သက်ပြင်းခြောက်တစ်ခု လှလှပပ အသက်ဝင်လာမှ
ခံစားမှုဆိုတာကို တွင်တွင်ပြောလာကြတော့တယ် ...
ငါကိုင်ထားတဲ့ နင့်လက်က အလှပြင်ထားတဲ့ သက်ပြင်းတစ်ခုမဟုတ်လား ...
အလားတူ ...
နင်ကိုင်ထားတဲ့ ငါ့လက်က စကားကြီးစကားကျယ်ပြောတတ်တဲ့
သက်ပြင်းတစ်ခုမဟုတ်လား ...
မျက်နှာချင်းဆိုင် ဝေးသွားမှ ပီပီပြင်ပြင်လွမ်းနေလိုက်ကြတာ ...
အခုမှတော့ မထူးတော့ဘူး ... ခြေပစ်လက်ပစ် အသည်းကွဲလိုက်ကြရုံပေါ့ ...
တဆိတ်လောက် ...
ဘာကိုမှ မပြောတော့တာဟာ ရင်ဘတ်ထဲမှာ မရှိတော့လို့ မဟုတ်ဘူးလား ...
မြင်နေ တွေ့နေ ကြားနေလည်း နှုတ်တောင်မဆက်ကြတော့ရင်
မျက်နှာချင်းဆိုင် ဝေးကြတာပဲ ...
လွတ်လွတ်လပ်လပ်ပြောပါရစေ ...
အသည်းကွဲတယ် ... ဆိုတာ အအေးမိဖျားတာနဲ့ အတူတူပဲ ...
ဖျားတာ ပြင်းရင် တုန်တုန်ရီရီနဲ့ ပြောစရာစကား ကုန်းကောက်စရာမရှိဘူး ...
ထမင်းစားရေသောက်ဖျားတာလောက်ဆိုရင် စကားတွေ ဖောင်ဖွဲ့ ပြောနေလိမ့်မယ် ...
နင့်လက်ကို လွမ်းလို့ ...
နင့်နှုတ်ခမ်းကို လွမ်းလို့ ...
နင့်အနမ်းကို လွမ်းလို့ ...
နင့်စကားကို လွမ်းလို့ ... ငါ့မှာ ရေးထားတဲ့ ကဗျာတွေ တက်ကျမ်းတွေတောင်
အဘိုးခေါ်လောက်ရမယ် ... ထူပုံက လူပုံကျ တဲ့ အထိပါပဲ ...
ဒီတော့ အမှန်တိုင်း ပြောရင် နင့်ကိုငါ သိပ်မချစ်ခဲ့ဘူး ... နဲ့ တူတယ် ...
မျက်နှာချင်းဆိုင် ဝေးပြီးကတည်းက မျက်ရည်တွေ လျှံကျတာ သောက်သောက်လဲပဲ ...
မှတ်မှတ်ရရပြောရမယ် ဆို ဘာကိုမှ မမှတ်မိတော့တာတစ်ခုပဲ ...
ဓာတ်ပြားဟောင်းကြီးဖွင့်တိုင်းလည်း စနေညနေ ဇာတ်ထုတ်နဲ့ တွဲပေးရတယ် ...
အခုတော့ကွာ ...
တနင်္ဂနွေညတွေ ပက်လက်လူးလို့ ...
လိပ်ပြာသန့်တဲ့ ညနေတွေတောင် ပိုပိုမိုက်မှောင်လာသလိုပဲ ...
ငါဟာလေ စနေညနေကို မှီကျောထားတဲ့ နှုတ်ခမ်းတစ်စုံပဲ ...

No comments:
Post a Comment