်လေးတွေရဲ့ အဓိပ္ပာယ်ကို မှန်းဆမှုနဲ့ …
လွဲချော်မှုလှလှလေးတွေကို ဖြတ်သန်းလွဲချော်ရှပ်သီသွားတယ် …
မင်း အနား ငါခစားလို့ ….
တစက္ကန့်လေးပဲ ငါပြုံးနေခဲ့ရင်တောင်မှ …
ငါ့ရင်ခုန်သံတွေရဲ့ လွဲချော်မှုတွေ မင်း အာရုံတွေမှာ
လွတ်ချနေတယ် … ဆိုတာ
မင်း နားလည် …

? ? ? ? ? ? ? ?
? ? ? ? ? ?
? ? ? ? ? ? ? ?
? ? ? ? ? ?
ငါ ဘယ်မှာလဲ ….
ဘယ်မှာလဲ ငါ ….
မင်းကြောင့် ? တွေထဲမှာ …
ငါ ရွာလည်တယ် …

တောက် !!!!!!!!!!!
မီးခိုးတွေ ဝေတဲ့ မျက်ရည် မျက်ခုန်းတွေ …
မေးခွန်းဆန်တယ် …
မင်း မှတ်ထားပါ …
မေးခွန်းဆိုတာ ဖတ်တတ်မှ …
အချစ်ဆိုတာ ချစ်တတ်မှ …
အဖြေတွေ့တယ် …တဲ့ …။….
မင်းကိုငါ ချစ်တတ်ခဲ့တာ …
ငါ့ မျက်စိရှေ့မှာတင် သွေးယိုနွေအိုတွေ ပြန်ပြန်နုပျိုမျစ်နုလာတာ ….
ဆောင်းပျိုလင်းညိုတွေ အိုမင်းရင့်ရော်လာတာ …
နားလည်စမ်းပါ …
မင်း အပေါ် အချိန်ကာလနဲ့ တကွ …
ဘယ်လောက်ချစ်ခဲ့လဲ ဆိုတာ …
ဒါပေမဲ့ အခုချိန်ထိ မင်းရဲ့ တခါပြုံးလေးကိုတောင်မှ …
အဖြေရှာမတွေ့ဘူး …

………………………………
ချစ်တတ်တဲ့ …
ဒီ နွေလို သတ္တ၀ါကောင် …
နေခုနစ်စင်းနဲ့ မီးလောင်သန့်စင်မယ် …

အိနြေ္ဒရှင်

ကြုံတောင့်ကြုံခဲမနက်ခင်းတစ်ခု ...
ယဲ့ယဲ့လေး သူ ပြုံးခဲ့ ...
သွားထက်လေး ...
ကျွန်တော့်အာရုံထဲ ထွက်ပေါ်လာတာနဲ့ တပြိုင်နက် ...
ဦးဏှောက်ထဲ ? တစ်ခု ကစုန်ပြေးပေါက်ရောက်ချလာတယ် ....

... ? ...

သိက္ခာတွေအောက်မှာ အလံဖြူတွေသာ ....
ရက်ရက်ရောရော လွှင့်ထူရင်း ...
ရင်ခုန်သံတွေဟာ တစ်ကောင်ကြွက်တစ်ကောင် ရဲ့ ...
လာသူမဲ့ ... ခိုသူမဲ့ ...
မြေပုံဟောင်းတစ်ခုလို ...
ဆွေးမြေ့ဟောင်းနွမ်းအထီးကျန်တာ ...
... ဪ ...
ကြာပြီပေါ့လေ ...
...................................
ဒီရင်ခွင်ဟာလည်း ...
မိုးငတ်လယ်ပြင်တစ်ပြင်လို ၀ုန်းဒိုင်းကြဲ
ခြောက်သွေ့ပေါက်ကွဲနေပါပြီ ...
.......................................
..................................
အာရုံတွေမှာ ...
အိနြေ္ဒတွေသာ မရှိခဲ့ရင် ....

Thursday, June 17, 2010

ကဗျာတွေ ရှိနေသေးသ၍တော့

မိန်းမပျိုလေးရေ …
ကဗျာတွေ ရှိနေသ၍
မင်း ဟာ ငါ နဲ့ …
လုံးဝအချိတ်အဆက်မဲ့မှာ မဟုတ်ဘူး …

နောက် …
ကဗျာတွေ ရှိနေသေးသ၍လည်း
မင်းငါ့နှလုံးသားကို …
ဘယ်လိုခွဲခွဲ ကွဲမှာမဟုတ်ဘူး …
? ? ? —–
မင်း ငါ့နှလုံးသားမှာ …
မမွေးဖွားခင်ကတည်းက …
ငါ ဟာ …
ကဗျာတွေမှာ ကွဲကြေပြဲစင် … ခဲ့ပြီးလို့ပဲ …
(၂)
ငါ့ခြေထောက်တွေ အမေမွေးကတည်းက အတိုင်းပဲ …
မပြောင်းလဲဘူး … နှစ်ချောင်းထဲ …
လမ်းပေါ်မှာလည်း …
တစ်စက္ကန့်ကို ခြေသံတစ်ခါထက် ပိုမသွားဘူး …
ရင်ခုန်သံတွေ အဖော်မရှိဘူး …
အာရုံတွေ အထီးကျန်လျက် … ပဲ …

ဒါပေမဲ့ …
မိန်းမပျိုလေးရေ မင်း မှတ်ထား …
ကဗျာတွေ ရှိနေသေးသ၍တော့ …
စကားလုံးတွေက
“ တစ်ယောက်တည်းပဲ ”
“အစစ်အမှန်” ကို လှစ်ပြရမယ် …ဆိုရင်တော့ …
“သိုက်မြုံစည်ကားခြင်း”
… ပါ ပဲ …။

Tuesday, June 15, 2010

သူ့ဘဝ

မီးဟုန်းတတောက်တော့ သေဆုံးငြိမ်းအေးသွားပြီ ...
......................................
တစ်နေ့ ...
သူ့ခေါ်သံနောက် သဲ့သဲ့ငါ ...
ကြားလိုက်တယ် ...
“ ရှဲ ...”

ပြီးဆုံးသွားပါပြီ

ပြီးဆုံးသွားပါပြီ ...
သူနဲ့ ပတ်သက်သမျှ ရယ်သံတစလေးတောင်
မကျန်ရှိဘဲ ...
အရာအားလုံး ပြီးဆုံးသွားပြီ ...
သူ့နာမည်လည်း ပြည့်ဖုံးကား ချလိုက်ပါပြီ ...
(၂)
ဦးတည်ရာမဲ့ သူ့ခရီးစဉ်အတွက်တော့ ...
အဆုံးစွန် လမ်းခွဲလေးထိ လိုက်ပို့မယ့် သူတွေက ...
မျက်ရည်တံခါးများကို ဆောက်လုပ်လျက် ...
သူ့အပေါ် အကြည့်အာရုံတွေကို ဖြန့်ကြဲထားကြတယ် ...
သူ ...
အခုတော့ ငြိမ်သက်လို့ ...
သူ ...
မနေ့ကတော့ စကားတွေ ဖောင်ဖွဲ့လို့ ...
စကားလုံးတွေ ဟောင်ဖွာ ဟောင်ဖွာ လွှတ်ထုတ်လို့ ...
(၃)
အခုတော့ သူ့နာမည်တစ်ခု လူတွေရဲ့ ပါးစပ်ဖျားကလွဲလို့ ...
ပြီးဆုံးသွားပြီ ...
လေပြည်တွေကို လိုက်ခိုကာ ...
သူ ...
ပျောက်ဆုံးခြင်းတွေနဲ့ အတူ လွင့်ပါသွားပြီ ...
(လမ်းခရီးတွေဟာ အထီးကျန်ဆန်လာခဲ့ ...
ခြေလှမ်းတွေ တစထက် တစ လှိုဏ်ခေါင်းကျယ်ဆန်လာခဲ့ ...
သွေးစိမ့်တဲ့ ပဲ့တင်သံတွေနဲ့ ...
အာရုံတွေထဲ ခြေသံဟာ ခါတိုင်းထက် ပိုကျယ်တယ် ...)
(၄)
မနေ့တနေ့တွေက ...
မမျှော်လင့်ခြင်းတွေနဲ့ (ဘဝတွေထဲ)ဆိုက်ရောက်လာခြင်းကို
ဘုရားသခင် လှစ်ဟပြတယ် ...
ပျော်မွေ့စေတယ် ...
အခုတော့ ...
ဘုရားသခင်ကိုယ်တိုင်ကပဲ ကျွမ်းကျင်စွာ ...
သူ့လက်တစ်ဖက်နဲ့ပဲ မျက်လှည့်တစ်ကွက်ကို
ပြသလိုက်ပြီ ...
ငါ့အတွက်တော့ ...
သက်ပြင်းတစ်စုံနဲ့ မျက်ရည်မြစ်ကြီးကို ထုတ်လုပ်ပေးရတာလောက် ...
မောဟိုက်တာ မရှိဘူး ...
သူ့ကြောင့် ...
ငါ့အရှိုက်သံတွေ ပြင်းထန်စူးရှခါးသီးတယ် ...
ပါးတွေလည်း စိုစွတ်နေပါပြီ ...
ပြီးခဲ့တာတွေလည်း ...
........ပြီးပြီ.......
........ပြီးပြီ.......
ပြီးပြီ ..............
သူလည်း အပြီး ....
ကိုယ်လည်း အညည်းပဲ ...
ကဲ ...
သူကတော့ တကယ် ...
ပြီးပြီ ...။..။။။။
(၅)
သူနဲ့ ဆိုင်တဲ့ ဇာတ်လမ်း ...
နောက်တစ်ခန်းဆိုတာ မရှိတော့ပါကြောင်း ...

Monday, June 14, 2010

မိုးကြိုးလို လူများ

ဗီးနပ်စ်ရဲ့ သွေးသား သမီးပျိုလေးရေ ...

ငါလေ ...
တခါတလေ နှုတ်ခမ်းပါးလေးတွေပေါ်
အပေါ်ယံသာစိုက်ကြဲကြတဲ့ ခင်မင်မှုအကြောင်း ...
အတွေးလေဟပ်မိရဲ့ ...

အချစ်ဆိုတဲ့ မင်းကိုတော့ ...
သူတို့ တွင်တွင်သုံးကြတယ် ...
သူတို့ နှုတ်ခမ်းပါးလေးတွေမှာတင် ...
ခင်မင်မှုတွေက ရင့်မှည့်နေပြီ ...
ဟားးးဟားးး....
တကယ်တော့လေ ...
အုတ်ဂူဆန်တဲ့ သူတို့ရဲ့ ရယ်သံတွေက ...
အုတ်ဂူဆန်တဲ့ သူတို့စကားလုံးတွေက ...
အုတ်ဂူဆန်တဲ့ သူတို့အပြုံးတွေက ...
ပုတ်သိုးနေတဲ့ သူတို့နှလုံးသားကိုတော့ ကာရံဖို့ ...
အယူခံဖို့ လုံလောက်ကဗျာဆန်ပါတယ် ...
ဖြူစင်သန့်ရှင်းပါတယ် ...
ဒီအတွက်လည်း သူတို့တွေဟာ ...
အုတ်ဂူလို ဖြူစင်နေပါတယ် ...
ဒါပေမဲ့ အုတ်ဂူတချပ်လို အထဲမှာ ...
လမိုက်ညတွေ ပြည့်သိပ်နေမှန်း ဘယ်သူမှ ...
ဂရုမပြုမိကြပါဘူး ...

ကောင်မလေး ...
ယုဒအနမ်းလေးလေ ...
မင်း မှတ်မိဦးမယ် ထင်တယ် ...
ခရစ်တော်ရဲ့ ပါးပြင်ပေါ် အညင်အသာပဲ
သူ ခုတ်ချခဲ့တယ် ...
ချိုမြိန်ကောင်း ချိုမြိန်မှာပါ ...
နှုတ်ခမ်းပါးလေးပေါ် ပျားရည်တွေ
အထပ်ထပ်သုံးလိမ်းစရာမလိုတော့အောင် ...
ကောက်ကျစ်တဲ့ အပြုံးနဲ့ အနမ်းဟာ သူ့အလိုလို ...
ချိုမြိန်ပြီးသား ...

(၂)
နဖူးပေါ်မှာ စာတန်းလေးတော့ ...
သူတို့ တင်ထားတယ် ...
“ကြိုဆိုပါသည်”
...... တဲ့ ...
ငါတို့ရဲ့ အဖိုးတန်တဲ့ ဝိဥာဉ်တွေကို
နုတ်ယူဖို့ ...
ငါတို့ဆီက ငါတို့ ကိုယ်စီ ပိုင်ဆိုင်တဲ့
ရတနာသိုက်တွေကို တူးဖော်ဖို့ ...
သူတို့ အပြုံးတွေထဲမှာ လက်နက်တွေ ဝှက်ထားတယ် ...
ဆူးတွေ ခင်းထားတယ် ငါတို့တွေ သေဖို့ ...
ကောင်မလေး မင်းသိလား ...
ငါတို့ဟာ ...
တခါတလေ မိုးတိမ်တွေပေါ် လမ်းလျှောက်နေရတာနဲ့ တူတယ် ...
လို့ ...
ပါးလွားတယ် ကွာ ...
မတည်မြဲမှန်းတော့ မသိကြဘူး ...
အပြုံးလို့ ဘွဲ့ပေးထားကြတဲ့ လေပြေလေးတွေနဲ့ ...
နူးညံ့မွှေးပျံ့တဲ့ ငါတို့ ရနံ့လေးတွေ သူတို့ စုပ်ယူလို့ အပြီးမှာ ...
ငါတို့ နင်းထားတဲ့ တိမ်လွှာတွေ ...
သူတို့ စနက်နဲ့ သူတို့ ဖြိုဖျက်ကြမယ် ...
ဖြစ်ခြင်း ပျက်ခြင်း သီအိုရီ တစ်ခုလို ...
အသေအချာ သိနေတဲ့
သီအိုရီ တစ်ခု ... လို့ မှတ်ယူထားလိုက် ကောင်မလေးရေ ...
(၃)
နောက်ဆုံးတော့ ...
ကောင်မလေးရယ် ...
သေချာစွာ ဖြူစင်စွာ
နှစ်ခုပဲ ငါတို့ ဘေးနားကျန်ခဲ့တယ် ...
ကဗျာ ရယ် ...
တစ်ယောက်ဘေးနား ...
တစ်ယောက် ရှိတယ် ... ဆိုတဲ့ အသိရယ် ...။ ...
ဒီတော့ မင်းဝိဥာဉ်ကို ...
အဆိပ်ဓားသွား နှုတ်ခမ်းပါးတွေနဲ့ ဝေးရာ ...
ထုဆစ်ထားလိုက်ပါ ...။...

Saturday, June 12, 2010

ဖတ်ရှုပေးပါ … ကျွန်တော်ရေးသမျှစာတွေထဲက အဖတ်စေချင်ဆုံး ဆောင်းပါးလေးပါ

တခါတလေ လူ့ဘဝမှာ လက်တွဲဖော်(ကြင်ယာဖက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက် အတွက်ပဲဖြစ်ဖြစ်)ရွေးတဲ့အခါ – လူတွေက လူအားလုံးအတွက် ကောင်းတဲ့လူဟာ သူတို့အတွက် အလားတူကောင်းမယ် လို့ ထင်တတ်ကြတယ် …တကယ်တော့ (အားလုံးကို မဆိုလိုချင်ဘူး) လူတွေဟာ အားလုံးအတွက်ကောင်းရင် တစ်ယောက်တည်းအတွက် မကောင်းတတ်ပါဘူး … ဒါကြောင့် ကိုယ့်အနေနဲ့ ကိုယ့်ကို အဆုံးစွန်အထိ မပေးဆပ်ကြဘူး …ဒါကြောင့် အဖုအထစ်လေးတွေ ဖြစ်တတ်ကြတယ် … ကြာတော့ ပေါက်ကွဲကြတယ် … စဉ်းစားစရာပါ … ကိုယ်ဟာ အားလုံးအတွက် ကောင်းမယ် ဆိုတာ ကောင်းတဲ့အရာတစ်ခု။ မှန်တယ် …။ ဒါပေမဲ့ ကြာလာတော့ ကိုယ်ဟာ တကယ့်မိတ်ဆွေ သူငယ်ချင်းဆိုတာ ရှိမှာ မဟုတ်ဘူး … ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က အားလုံး အတွက် ကောင်းနေကြတဲ့အခါ(Focus) မရှိတော့ လူအားလုံးဟာ ကိုယ့်ရဲ့ အားလုံးအပေါ် ကောင်းမွန်မှုကို ပေါ့ပေါ့လေးတွေးပြီး သမန်ကာ လျှံကာ ထင်တတ်ကြတယ် …ဆိုလိုတာက ဒီကောင် ဒီလိုလုပ်တာ ငါတို့မှ မဟုတ်ပါဘူး အားလုံးကိုပါ ခင်ဖို့တော့ ကောင်းပေမဲ့ ပေါင်းဖို့ ဘာဖို့ မကောင်းတဲ့လူပါ လို့ အပြောခံရတတ်တယ် … ဒီတော့ ဘယ်လိုလုပ်မလဲ … ဆရာကြီး ဒဂုန်တာရာ ကပြောတယ် … မုန်းသူမရှိ ချစ်သူရှိ တဲ့ … နောက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါ …တဲ့ …ဆိုတဲ့အခါမှာ လူအားလုံးနဲ့ သင့်သင့်မြတ်မြတ်နေကြပါ … နောက် အတတ်နိုင်ဆုံး ဖော်ဖော်ရွေရွေလေး ဆက်ဆံကြပါ ပေါ့နော် … ဒါဆို ကိုယ့်အပေါ်မှာ ငိုကြွေးခြင်း အံသွားခဲ့ကြိတ်ခြင်း ဆိုတဲ့ အမုန်းတွေ ရှိတော့မှာ မဟုတ်ဘဲ သင့်သင့်မြတ်မြတ်နဲ့ ချစ်တဲ့လူတွေပဲ ရှိလာမယ် … ခရစ်ယာန် သမ္မာကျမ်းစာထဲမှာ သခင်ယေရှုခရစ်တော်က “ ရန်သူကို ချစ်ပါ ” အကောင်းဆုံးကတော့ ရန်သူကို ချစ်ဖို့ ပေါ့နော် … ဒါပေမဲ့ လက်တွေ့ကျင့်သုံးနိုင်တဲ့ လူနည်းပါတယ် … နောက် ဗုဒ္ဓကျမ်းတွေထဲမှာ၊ တရားတွေထဲမှာ ဗုဒ္ဓတရားကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ စကားပုံတွေထဲမှာ “ချစ်စကို ရှည်စေ၊ မုန်းစကို ရှည်စေ” …ဒီစကားပုံလေးအရ ကျင့်သုံးရင်တော့ ကောင်းတာပေါ့နော် …ဒါပေမဲ့ လက်တွေ့ကျင့်သုံးဖို့ကျ ခက်နေပြန်တယ် … ဒါကြောင့် လူသုံးများ နှုတ်ခမ်းများရဲ့ ဘူတာကြီး “အတတ်နိုင်ဆုံး ”ပေါ့နော် … ဟုတ်တယ် …အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးယူရမယ် … ရန်သူကိုလည်း ချစ်တတ်အောင် ကြိုးစားရမယ် …ဒါပေမဲ့ ရန်သူကို ခွင့်လွှတ်တတ်အောင်ပဲ ကြိုးစားကြည့်ရင်ကိုပဲ တော်တော်လေးကို ခက်ခဲနေပြီ။ ကြွားတာ မဟုတ်ပါဘူး …ပြောရရင် ကျွန်တော့်ကဗျာကို လူတစ်ယောက်က သူ့ကဗျာလိုလိုနဲ့ ခိုးပြီး အများသုံးဆိုဒ်တစ်ခုမှာ တင်ဖူးတယ် …ဖြစ်ချင်တော့ အဲဒီဆိုဒ်မှာ ကျွန်တော်အဲဒီကဗျာတင်ထားပြီးပြီ…တွေ့တွေ့ ချင်းတော့ အရမ်းဒေါသထွက်တာပေါ့နော် …ဒါပေမဲ့ နောက် အဲဒီလူက ပြန်တောင်းပန်တဲ့အခါ ကျွန်တော်ခွင့်လွှတ်ခဲ့တယ် …ဒါတင်မကဘူး … သူငယ်ချင်းဖြစ်ဖို့တောင် ကမ်းလှမ်းခဲ့ပါသေးတယ် …။ နောက်တော့ ကျွန်တော်စဉ်းစားတယ် …ငါ ဒီလူကို တကယ်လို့ ခွင့်မလွှတ်ဘူးဆိုရင် …ဆိုတဲ့ အတွေးနဲ့။ သူလည်း ကျွန်တော့်ခွင့်လွှတ်မှုကို မရဘဲ တသက်လုံး အဲဒီစိတ်က သေရာပါသွားနိုင်တယ် …ဒါကြောင့် သူ့ဘက်က အကျိုးယုတ်မယ် …(ဒါသူ့ဘက်က) နောက် ကျွန်တော့်ဘက်က ခွင့်လွှတ်လိုက်ရင် သူက ကျွန်တော့်ကို ကျေးဇူးတင်မယ် နောက် လေးစားရင် လေးစားမယ် ..ဆိုတာက ကျွန်တော့်စိတ်ဓာတ်ပေါ့နော် …(လေးစားခံရချင်လို့ လုံးဝခွင့်လွှတ်တယ် လို့ ပြောခဲ့တာ မဟုတ်ဘူး … ကျိန်ဆိုမှုနဲ့ ကျွန်တော့်စကားတည်ရတာထက် ကျွန်တော့်အပေါ် စာဖတ်သူရဲ့ ယုံကြည်မှုကို အရင်းတည်ပြီး ကျွန်တော့်စကားတည်ပါစေ)ဆိုတော့ သူ ကျွန်တော့်ကို (အဲဒီဆိုဒ်မှာ ကျွန်တော့်လို ကဗျာရေးတဲ့လူ အများကြီးလေ) ကဗျာရေးတဲ့လူတွေ အများကြီးထဲမှာမှ သတိထားမိလာပြီး ကျွန်တော့်စာတွေ ဖတ်ပေးလာမယ် … အမာခံပရိသတ်တစ်ယောက်တော့ ရလာမှာပဲ … ဒါက တချက် …နောက်တစ်ချက်က ကျွန်တော်က် ခွင့်မလွှတ်လိုက်ဘူးဆိုရင် တစ်သက်လုံး ဒီခွင့်မလွှတ်ဘူး ဆိုတဲ့ ဝန်ကြီးကို ထမ်းထားရသလို ဖြစ်နေမှာ … ဒါကြောင့် ဒီအတိတ်ကြီးကို သတိရလာမယ် …နောက် ငါဘာလို့ ခွင့်လွှတ်တယ် လို့ မပြောခဲ့တာလဲ သူတောင်းပန်ရဲ့သားနဲ့ ဆိုတဲ့ မေးခွန်းလေးတွေက အနည်းနဲ့အများ စိတ်တစ္ဆေရိုင်းတစ်ကောင်လို ခြောက်လှန့်လာမယ် ဆိုပါတော့ …ဘယ်သူနစ်နာပါသလဲ … နှစ်ယောက်စလုံးပါပဲ … ဒီတော့ ကျွန်တော်ပြောတဲ့ အဓိပ္ပာယ်က အရာအားလုံးကို ပြီးပြီ ဆိုတဲ့ သဘောပိုက်ထား ကြပါ … ခရစ်ယာန်ဘာသာရေးအရပဲကြည့်ကြည့် … ဗုဒ္ဓဘာသာရေးအရပဲကြည့်ကြည့် ဒါဟာ လုံးဝကို တရားနည်းလမ်းကျပါတယ် … ဆန်စင်ရာကျည်ပွေ့လိုက် ဆိုသလို ကျွန်တော့်စကားကို ပြန်ပြောရမယ် ဆိုရင် တရားဆိုတာက အမြဲတမ်းအေးမြ ပါတယ် … အဲဒီအေးမြဖို့က အဲဒီတရားအပေါ် ကိုယ့်ရဲ့ ယုံကြည်မှုအရလည်း မူတည်သေးတယ်(စကားချပ်ပါ)…။ ဆိုတော့ အဖြေကို ကြည့်လိုက်ရင် အဓိက က ရန်သူမရှိဘဲ ချစ်သူခင်သူပဲ ရှိဖို့ … ကိုယ့်ဘက်ကလည်း စိုက်ထုတ်မှုလိုအပ်တယ် … အဲဒီအခါ ကိုယ်က အထက်မှာ ပြောခဲ့ပြီးသလို လူအားလုံးအပေါ် ကောင်းနေရင် (ဦးစားပေး) မရှိဘူးဆိုရင် ကိုယ့်မှာ သူငယ်ချင်းကောင်း (သို့) မိတ်ဆွေကောင်းဆို တာ လုံးဝကို ဖြစ်ပေါ်လာမှာ မဟုတ်ဘူး …ဆိုတော့ ကိုယ်အထီးကျန်လာတဲ့အခါ ဘယ်မှာလဲ ရင်ဖွင့်စရာ …ကဗျာရေးတဲ့ ကျွန်တော့်လို(ကဗျာဆရာမဟုတ်ပါ ကဗျာကို ချစ်၍ ရေးနေခြင်းသာ) လူတွေတောင်မှ ကဗျာဆိုတာ ဘယ်လိုပဲ ရင်ဖွင့်ဖွင့် သက်မဲ့တစ်ခုလို့ ပြောလို့ ရတယ် …ကဲ ..သက်ရှိတစ်ယောက်ကို ပြောချင်လာမှာပဲ …စကားပြောစရာ ရှာလာမှာပဲ … ကိုယ်ပြောရင် ပြန်ပြောစေချင်မှာပဲ … အားပေးစေချင်မှာပဲ … ဒါတောင် အထီးကျန်နေတဲ့အခါမှနော် တခြား အရေးတကြီး သေရေးရှင်ရေး အကူညီလိုအပ်တဲ့အခါကျရင် စဉ်းစားကြည့်ပါ … မိတ်ဆွေကောင်း မရှိရင် … ဘာတွေ ဖြစ်လာမလဲ … ဆေးပညာအရ ကြည့်မယ်ဆိုရင်လည်း ကျွန်တော်လို ၁၅ နှစ်သား ကလေးတောင်မှ တွေးမိတာက အထီးကျန်တဲ့ စိတ်က ကြာလာရင် စိတ္တဇ ဖြစ်လာနိုင်တယ် … ကဲ … အထီးကျန်တဲ့အခါ ခံစားမှုလေးပေါ့နော် …ဒါကြောင့် ကျွန်တော်ပြောလိုတာက ချစ်သူခင်သူ ရှိဖို့ အားလုံးအပေါ်ကောင်းပါ …ဒါပေမဲ့ ဦးစားပေးတော့ ရှိနေပါစေ …အဲဒီဦးစားပေးအပေါ် ပြုသမျှကောင်းမှုတွေကိုလည်း တခြားသူအပေါ် လွယ်လွယ်နဲ့ မပြုမိပါစေနဲ့ … အဲဒီဦးစားပေး ကိုလည်း သူ့ပေါ် ဦးစားပေး အရေးထားကြောင်း ခဏခဏမဟုတ်ဘဲနဲ့ ရံဖန်ရံခါ ပြောပြပေးပါ … ဒီနေရာမှာ ကိုယ်နဲ့စာပြီး နာတတ်တယ် ဆိုတဲ့ စကားအရ ကျွန်တော့်ကို ကျွန်တော် ပြန်တင်ပြပါရစေ …ကျွန်တော်ဟာ (ကြွားတာလုံးဝမဟုတ်ပါဘူး) ရုပ်မချောရင်တောင်မှ အမြဲပြုံးပြုံးရွှင်နဲ့ အပြုံးချိုတတ်တဲ့ လူတစ်ယောက်ပါ … လူတိုင်းကိုလည်း ပြုံးပြုံးလေး ဆက်ဆံတာပေါ့နော် …ဆိုတော့ ပြောချင်တာက လူတွေအားလုံးက ကျွန်တော့်ကို ကြည့်မရတာ မရှိကြဘူး(ခြွင်းချက်အနေနဲ့ – လေကန်ပြီး အတော်မသတ်တတ်တာ တစ်ခုကြောင့်တော့ တခါတလေ သူငယ်ချင်း(အရင်းမဟုတ်ပါ)တွေက မျက်မုန်းကျိုးပြီး ချွတ်တတ်ကြပါတယ်။ ) ဆိုတော့ ကျွန်တော်ဘာလုပ်လဲ … ဦးစားပေး တစ်ယောက်ကိုထားတယ် အရင်တုန်းက နှစ်ယောက် ပဲ။ အခုတော့ အဲဒီတစ်ယောက်က နည်းနည်းအေးတိအေးစက်ဆန်လာတော့ တစ်ယောက်ပေါ့နော် .။ အဲဒီကျွန်တော့်ဦးစားပေးတစ်ယောက်ကို ကျွန်တော်က အထီးကျန်တဲ့အခါ အကူညီလိုတဲ့အခါ စကားပြောချင်တဲ့အခါ စကားတွေ ပြောတယ် ဘာတယ်ပေါ့နော် … ကောင်းလိုက်တာဗျာ …သူကိုယ်တိုင်ကလည်း ကျွန်တော့်ကို သည်းခံတယ် …အားပေးတယ် …သူ့အကောင်းဆုံး သူငယ်ချင်းအဖြစ်လည်း လက်ခံတယ် …(တစ်ခုတော့ ရှိတာပေါ့ အသက် ၈ နှစ်ဝန်းကျင်လောက် ကွာတော့ တခါတလေ စချင်သော်လည်း အကြီးနဲ့ ငယ်စည်းလေးတော့ ထားရတယ်)…ဒါကြောင့် ကျွန်တော်ပြောချင်တာက ဦးစားပေး သူငယ်ချင်း ထားကြပါ …ဆိုလိုတာက အဲဒီဦးစားပေး တစ်ယောက်ကိုပဲ ကောင်းရမယ် လို့ ပြောတာ မဟုတ်ဘူး …လူသားအားလုံးအပေါ် အတတ်နိုင်ဆုံး ကောင်းပြပါ …ဦးစားပေးလည်း ထားကြပါ လို့ သာ ပြောချင်ပါတယ် …ဒီစာကို ရေးတဲ့အခါ အဓိက ရည်ရွယ်ချက်က ကျွန်တော့်ဆိုလိုရင်းကို နားလည်နိုင်ပြီး လိုက်လံကျင့်သုံးနိုင်ဖို့ပဲ … နောက် အကြောက်ဆုံးက ကျွန်တော်မရေးတတ်တာကြောင့် တလွဲတွေးပြီး ကျွန်တော့်စာက အဆိပ် ဖြစ်သွားမှာပဲ … ကလောင်သွားက ဓားသွာထက်ထက်တယ် ဆိုတဲ့အတိုင်း … အဆိပ်တကာ့ အဆိပ်ထဲမှာ စာပေအဆိပ်က ရှင်လျက်နဲ့ အသံတိတ်လူကို နှိပ်စက်ညင်းပန်း တဲ့နည်းပဲ …ကြောက်စရာကောင်းဆုံး အဆိပ်ပေါ့နော် … ဒါကြောင့် ဒီစာလေး စာပေအဆိပ် မဖြစ်ပါစေနဲ့ ဆုတောင်းရင်းကိုယ်နဲ့ စာပြီး အားပေးလိုက်ပါတယ် ခင်ဗျာ …
ဖတ်ရှုသူတိုင်း အဆုံးထိဖတ်ပေးတဲ့ အတွက်ကြောင့် ကျေးဇူးတင်ပါတယ် …

သဘောပေါက်နိုင်ကြပါစေ …
လျံနိုး