နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Thursday, June 24, 2010

``ကွဲကြေခြင်း သီအိုရီ´´

အလွမ်းနေမ၀င်သေးခင်အထိ ...
ငါဟာ ...
အချစ်ကို ကပိုကသီဝတ်ဆင်အလှပြင်ထား သူ ...

သူ့နှုတ်က ဖိတ်စင်လျှံကျလာသမျှ ...
ဆိုင်ဆိုင်မြိုင်မြိုင် ရယ်သံတီးလုံးတွေအောက်မှာ ...
ရှုသူမရှိဘဲ ကပြယောင်တမ်း သူ ...

ကောင်းကင်မရှိတဲ့ မိုးတိမ်တွေဆီ ...
ကျရှုံးပြိုလဲ နေကြောင်း ...
ကောင်မလေး သိပါ ...
မျက်ရည်တွေ ရှိုက်ကြီးတငင် အကြောင်းပြချက်မဲ့
ရွာချနေတာ ...
တီးတိုးရွတ်ဆိုမိ သူ ...

နှင်းဆီဆူးလို ချိုမြိန်ခြင်း နှုတ်ခမ်းပါးလေးနဲ့ အဆိပ်သင့် သူ ...

နေမ၀င် တမ်းတမှုအင်ပါယာနဲ့ ...
သုံးပန်းဖြစ်နေမှန်းတော့ မသိဘဲ ...
ကိုယ် တကောကော ...
ချစ်တယ် ... ဆိုတဲ့ စကား တသွင်သွင် ပြောတတ် သူ ...
တကယ်တော့ ...
ကောင်မလေး နေမ၀င်ခင် ကျရှုံးသင့်တာက ငါ ပါ ...
(ဒါပေမဲ့)
ငါ့မှာ ကောင်းကင်မရှိတာ ...
ဒိုင်ယာရီတွေ အရွက်လိုက် အလိပ်လိုက် ...
ကွာကျပျောက်ရှသွားသလိုပ ...
....................................
အဆုံးမှာတော့ ...
ပြက္ခဒိန်တွေထဲက ``အထီးကျန်ခြင်း´´ ... ဆိုတဲ့
စကားလုံးတွေ အစိုင်အခဲဆန်လာခဲ့ ...

ခပ်ယဲ့ယဲ့ ပူပြင်းစပ်လောင်ခြင်းတွေထဲ ...
နေခုနစ်စင်းကို လက်သင့်ခံထားရတာ ...
အရင်က ခင်မင်ခဲ့တဲ့ ...
ဆောင်းပျိုအလင်းတွေကို အားနာတယ် ...

တကယ်တော့ ...
ကောင်မလေးရယ် ...
ငါလေ ...
(အရာအားလုံး)
တစ်စစီကွဲကြေနေတယ် ...

Wednesday, June 23, 2010

လျှို့ဝှက်သည်းဖိုဆန်ဆန် မိန်းမတစ်ယောက်အား ဖတ်ရှုခြင်း

လျှို့ဝှက်သည်းဖို ဆန်တဲ့မိန်းမ …
ငါ့ကောင်းကင်ကို ဟားတိုက်ဝတ်ဆင်ထားတယ် …
ငါ့မှာတော့ …
အသက်ရှုသံတွေ ပင့်လိုက် ရှိုက်ခိုက်နဲ့
အပင့်အရှိုက်တိုင်းမှာ စက္ကန့်လေးတွေနဲ့ အတူ …
မင်း အပြုံးတွေရဲ့ အဓိပ္ပာယ်ကို ဖွေရှာတယ် …

မင်းရဲ့ အနံ့အသက်တွေမှာတောင်မှ …
? ဆိုတာ အမြဲတမ်းရှိတယ် …
တကယ်တော့ မင်းကို ချစ်မိတာဟာ …
ငါဘ၀မှာ ကိုယ့်စကားကို ပြန်မျိုချရတဲ့ အဖြစ်မျိုး …

…………………………………..
မင်းအပြုံးတွေမှာ ရူးသွပ်ခြင်းတွေပါတယ် …
ကြောင်စီစီဖြစ်ခြင်းတွေ ပါတယ် …
ရယ်မောခြင်းတွေ ပါတယ် …
ငူတူတူဖြစ်ချင်းတွေ ပါတယ် …
ငိုယိုမျက်စပ်ခြင်းတွေ ပါတယ် …
အားလုံးပါပဲ …
မင်း ငါ့အာရုံထဲမှာ မီးဖွားသန့်စင်တဲ့နေ့တွေက စလို့ …
ငါသိလာတာက …
မင်းမှာ အဓိပ္ပာယ်ပေါင်း သန်းပေါင်းများစွာရှိတယ် …
ဘာသာစကားပေါင်း သန်းပေါင်းများစွာကို သိုသိပ်လျှို့ဝှက်ထားတယ် …
…………………………………………
မင်းကို ဖတ်နေရတာ …
အာရုံငါးပါးစလုံး နေ့တိုင်းမောရတယ် …
မိနစ်တိုင်းဟာ မင်း အကြည့်လေးတွေရဲ့ အဓိပ္ပာယ်ကို မှန်းဆမှုနဲ့ …
လွဲချော်မှုလှလှလေးတွေကို ဖြတ်သန်းလွဲချော်ရှပ်သီသွားတယ် …
မင်း အနား ငါခစားလို့ ….
တစက္ကန့်လေးပဲ ငါပြုံးနေခဲ့ရင်တောင်မှ …
ငါ့ရင်ခုန်သံတွေရဲ့ လွဲချော်မှုတွေ မင်း အာရုံတွေမှာ
လွတ်ချနေတယ် … ဆိုတာ
မင်း နားလည် …

? ? ? ? ? ? ? ?
? ? ? ? ? ?
? ? ? ? ? ? ? ?
? ? ? ? ? ?
ငါ ဘယ်မှာလဲ ….
ဘယ်မှာလဲ ငါ ….
မင်းကြောင့် ? တွေထဲမှာ …
ငါ ရွာလည်တယ် …

တောက် !!!!!!!!!!!
မီးခိုးတွေ ဝေတဲ့ မျက်ရည် မျက်ခုန်းတွေ …
မေးခွန်းဆန်တယ် …
မင်း မှတ်ထားပါ …
မေးခွန်းဆိုတာ ဖတ်တတ်မှ …
အချစ်ဆိုတာ ချစ်တတ်မှ …
အဖြေတွေ့တယ် …တဲ့ …။….
မင်းကိုငါ ချစ်တတ်ခဲ့တာ …
ငါ့ မျက်စိရှေ့မှာတင် သွေးယိုနွေအိုတွေ ပြန်ပြန်နုပျိုမျစ်နုလာတာ ….
ဆောင်းပျိုလင်းညိုတွေ အိုမင်းရင့်ရော်လာတာ …
နားလည်စမ်းပါ …
မင်း အပေါ် အချိန်ကာလနဲ့ တကွ …
ဘယ်လောက်ချစ်ခဲ့လဲ ဆိုတာ …
ဒါပေမဲ့ အခုချိန်ထိ မင်းရဲ့ တခါပြုံးလေးကိုတောင်မှ …
အဖြေရှာမတွေ့ဘူး …

………………………………
ချစ်တတ်တဲ့ …
ဒီ နွေလို သတ္တ၀ါကောင် …
နေခုနစ်စင်းနဲ့ မီးလောင်သန့်စင်မယ် …

အိနြေ္ဒရှင်

ကြုံတောင့်ကြုံခဲမနက်ခင်းတစ်ခု ...
ယဲ့ယဲ့လေး သူ ပြုံးခဲ့ ...
သွားထက်လေး ...
ကျွန်တော့်အာရုံထဲ ထွက်ပေါ်လာတာနဲ့ တပြိုင်နက် ...
ဦးဏှောက်ထဲ ? တစ်ခု ကစုန်ပြေးပေါက်ရောက်ချလာတယ် ....

... ? ...

သိက္ခာတွေအောက်မှာ အလံဖြူတွေသာ ....
ရက်ရက်ရောရော လွှင့်ထူရင်း ...
ရင်ခုန်သံတွေဟာ တစ်ကောင်ကြွက်တစ်ကောင် ရဲ့ ...
လာသူမဲ့ ... ခိုသူမဲ့ ...
မြေပုံဟောင်းတစ်ခုလို ...
ဆွေးမြေ့ဟောင်းနွမ်းအထီးကျန်တာ ...
... ဪ ...
ကြာပြီပေါ့လေ ...
...................................
ဒီရင်ခွင်ဟာလည်း ...
မိုးငတ်လယ်ပြင်တစ်ပြင်လို ၀ုန်းဒိုင်းကြဲ
ခြောက်သွေ့ပေါက်ကွဲနေပါပြီ ...
.......................................
..................................
အာရုံတွေမှာ ...
အိနြေ္ဒတွေသာ မရှိခဲ့ရင် ....

Thursday, June 17, 2010

ကဗျာတွေ ရှိနေသေးသ၍တော့

မိန်းမပျိုလေးရေ …
ကဗျာတွေ ရှိနေသ၍
မင်း ဟာ ငါ နဲ့ …
လုံးဝအချိတ်အဆက်မဲ့မှာ မဟုတ်ဘူး …

နောက် …
ကဗျာတွေ ရှိနေသေးသ၍လည်း
မင်းငါ့နှလုံးသားကို …
ဘယ်လိုခွဲခွဲ ကွဲမှာမဟုတ်ဘူး …
? ? ? —–
မင်း ငါ့နှလုံးသားမှာ …
မမွေးဖွားခင်ကတည်းက …
ငါ ဟာ …
ကဗျာတွေမှာ ကွဲကြေပြဲစင် … ခဲ့ပြီးလို့ပဲ …
(၂)
ငါ့ခြေထောက်တွေ အမေမွေးကတည်းက အတိုင်းပဲ …
မပြောင်းလဲဘူး … နှစ်ချောင်းထဲ …
လမ်းပေါ်မှာလည်း …
တစ်စက္ကန့်ကို ခြေသံတစ်ခါထက် ပိုမသွားဘူး …
ရင်ခုန်သံတွေ အဖော်မရှိဘူး …
အာရုံတွေ အထီးကျန်လျက် … ပဲ …

ဒါပေမဲ့ …
မိန်းမပျိုလေးရေ မင်း မှတ်ထား …
ကဗျာတွေ ရှိနေသေးသ၍တော့ …
စကားလုံးတွေက
“ တစ်ယောက်တည်းပဲ ”
“အစစ်အမှန်” ကို လှစ်ပြရမယ် …ဆိုရင်တော့ …
“သိုက်မြုံစည်ကားခြင်း”
… ပါ ပဲ …။

Tuesday, June 15, 2010

သူ့ဘဝ

မီးဟုန်းတတောက်တော့ သေဆုံးငြိမ်းအေးသွားပြီ ...
......................................
တစ်နေ့ ...
သူ့ခေါ်သံနောက် သဲ့သဲ့ငါ ...
ကြားလိုက်တယ် ...
“ ရှဲ ...”

ပြီးဆုံးသွားပါပြီ

ပြီးဆုံးသွားပါပြီ ...
သူနဲ့ ပတ်သက်သမျှ ရယ်သံတစလေးတောင်
မကျန်ရှိဘဲ ...
အရာအားလုံး ပြီးဆုံးသွားပြီ ...
သူ့နာမည်လည်း ပြည့်ဖုံးကား ချလိုက်ပါပြီ ...
(၂)
ဦးတည်ရာမဲ့ သူ့ခရီးစဉ်အတွက်တော့ ...
အဆုံးစွန် လမ်းခွဲလေးထိ လိုက်ပို့မယ့် သူတွေက ...
မျက်ရည်တံခါးများကို ဆောက်လုပ်လျက် ...
သူ့အပေါ် အကြည့်အာရုံတွေကို ဖြန့်ကြဲထားကြတယ် ...
သူ ...
အခုတော့ ငြိမ်သက်လို့ ...
သူ ...
မနေ့ကတော့ စကားတွေ ဖောင်ဖွဲ့လို့ ...
စကားလုံးတွေ ဟောင်ဖွာ ဟောင်ဖွာ လွှတ်ထုတ်လို့ ...
(၃)
အခုတော့ သူ့နာမည်တစ်ခု လူတွေရဲ့ ပါးစပ်ဖျားကလွဲလို့ ...
ပြီးဆုံးသွားပြီ ...
လေပြည်တွေကို လိုက်ခိုကာ ...
သူ ...
ပျောက်ဆုံးခြင်းတွေနဲ့ အတူ လွင့်ပါသွားပြီ ...
(လမ်းခရီးတွေဟာ အထီးကျန်ဆန်လာခဲ့ ...
ခြေလှမ်းတွေ တစထက် တစ လှိုဏ်ခေါင်းကျယ်ဆန်လာခဲ့ ...
သွေးစိမ့်တဲ့ ပဲ့တင်သံတွေနဲ့ ...
အာရုံတွေထဲ ခြေသံဟာ ခါတိုင်းထက် ပိုကျယ်တယ် ...)
(၄)
မနေ့တနေ့တွေက ...
မမျှော်လင့်ခြင်းတွေနဲ့ (ဘဝတွေထဲ)ဆိုက်ရောက်လာခြင်းကို
ဘုရားသခင် လှစ်ဟပြတယ် ...
ပျော်မွေ့စေတယ် ...
အခုတော့ ...
ဘုရားသခင်ကိုယ်တိုင်ကပဲ ကျွမ်းကျင်စွာ ...
သူ့လက်တစ်ဖက်နဲ့ပဲ မျက်လှည့်တစ်ကွက်ကို
ပြသလိုက်ပြီ ...
ငါ့အတွက်တော့ ...
သက်ပြင်းတစ်စုံနဲ့ မျက်ရည်မြစ်ကြီးကို ထုတ်လုပ်ပေးရတာလောက် ...
မောဟိုက်တာ မရှိဘူး ...
သူ့ကြောင့် ...
ငါ့အရှိုက်သံတွေ ပြင်းထန်စူးရှခါးသီးတယ် ...
ပါးတွေလည်း စိုစွတ်နေပါပြီ ...
ပြီးခဲ့တာတွေလည်း ...
........ပြီးပြီ.......
........ပြီးပြီ.......
ပြီးပြီ ..............
သူလည်း အပြီး ....
ကိုယ်လည်း အညည်းပဲ ...
ကဲ ...
သူကတော့ တကယ် ...
ပြီးပြီ ...။..။။။။
(၅)
သူနဲ့ ဆိုင်တဲ့ ဇာတ်လမ်း ...
နောက်တစ်ခန်းဆိုတာ မရှိတော့ပါကြောင်း ...

Monday, June 14, 2010

မိုးကြိုးလို လူများ

ဗီးနပ်စ်ရဲ့ သွေးသား သမီးပျိုလေးရေ ...

ငါလေ ...
တခါတလေ နှုတ်ခမ်းပါးလေးတွေပေါ်
အပေါ်ယံသာစိုက်ကြဲကြတဲ့ ခင်မင်မှုအကြောင်း ...
အတွေးလေဟပ်မိရဲ့ ...

အချစ်ဆိုတဲ့ မင်းကိုတော့ ...
သူတို့ တွင်တွင်သုံးကြတယ် ...
သူတို့ နှုတ်ခမ်းပါးလေးတွေမှာတင် ...
ခင်မင်မှုတွေက ရင့်မှည့်နေပြီ ...
ဟားးးဟားးး....
တကယ်တော့လေ ...
အုတ်ဂူဆန်တဲ့ သူတို့ရဲ့ ရယ်သံတွေက ...
အုတ်ဂူဆန်တဲ့ သူတို့စကားလုံးတွေက ...
အုတ်ဂူဆန်တဲ့ သူတို့အပြုံးတွေက ...
ပုတ်သိုးနေတဲ့ သူတို့နှလုံးသားကိုတော့ ကာရံဖို့ ...
အယူခံဖို့ လုံလောက်ကဗျာဆန်ပါတယ် ...
ဖြူစင်သန့်ရှင်းပါတယ် ...
ဒီအတွက်လည်း သူတို့တွေဟာ ...
အုတ်ဂူလို ဖြူစင်နေပါတယ် ...
ဒါပေမဲ့ အုတ်ဂူတချပ်လို အထဲမှာ ...
လမိုက်ညတွေ ပြည့်သိပ်နေမှန်း ဘယ်သူမှ ...
ဂရုမပြုမိကြပါဘူး ...

ကောင်မလေး ...
ယုဒအနမ်းလေးလေ ...
မင်း မှတ်မိဦးမယ် ထင်တယ် ...
ခရစ်တော်ရဲ့ ပါးပြင်ပေါ် အညင်အသာပဲ
သူ ခုတ်ချခဲ့တယ် ...
ချိုမြိန်ကောင်း ချိုမြိန်မှာပါ ...
နှုတ်ခမ်းပါးလေးပေါ် ပျားရည်တွေ
အထပ်ထပ်သုံးလိမ်းစရာမလိုတော့အောင် ...
ကောက်ကျစ်တဲ့ အပြုံးနဲ့ အနမ်းဟာ သူ့အလိုလို ...
ချိုမြိန်ပြီးသား ...

(၂)
နဖူးပေါ်မှာ စာတန်းလေးတော့ ...
သူတို့ တင်ထားတယ် ...
“ကြိုဆိုပါသည်”
...... တဲ့ ...
ငါတို့ရဲ့ အဖိုးတန်တဲ့ ဝိဥာဉ်တွေကို
နုတ်ယူဖို့ ...
ငါတို့ဆီက ငါတို့ ကိုယ်စီ ပိုင်ဆိုင်တဲ့
ရတနာသိုက်တွေကို တူးဖော်ဖို့ ...
သူတို့ အပြုံးတွေထဲမှာ လက်နက်တွေ ဝှက်ထားတယ် ...
ဆူးတွေ ခင်းထားတယ် ငါတို့တွေ သေဖို့ ...
ကောင်မလေး မင်းသိလား ...
ငါတို့ဟာ ...
တခါတလေ မိုးတိမ်တွေပေါ် လမ်းလျှောက်နေရတာနဲ့ တူတယ် ...
လို့ ...
ပါးလွားတယ် ကွာ ...
မတည်မြဲမှန်းတော့ မသိကြဘူး ...
အပြုံးလို့ ဘွဲ့ပေးထားကြတဲ့ လေပြေလေးတွေနဲ့ ...
နူးညံ့မွှေးပျံ့တဲ့ ငါတို့ ရနံ့လေးတွေ သူတို့ စုပ်ယူလို့ အပြီးမှာ ...
ငါတို့ နင်းထားတဲ့ တိမ်လွှာတွေ ...
သူတို့ စနက်နဲ့ သူတို့ ဖြိုဖျက်ကြမယ် ...
ဖြစ်ခြင်း ပျက်ခြင်း သီအိုရီ တစ်ခုလို ...
အသေအချာ သိနေတဲ့
သီအိုရီ တစ်ခု ... လို့ မှတ်ယူထားလိုက် ကောင်မလေးရေ ...
(၃)
နောက်ဆုံးတော့ ...
ကောင်မလေးရယ် ...
သေချာစွာ ဖြူစင်စွာ
နှစ်ခုပဲ ငါတို့ ဘေးနားကျန်ခဲ့တယ် ...
ကဗျာ ရယ် ...
တစ်ယောက်ဘေးနား ...
တစ်ယောက် ရှိတယ် ... ဆိုတဲ့ အသိရယ် ...။ ...
ဒီတော့ မင်းဝိဥာဉ်ကို ...
အဆိပ်ဓားသွား နှုတ်ခမ်းပါးတွေနဲ့ ဝေးရာ ...
ထုဆစ်ထားလိုက်ပါ ...။...