မော်ဒန်ဓားသွားတွေ
ပလူပျံနေတဲ့ကြားမှာ ငါ တစ်ယောက်တည်း
ဂန္ဓ၀င်တေးသွား သွေးနေလို့ မရတော့ဘူး ...
မော်ဒန်ဖြစ်အောင် ...
ဂျင်းဘောင်းဘီဝတ်ရမယ် ...
အီမိုစတိုင်လ်တွေ လေ့လာရမယ် ...
အင်္ကျီကို နှစ်ဖက်လှမဟုတ်ဘဲ ပြောင်းပြန်ဝတ်ရမယ် ...
မိန်းမဆန်ဆန် မိတ်ကပ်တွေ နည်းနည်းလူးရမယ် ...
နေမင်းကြီးကို အိပ်မက်ထဲ ခပ်ချပ်ချပ်လေး ထည့်ထားရမယ် ...
မသော်တာကို ပစ်ပစ်နှစ်နှစ် ပယ်ပယ်နှယ်နှယ် ဆဲရေးတိုင်းထွာရမယ် ...
စကားလုံးတွေကို အားဆေးတိုက်ရမယ် ...
မှော်ဆရာကို စေလိုရာစေ နှဖားကြိုးတပ်ခိုင်းစေတတ်ရမယ် ...
မိုနာလီဇာဆီက သွေးမျက်ရည်တွေ ချူညစ်ယူရမယ် ...
လီယိုနာဒိုဒါဗင်ချီကို မသော်တာပုံဆွဲခိုင်းရမယ် ...
ဆက်လက်ပြီး ...
အာဒံကို မသော်တာဆီ လူပျိုလှည့်ခိုင်းပြီး
ဧ၀ကို သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းသင်းဆက်ဆံရမယ် ...
ဆူးခက်မင်း တို့ အနတ္တအနော်မာ တို့ ဆီကနေ LP အကြောင်း တီးခေါက်ယူရမယ် ...
ဟိုးအရင်တုန်းက
ပြားခဲ့တဲ့ ကမ္ဘာကြီးက အခုတော့ လုံးဝန်းသွားပါပြီ ...
ဟိုးအရင်တုန်းက
လူရာမ၀င်တဲ့ မော်ဒန်စတိုင်တွေ အခုတွင်ကျယ်သွားပြီ ...
ဒါဝင်ရဲ့ အဆင့်ဆင့်ပြောင်းလဲလာတဲ့
နိယာမထဲမှာတော့ လူ နဲ့ မျောက် မအပ်စပ်မိတာတော့ အမှန်ပဲ ...
တိရစ္ဆာန်ကို ဘိုးအေခေါ်ဖို့
ကျွန်တော်တို့ ဦးဏှောက်တွေက ရာစုနှစ်ကြိုပြေးနေတော့
ဘယ်လိုမှ လက်မခံနိုင်ဘူး ...
နီရိုးဘုရင်ကြီးရဲ့ သာမန်တယောလက်သံဟာ
ကမ္ဘာကျော်အောင် စွမ်းဆောင်နိုင်ခဲ့တာ မဟုတ်ပါဘူး ...
ပတ်ဝန်းကျင်က အရှိန်ကောင်းခဲ့တဲ့ မီးခိုးမီးလျှံတွေကြောင့်ပါ ...
တိုင်းနယ်ဘောလုံးသမားရဲ့သား ကမ္ဘာကျော်ဘောလုံးသမား
ဒေးဗစ်ဘက်ခမ်းကိုပဲ ကြည့်လေ ...
တံငါနားနီး တံငါ ကွဲ့ ... မုဆိုးနားနီး မုဆိုး ဟဲ့ ...
ပတ်ဝန်းကျင်က လူပဲ ...
လူကတော့ ပတ်ဝန်းကျင်မဟုတ်ဘူး ...
အရာအားလုံး သူ့သဘောသူဆောင်ပြီး
ကြည့်ကောင်းပါတယ် ...
ငါ့တိုင်ကပ်နာရီကြီးလည်း ပြေးလွှားနေရင်းပေါ့လေ ...
လျံနိုး
နိုဝင်ဘာ ၂၅၊ ၂၀၁၀
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, November 24, 2010
``တူးခါးခါးနေ့ရက်စွဲ´´
မနေ့ညက အိပ်မက်ထဲမှာ ...
ဒီနေ့ နေ့စွဲကို ကြည့်လိုက်တော့
ပြက္ခဒိန်ပေါ်ကနေ မျက်ရည်တွေ ယိုစိမ့်ထွက်ကျနေခဲ့တယ် ...
ဒီလိုနဲ့ အဲဒီညကို တူးခါးစွာ ဆက်လက်ငုံခဲထားလိုက်ပြီး ...
ခေါင်းတလားဆန်ဆန် အထီးကျန်ဆိတ်သုန်းတဲ့
နှုတ်ဆက်ခွဲခွာမှုမှာ စကားလုံးတွေ လစ်ဟာလျက် ပြီးဆုံးသွားခဲ့ ...
ကောင်းကင်ကို တိုင်တည်ပြီး ငိုချင်း ချလိုက်ပါတယ် ...
မြေကြီးကို တိုင်တည်ပြီး ငိုချင်း ချလိုက်ပါတယ် ...
ဆံဖျားပန် စံပယ်နံ့လေး မထွက်ခွာခင်မှာ
မျက်ဝန်းထဲက ပြည့်စုံတဲ့ အကြည့်တွေနဲ့
စကားလုံးပေါင်းထောင်သောင်းများစွာ
ရေးဖွဲ့သွားပါတယ် ...လို့ ...
ဂွဒ်ဘိုင်း ဆိုပြီး ဥဩသံတိုလေးဆွဲအော်ထားဆဲ
ဘရိတ်မပါတဲ့ ခြေသံတွေဟာ
နွေခေါင်ခေါင်မိုးကြိုးပစ်သလို စူးခါးတယ် ...
ဒီလိုနဲ့ပဲ ခြေရာသံလေးတွေကို
မီးတောက်မီးလျှံတွေကြားက ကမ္ဘာကျော်အမှတ်တရကြီးဖြစ်တဲ့
နီရိုးဘုရင်ကြီးရဲ့ တယောလက်သံတွေလို ပြက္ခဒိန်အဆက်ဆက်
အုပ်အုပ်လွင်လွင် ကြားနေရတုန်းပဲ ...
ဒါပါပဲ ကောင်မလေး ...
အောက်တိုဘာနေ့ရက်တွေ ခါးတူးလည်း နိုဝင်ဘာထိ ဆက်သောက်မယ် ...
ဒီဇင်ဘာထိ ဆက်သောက်မယ် ...
ဇန်န၀ါရီထိ ဆက်သောက်မယ် ...
ဖေဖော်ဝါရီထိ ဆက်သောက်မယ် ...
.......... ဆို ...............
........ ဆို .........
....... ဆို ....
. သေတဲ့အထိ တရှိုက်မက်မက်သောက်သုံးသွားမယ် ...
လျံနိုး
နိုဝင်ဘာ ၂၃၊ ၂၀၁၀

Thursday, November 18, 2010
``ချစ်ကြပြီးတဲ့နောက်မှာ ...´´
မနက်ဖြန်ရဲ့ အတိတ်တွေမှာ
အိပ်မက်တို့ ခါးတူးသေဆုံးခဲ့ပြီးပါပြီ ...
သုည တစ်လုံးကို ဆုပ်ကိုင်ထားရင်း
မတော်တဆကျဆုံးကွဲကြေစေသွားတဲ့ အဖြစ်က
အဖေပြောဖူးတဲ့ ``လုံးဝကို အသုံးမကျဘူး´´ ဆိုတဲ့စကားကို
ပီပီပြင်ပြင် အသက်ဝင်လာစေခဲ့ ...
မည်းညစ်ညစ်ရင်ခုန်မှုတွေကို ပြက္ခဒိန်ချပ်ပေါင်းများစွာထဲ
ပြွတ်သိပ်ထည့်ရင်း ...
ကာလနဂါးဟာ အိုမင်းသေဆုံးသွားခဲ့ပြီး
လဆုတ်လကွယ်တို့ လှည့်ပတ်လွင့်မျောခဲ့ပေမဲ့
အသုံးမကျတဲ့ တစ်နေရာမှာ ငါ တစ်ယောက်တည်း
ဖင်သေ နေခဲ့တယ် ...
လက်ရှိအနေနဲ့ တစုံတခုကို
မိမိရရ ဆုပ်ကိုင်ထားဖို့ အမေမွေးထားတဲ့
လက်နှစ်ဖက်ပျောက်ဆုံးနေလို့ ကဗျာတပုဒ်တောင်
အရေးမဖြောင့်တော့ဘူး ...
ကျွန်တော့်ကိုယ်ခန္ဓာကြီးကတော့
ဆောင်းဝင်လို့ ချမ်းတုန်နေတတ်ခဲ့ပြီ အမေ ...
မနောစိတ်တို့ကတော့ ချွေးစက်ပေါင်းများစွာနဲ့
အိုက်စပ်နေတတ်ပြီး မီးမလာတဲ့ ရန်ကုန်မြို့မှာ ယပ်တောင်လေးများ
တွေ့လေမလား လိုက်ရှာနေမိတတ်ပါတယ် အမေ ...
ဒီလိုပါ အမေ ...
ကျွန်တော် အသံမထွက်နိုင်တဲ့ စကားလုံးတို့ရဲ့ နောက်ကွယ်မှာ
သင်္ကေတပေါင်းများစွာ ရှိပါတယ် ... လို့ ...
:(
:)
;)
<3
:'(
Bye ...

Thursday, October 7, 2010
``ဘ၀ဋီကာ´´
ဒီမှာ လူကြီးမင်းများ ...
ငါဟာ ဘာမှမဟုတ်တဲ့အတွက်
ခင်ဗျားတို့ရဲ့ ပရမ်းပတာဥပဒေနဲ့ ငါ့လွတ်လပ်မှုကို
တရားစွဲဆိုစရာမလိုဘူး ...
ငါ့လွတ်လပ်မှုနဲ့ ငါ
မီးစာမကုန်ခမ်းသေးတဲ့ နေမင်းကြီးကို
ကောင်းကင်ထက်ထွန်းညှိထားတယ် ...
ငါ့လွတ်လပ်မှုနဲ့ ငါ
မာသာထရီဆာလို မိဘမဲ့နေတဲ့ မြန်မာပြည်သူပြည်သားတွေကို
နှလုံးသားနဲ့ ချစ်တယ် ...
တလက်စတည်း ငါ့လွတ်လပ်မှုနဲ့ပဲ
သူတို့ကို ပြုစုပျိုးထောင်သွားမယ် ... လို့ စိတ်ကူးတယ် ...
ကဲ ... ထားပါ ...
အခုလောလောဆယ်တော့ ငါ့နှုတ်ခမ်းများကို
သွေ့ခြောက်ခွင့်ပေးကြပါဦး ...
သွေ့ခြောက်တဲ့ ငါ့နှုတ်ခမ်းနဲ့ ကဗျာစမ်းရေကို သောက်တဲ့အခါ
ငါဟာ နတ်ပြည်က အအေးဆိုင်တစ်ဆိုင်မှာပဲ ...
- - - - - - - - - - - - - - - - - - -
- - - - - - - - - - - - - - - - - - -
ငါ့ လွတ်လပ်မှု နဲ့ ငါ
သထုံမြို့ဟောင်းက ကောင်မလေးကို လွမ်းတယ် ...
သရေခေတ္တရာက အကြော်သည်ကို အိပ်မက်မက်တယ် ...
တကောင်းမြို့ဟောင်းက ဗမာစကားသိပ်မပီတဲ့လူကြီးကို စကားလှမ်းပြောတယ် ...
ဒါတွေ အားလုံးဟာ ခင်ဗျားတို့အားလုံးနဲ့ လားလားမျှမသက်ဆိုင်တဲ့
ငါ့လွတ်လပ်မှုတွေပဲ ...
လူလွတ်လပ်မှ စိတ်လွတ်လပ်မယ် ...
စိတ်လွတ်လပ်မှ အတွေးအခေါ်တွေ လွတ်လပ်မယ် ...
အတွေးအခေါ်လွတ်လပ်မှ ခြေလှမ်းတွေ လွတ်လပ်မယ် ...
ခြေလှမ်းတွေ လွတ်လပ်မှ အနာဂတ်တွေ လွပ်လပ်မယ် ...
အနာဂတ်တွေ လွတ်လပ်မှ ငါတို့ရဲ့ မိဘတွေ အသက်ပြန်ရှင်မယ် ...
ဒါပေမဲ့ တခုတော့ရှိတယ် ...
ခင်ဗျားတို့လွတ်လပ်မှုနဲ့ ကျွန်တော့်လွတ်လပ်မှုမှာ လေးစားမှုတော့ ရှိပါစေ ...
လျံနိုး
အောက်တိုဘာ ၇ ည ၁၀ နာရီ ၃၆ မိနစ်

Monday, October 4, 2010
“အာလဖ နဲ့ ဩမေဃ”
ကျေးဇူးပြုပြီး …
နာကျင်မှု ဟောက်သံတွေကို
အဆုံးစွန်ထိ အသံချဲ့ပေးကြပါ …
ကာလသူတောင်းစားတွေက တဖြည်းဖြည်းချင်း
ကြီးထွားလာတာမို့ …
- – - – - – - – - – - – - – - – - – - – - – -
- – - – - – - – - – - – - – - – - – - – - – -
လသားကလေး တစ်ယောက်အနေနဲ့
တခါတလေ ကိုယ့်တွန်းလှည်းကိုယ်
ထမ်းပြေးရတဲ့အချိန်တွေရှိတယ် …
ဘာဖြစ်လို့လဲ ?
ငါဟာ မြန်မာပြည်သားတစ်ယောက်ဖြစ်တယ် …
တောတွင်းသားလေး ငါ ပေါ့ …
သွေးပင်လယ်တွေကြား ခြေထောက်တွေ
ပွန်းကြေနေအောင် လျှောက်ရတဲ့အခါတွေလည်း ရှိပါ့ …
ခြေပစ်လက်ပစ် ဒရောသောပါးပြေးနေရတဲ့အချိန်တွေလည်း ရှိပါ့ …
- – - – - – - – - – - – - – - – - – - – - – - -
– – - — – - – - – - – - – - – - – - – - – - –
ငါဟာ ဆွတ်စိုပြီးသားဖြစ်တဲ့အတွက်
မျက်ရည်တွေကို အပုံးလိုက် အခွက်လိုက်
ဗွမ်းဗွမ်းကြဲလောင်းချကြပါ …
လောင်းချပေးကြပါ …
- – - – - – - – - – - – - – - – - – - – - – - – - -
ကမ္ဘာကြီးရဲ့ နောက်ဆုံးချိန်မရောက်သေးခင် …
နောက်ဆုံးအနေနဲ့ တခွန်းစကားလေးကို …
ခုနစ်ကမ္ဘာကြား၊ ရှစ်ကမ္ဘာကြားအောင် အော်လိုက်မယ် …
“အချစ်”
……………………………………………..
အာလဖ နဲ့ ဩမေဃ ဆိုတာ အစ နဲ့ အဆုံး ဖြစ်ပြီး
ဂရိဘာသာစကားကနေ လာတာပါ …(မသိသေးသူများအတွက်)
လောကမှာ အချစ်က ကမ္ဘာကြီးကို စခဲ့တာဖြစ်ပြီး အချစ်ကပဲ ကမ္ဘာကြီးကို
အဆုံးသတ်သွားမှာ ဖြစ်ပါတယ် … ဘာ ဘာသာရေးမှ မပါ ပါဘူး …
ကောင်လေး နဲ့ ကောင်မလေး ချစ် တယ် … နောက် ညားတယ် …
ကလေး မွေးတယ် … နောက် မွေးတယ် မွေးတယ် …
လောကမှာ အချစ်ငတ်တဲ့လူတွေဟာ ကံအဆိုးဆုံးလူတွေပါ …
ဒါကြောင့် …
ချစ်ပေးကြပါ အချင်းချင်း …

Thursday, September 23, 2010
``ဘ၀စည်းဝါး´´(သို့)``တစ်´´
တ ခါ တ လေ က န္တာ ရ ကို အ လည် ရောက် သွား တဲ့ အ ခါ …
ကိုယ် ကို ကိုယ် အ ငမ်း မ ရ ပြန် သောက် သုံး တယ် …
တ ခါ တ လေ ရာ ဇ ၀င် ထဲ မျက် စိ လည် သွား တဲ့ အ ခါ …
ကိုယ့် ကို ကိုယ် အား မ နာ တမ်း ပြန် သတ် တယ် …
ဂီ တာ တစ် လက် ကို အ လေး ဆုံး အ ရာ တခု လို့ ထင် မိ တဲ့ အ ခါ …
ကိုယ့် ကို ကိုယ် ချို မြိန် စွာ တီး ကာ ညည်း နေ တတ် လေ့ ရှိ တယ် …
အ ပြည့် ၀ ဆုံး လ ရောင် အောက် မှာ လမ်း ထွက် လျှောက် တဲ့ အ ခါ …
က ဗျာ တ ပုဒ် လို ကိုယ့် ကို ကိုယ် ခေါက် တုံ့ ခေါက် ပြန် ရေး စပ် လေ့ ရှိ တယ် …
ငါ့ စည်း ၀ါး တွေ နဲ့ ငါ …
ဒီ ဘ ၀ ထဲ မှာ နေ ပျော် ပါ တယ် …
ငါ့ စ ကား လုံး တွေ နဲ့ ငါ …
တ ခါ တ လေ ဖွက် ထား ရ ကောင်း မှန်း တော့ သိ ပါ တယ် …
ငါ့ မိ နစ် တွေ နဲ့ ငါ …
အ ချိန် တော့ မှန် လေ့ ရှိ ပါ တယ် …
ဘယ် သူ မှ ရှိ တဲ့ အ ခါ …
ရယ် သံ တွေ ကို မိ တ္တူ ပွား ပြီး
ကိုယ့် ကို ကိုယ် ပြန် စည် ကား နေ လေ့ လည်း ရှိ ပါ တယ် …
လျံနိုး
စက်တင်ဘာလ ၂၂၊ ၂၀၁၀
Tuesday, September 21, 2010
“သင်ရိုးကဗျာ”
မလှမွန် ...
ငါ့ကို ထူပါ ...
စေတနာတွေ နောက်ထားပြီး ငါ့ဒဏ်ရာကို ဆေးထည့်ပါ ...
ဩ၀ါဒတွေ ... ဒေါ်လာ($)တွေ
နောက်ထားပြီး ကျွန်တော်ဘာမှားနေလဲ ဆိုတာသာ
သင်ပြပေးပါ ဦးဖိုးကျား ...
လူဘယ်နှစ်ယောက်ကို ခင်ဗျား ကယ်ခဲ့တယ် ...
ခင်ဗျား တဆိတ်ကို တအိတ်လုပ်ပြီး
နာမည်ကောင်း ဘယ်လိုယူခဲ့တယ်... ဆိုတာ ကျွန်တော်မသိဘူး ကိုသာဇံ ...
အရေးကြီးတာ အရေးကြီးတာပါပဲ လို့ ခင်ဗျား သိထားဖို့ပါပဲ ...
လူဆိုးတွေကို ဟိတ်ဟန်ကြီးဖမ်းပြဖို့ထက်
သိုးရေခြံ အတုအယောင်မြေခွေးတွေကိုသာ
ထိုက်ထိုက်တန်တန်အရေးယူပေးပါ ကိုလှရွှေ ...
တကယ်တော့ ကျွန်တော်တို့တွေဟာ
အလုပ်ချိန်မှာ အိပ်နေရပြီး ဆာလောင်ငတ်မွတ်နေကြတဲ့ သူတွေဆိုတာ ...
ခင်ဗျား အသိဆုံးပါ ကိုဖိုးမောင် ...
ဒါကြောင့် ကျေးဇူးပြုပြီး ဟောက်သံကို နည်းနည်းလျှော့ပါ ...
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ခင်ဗျားတို့ ဘာတွေ တွေးနေကြတာလဲ ...???
ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ ...???
ခင်ဗျားတို့ ဘာတွေ လုပ်နေကြတာလဲ ...???
အကြံတခုတော့ ပေးချင်တယ် ...
ခင်ဗျားတို့ ရွတ်ဖတ်သရဇ္ဇာယ်နေတဲ့ ဇာတ်ညွှန်းစာအုပ်ကြီးကို
ခင်ဗျားတို့ နှလုံးသားမှာ မရိုးမရွလေး ချိတ်တင်ထားရင်တော့ ...
ခင်ဗျားတို့ဟာ ကာယကံ၊ ၀စီကံ၊ မနောကံတို့နဲ့ တလုံးတ၀ဖြစ်သွားမှာ အမှန်ပဲ ...
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ခင်ဗျားတို့ တွေးနေတာရဲ့ တစ်သန်းပုံတပုံလောက်
ကျွန်တော့်ကို နားလည်ခွင့်ပေးကြပါ ...
နောက် ...
ကျွန်တော် ခင်ဗျားတို့ကို ချစ်တတ်ဖို့ ကြိုးစားမိပါလိမ့်မယ် ...
ခင်ဗျားတို့ လုပ်ရပ်တွေကို အမှန်အမှား မဟုတ်ဘဲ
မျက်ရည်ချိန်ခွင်တရားနဲ့ ချိန်ကြည့်ရင် ...
ခင်ဗျားတို့ လုပ်ရပ်တွေက အလေးသာနေမှာကို တွေ့ရမှာ ဖြစ်တဲ့အတွက် ...
နည်းနည်းလောက်တော့ လျှော့ပေါ့ပေးပါ ...
ခင်ဗျားတို့ကို ကျွန်တော်ချစ်တတ်လာပါလိမ့်မယ် ...
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ခင်ဗျားတို့ ဖတ်နေကြ ဇာတ်ညွှန်းစာအုပ်ကြီးကို
ကျွန်တော့်ကို ခဏလောက် ပေးဖတ်စမ်းပါ ...
ကျွန်တော့်ဘေးနားက လူတွေကို ဟာဒယရွှင်ဆေးအဖြစ်
ခဏလေးပဲ ရယ်, ရယ်ဗျာ ... တ၀ကြီး တိုက်ကျွေးချင်လို့ ...
- - - - - - - - - - - - - - - - - - - - - - - - -

Subscribe to:
Posts (Atom)