ရင်ထဲမှာ အချစ်ငွေ့လေးတွေ
တဝေဝေနဲ့
တကယ့်အဖြစ်အပျက်မှာတော့
စိတ္တဇကြယ်တွေ
ကြွေကောင်းနေတုန်း....
ရင်ခုန်သံကဗျာစုတွေမှာလည်း
ရေးထားတယ်...
သွေးများပြီး အစွယ်ထက်လှတဲ့
နှလုံးသားရဲ့ ထောင့်ခပ်ချွန်းချွန်းတစ်နေရာနဲ့...
မီးတောက်ဝါးစားထားတဲ့
စူးရှရှအမြင်အာရုံတွေရဲ့အောက်မှာလည်း
ဒီချစ်မိတဲ့ မိန်းမလှတစ်ဦးတည်းကပဲ
လာရောက်ပသခယနေတယ်..။
ငါ..ဘယ်လိုလုပ်ရပါ့...
မနက်ဖြန်အတွက်၊
ခဏနေအတွက်၊
အမြဲဝေဝါးနေတတ်တဲ့ ငါ့အတွက်
စပ်ဖျင်းဖျင်း မျှော်လင့်ခြင်းတွေနဲ့သာ
အမြဲတမ်းနှိုးထတတ်နေလို့ရော
သူပေးတဲ့ စပ်ဖျင်းဖျင်းမျှော်လင့်ခြင်းတွေက
မက်လို့ကောင်းတယ်..။
တကယ်...
အတိတ်လမ်းဟောင်းပေါ်မှာ
လက်တွေ့အကြောင်းကို
ပြောင်းပြီး ခြေဦးမလှည့်တော့ဘူး...
ကိုယ်မမြင်နိုင်တဲ့ ကိုယ့်နောက်ကျောကို
အပင်ပန်းခံပြီး ပြန်မကြည့်တော့ဘူး...
ဒါကြောင့် အမြင်အာရုံတွေက
ထိပ်ဆုံးသို့ ကဗျာလေးအတိုင်း...
ရင်ခုန်သံတွေက
အချစ်ဆီ တစ်နေ့တစ်လံပုဂံဘယ်ပြေးမလဲ
စကားပုံအတိုင်း.....
လက်တစ်စုံက
နူးညံ့ပြီး ဖော်ရွေတတ်တဲ့
အဖျော်အဖြေသက်သက်မဟုတ်မယ့်
ကဗျာလေးတွေကို
အရေခွံတွေ ပွန်းပဲ့သွားလည်း
ဆုပ်ကိုင်မြဲဆိုတဲ့ ငါ့ရူးကြောင်ကြောင်
ဒသနလေးအတိုင်း.....
ခြေလှမ်းတွေက
မနုသလူသားများဆီ
အောင်မြင်ခြင်းကို သွားရောက်လုယူမည်
ဆိုတဲ့ ကြွေးကြော်မှုအတိုင်း....
ရှေ့ဆီသို့....
အဓိက ကာရံက
ကဗျာမဆန်တဲ့
မိန်းမလှလေးအချစ်ကိုရယူဖို့...
သွားရင်းလာရင်း
အမြင်အာရုံတွေ ဝေဝါးသွားခဲ့ရင်...
ရင်ခုန်သံတွေ မောဟိုက်လို့
သက်ပြင်းတွေပဲ ရှိုက်နေခဲ့ရင်....
လက်တွေ သွေးစွန်းခဲ့ရင်....
ခြေလှမ်းတွေ လမ်းပြမှတ်တိုင်ပျောက်နေခဲ့ရင်....
အရာရာအတွက် အားဖြည့်စရာ
သိမ်းထားဆဲ မိန်းမလှလေးရဲ့ အပြုံးများနဲ့သာ...
ကဲ...ငါမရောက်လာခင်
မင်းမှာရှိသမျှအချစ်တွေ
အကုန်ထုတ်ထားနှင့်လိုက်
မိန်းမလှလေးရေ......
သို့မဟုတ်ရင်တော့..
မင်း(သို့)ငါ နှစ်ယောက်ထဲက
တစ်ယောက်ယောက်ဟာ.....
No comments:
Post a Comment