နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Thursday, December 23, 2010

ဆဌဂံ

နက်နေတဲ့ ဒဏ်ရာကို

ဓားနဲ့ ...

ထပ်မွှန်းတယ် ...



(၂)

"မင်း မမွေးခင်

လူ့ဘ၀ကြီးအကြောင်း နည်းနည်းလေ့လာထားတော့

ကောင်းတာပေါ့ ..." ဆိုပြီး အလုပ်ထုတ်ပစ်တယ် ...



(၃)

ကွဲနေတဲ့ အသည်းကို

ညတိုင်း ...

အိပ်မက်လာပေးတယ် ...



(၄)

ကဗျာရေးချင်နေသေးတဲ့

လက်ကို ...

နိဂုံးစာရွက်လှမ်းပေးတယ် ...



(5)

လျှံကားပြည့်ဝနေတဲ့ အာသာကို ...

အဆီအစိမ့်တွေ ...

ထိုးကျွေးတယ် ...



(၆)

အိပ်နေတဲ့ နှုတ်ခမ်းကို

အနမ်းနဲ့ ...

နှုတ်ဆက်ပြီး ကဆုန်စိုင်းထွက်ခွာသွားတယ် ...

Tuesday, December 21, 2010

မွေးဖွားခြင်း

ကိုယ့်နာမည်ကို ကိုယ့်အသိုင်းအ၀ိုင်းထဲ
စတင်လက်ဆင့်ကမ်းတဲ့အခါ …

နတ်ဆိုးမျက်ဝန်းတချို့ …
သူရဲကောင်းမျက်ဝန်းတချို့ …
မုဒိတာမျက်ဝန်းတချို့ …
မေတ္တာမျက်ဝန်းတချို့ …
ဥယျာဉ်မှူးမျက်ဝန်းတချို့ …
အနုပညာမျက်ဝန်းတချို့ …
လူမိုက်မျက်ဝန်းတချို့ …

ငါ့ကို ၀ိုင်းကြည့်ကြတယ် …

ဆက်လက်ပြီး ငါ့နာမည်ကို သူတို့တွေလက်ထဲ ဝေဖန်ခိုင်းတယ် …
ဝေဖန်ချက်တချို့ကို မကြိုက်ဘူး …
တချို့ကို ကြိုက်တယ် …
တချို့ကို လိုအပ်တယ် …
တချို့ကို သဂြိုလ်လိုက်တယ် …

ဒီမှာ ညီမလေး …
လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကြီးပြင်းတာကွဲ့ …

သင်မပိုင်တဲ့ ကမ္ဘာ

ငါ့ကမ္ဘာမှာ အမှိုက်စတွေ အများကြီးပဲ ...
အဲဒါကို ရှင်းမယ့်စိတ်က တံမြက်စည်းကို ဖက်ပြီး အိပ်နေတုန်း ...

ငါ့ကမ္ဘာမှာ နို့သောက်ထားတဲ့
ဝလုံးလေးလည်း ရှိတယ် ...
အဲဒီဝလုံးလေးက အဘိုးအိုနဲ့ ယုန်သူငယ်ကို
မြိန်ရေယှက်ရေအကောင်လုံးလိုက် မျိုချထားတယ် ...

ငါ့ကမ္ဘာမှာ ပဉ္စဂံတစ်ခုနဲ့ သုံးနားညီတြိဂံအချို့ပေါင်းစည်းခြင်းတွေ
မိုးပေါ် ချိတ်တင်ထားတယ် ...
သူတို့က မကြားတတ်ပေမဲ့ ငါသူတို့ကို
စကားပြောလေ့ရှိတယ် ...
တခါတခါ ငါ့ကို နှစ်သိမ့်ဖို့ သူတို့ထဲက တချို့ခုန်ဆင်းလာကြတော့ ...
လမ်းတ၀က်မှာ သူတို့ပျောက်သွားတယ် ...
သူတို့ပျောက်ဆုံးခြင်းအတွက် ငိုလိုက်ရတာအမော ...

ငါ့ကမ္ဘာမှာ ...
မနက်တိုင်း အိပ်ရာပေါ်က င့ါကိုယ်ငါ
ပြန်ခူးပြီး ...
ညတိုင်း အိပ်ရာထဲကို ငါ့ကိုယ်ငါ
သမ်းဝေမျည်းငိုက်ပြန်သီးလေ့ရှိတယ် ...

ငါ့ကမ္ဘာမှာ ...
ဘယ်သူကမှ လက်သင့်မခံတဲ့ အနမ်းတွေ
ငါ့ကဗျာမှာ ပုံအပ်ထားခဲ့တယ် ...
ကဗျာဆရာတော့ မဟုတ်ပေမဲ့ ကဗျာမာယာမှာ
ယစ်မူးတတ်သူမို့ ...

ငါ့ကမ္ဘာမှာ ...
``မသော်တာအကြောင်း တွေးတောခြင်း´´ ဆိုတဲ့ ရိုးရာနဲ့
အိပ်မက်တွေကို ကုလားရှင်ပြု ပြုပေးရင်း ဘာညာကွိကွငါဟာ
သန်းခေါင်ယံကျော်မှ အိပ်တတ်လာပြီ ...


                                                     လျံနိုး
                                            ဒီဇင်ဘာ ၂၁၊ ၂၀၁၀(ည ၁၁:၂၃)

Wednesday, November 24, 2010

``နာရီကြီး´´

မော်ဒန်ဓားသွားတွေ
ပလူပျံနေတဲ့ကြားမှာ ငါ တစ်ယောက်တည်း
ဂန္ဓ၀င်တေးသွား သွေးနေလို့ မရတော့ဘူး ...

မော်ဒန်ဖြစ်အောင် ...
ဂျင်းဘောင်းဘီဝတ်ရမယ် ...
အီမိုစတိုင်လ်တွေ လေ့လာရမယ် ...
အင်္ကျီကို နှစ်ဖက်လှမဟုတ်ဘဲ ပြောင်းပြန်ဝတ်ရမယ် ...
မိန်းမဆန်ဆန် မိတ်ကပ်တွေ နည်းနည်းလူးရမယ် ...
နေမင်းကြီးကို အိပ်မက်ထဲ ခပ်ချပ်ချပ်လေး ထည့်ထားရမယ် ...
မသော်တာကို ပစ်ပစ်နှစ်နှစ် ပယ်ပယ်နှယ်နှယ် ဆဲရေးတိုင်းထွာရမယ် ...
စကားလုံးတွေကို အားဆေးတိုက်ရမယ် ...
မှော်ဆရာကို စေလိုရာစေ နှဖားကြိုးတပ်ခိုင်းစေတတ်ရမယ် ...
မိုနာလီဇာဆီက သွေးမျက်ရည်တွေ ချူညစ်ယူရမယ် ...
လီယိုနာဒိုဒါဗင်ချီကို မသော်တာပုံဆွဲခိုင်းရမယ် ...
ဆက်လက်ပြီး ...
အာဒံကို မသော်တာဆီ လူပျိုလှည့်ခိုင်းပြီး
ဧ၀ကို သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းသင်းဆက်ဆံရမယ် ...
ဆူးခက်မင်း တို့ အနတ္တအနော်မာ တို့ ဆီကနေ LP အကြောင်း တီးခေါက်ယူရမယ် ...

ဟိုးအရင်တုန်းက
ပြားခဲ့တဲ့ ကမ္ဘာကြီးက အခုတော့ လုံးဝန်းသွားပါပြီ ...
ဟိုးအရင်တုန်းက
လူရာမ၀င်တဲ့ မော်ဒန်စတိုင်တွေ အခုတွင်ကျယ်သွားပြီ ...

ဒါဝင်ရဲ့ အဆင့်ဆင့်ပြောင်းလဲလာတဲ့
နိယာမထဲမှာတော့ လူ နဲ့ မျောက် မအပ်စပ်မိတာတော့ အမှန်ပဲ ...
တိရစ္ဆာန်ကို ဘိုးအေခေါ်ဖို့
ကျွန်တော်တို့ ဦးဏှောက်တွေက ရာစုနှစ်ကြိုပြေးနေတော့
ဘယ်လိုမှ လက်မခံနိုင်ဘူး ...

နီရိုးဘုရင်ကြီးရဲ့ သာမန်တယောလက်သံဟာ
ကမ္ဘာကျော်အောင် စွမ်းဆောင်နိုင်ခဲ့တာ မဟုတ်ပါဘူး ...
ပတ်ဝန်းကျင်က အရှိန်ကောင်းခဲ့တဲ့ မီးခိုးမီးလျှံတွေကြောင့်ပါ ...
တိုင်းနယ်ဘောလုံးသမားရဲ့သား ကမ္ဘာကျော်ဘောလုံးသမား
ဒေးဗစ်ဘက်ခမ်းကိုပဲ ကြည့်လေ ...
တံငါနားနီး တံငါ ကွဲ့ ... မုဆိုးနားနီး မုဆိုး ဟဲ့ ...

ပတ်ဝန်းကျင်က လူပဲ ...
လူကတော့ ပတ်ဝန်းကျင်မဟုတ်ဘူး ...

အရာအားလုံး သူ့သဘောသူဆောင်ပြီး
ကြည့်ကောင်းပါတယ် ...
ငါ့တိုင်ကပ်နာရီကြီးလည်း ပြေးလွှားနေရင်းပေါ့လေ ...



လျံနိုး
နိုဝင်ဘာ ၂၅၊ ၂၀၁၀

``တူးခါးခါးနေ့ရက်စွဲ´´

မနေ့ညက အိပ်မက်ထဲမှာ ...

ဒီနေ့ နေ့စွဲကို ကြည့်လိုက်တော့

ပြက္ခဒိန်ပေါ်ကနေ မျက်ရည်တွေ ယိုစိမ့်ထွက်ကျနေခဲ့တယ် ...

ဒီလိုနဲ့ အဲဒီညကို တူးခါးစွာ ဆက်လက်ငုံခဲထားလိုက်ပြီး ...



ခေါင်းတလားဆန်ဆန် အထီးကျန်ဆိတ်သုန်းတဲ့

နှုတ်ဆက်ခွဲခွာမှုမှာ စကားလုံးတွေ လစ်ဟာလျက် ပြီးဆုံးသွားခဲ့ ...



ကောင်းကင်ကို တိုင်တည်ပြီး ငိုချင်း ချလိုက်ပါတယ် ...

မြေကြီးကို တိုင်တည်ပြီး ငိုချင်း ချလိုက်ပါတယ် ...

ဆံဖျားပန် စံပယ်နံ့လေး မထွက်ခွာခင်မှာ

မျက်ဝန်းထဲက ပြည့်စုံတဲ့ အကြည့်တွေနဲ့

စကားလုံးပေါင်းထောင်သောင်းများစွာ

ရေးဖွဲ့သွားပါတယ် ...လို့ ...



ဂွဒ်ဘိုင်း ဆိုပြီး ဥဩသံတိုလေးဆွဲအော်ထားဆဲ

ဘရိတ်မပါတဲ့ ခြေသံတွေဟာ

နွေခေါင်ခေါင်မိုးကြိုးပစ်သလို စူးခါးတယ် ...

ဒီလိုနဲ့ပဲ ခြေရာသံလေးတွေကို

မီးတောက်မီးလျှံတွေကြားက ကမ္ဘာကျော်အမှတ်တရကြီးဖြစ်တဲ့

နီရိုးဘုရင်ကြီးရဲ့ တယောလက်သံတွေလို ပြက္ခဒိန်အဆက်ဆက်

အုပ်အုပ်လွင်လွင် ကြားနေရတုန်းပဲ ...

ဒါပါပဲ ကောင်မလေး ...

အောက်တိုဘာနေ့ရက်တွေ ခါးတူးလည်း နိုဝင်ဘာထိ ဆက်သောက်မယ် ...

ဒီဇင်ဘာထိ ဆက်သောက်မယ် ...

ဇန်န၀ါရီထိ ဆက်သောက်မယ် ...

ဖေဖော်ဝါရီထိ ဆက်သောက်မယ် ...
.......... ဆို ...............
........ ဆို .........
....... ဆို ....
. သေတဲ့အထိ တရှိုက်မက်မက်သောက်သုံးသွားမယ် ...



လျံနိုး

နိုဝင်ဘာ ၂၃၊ ၂၀၁၀

Thursday, November 18, 2010

``ချစ်ကြပြီးတဲ့နောက်မှာ ...´´

မနက်ဖြန်ရဲ့ အတိတ်တွေမှာ
အိပ်မက်တို့ ခါးတူးသေဆုံးခဲ့ပြီးပါပြီ ...
သုည တစ်လုံးကို ဆုပ်ကိုင်ထားရင်း
မတော်တဆကျဆုံးကွဲကြေစေသွားတဲ့ အဖြစ်က
အဖေပြောဖူးတဲ့ ``လုံးဝကို အသုံးမကျဘူး´´ ဆိုတဲ့စကားကို
ပီပီပြင်ပြင် အသက်ဝင်လာစေခဲ့ ...

မည်းညစ်ညစ်ရင်ခုန်မှုတွေကို ပြက္ခဒိန်ချပ်ပေါင်းများစွာထဲ
ပြွတ်သိပ်ထည့်ရင်း ...
ကာလနဂါးဟာ အိုမင်းသေဆုံးသွားခဲ့ပြီး
လဆုတ်လကွယ်တို့ လှည့်ပတ်လွင့်မျောခဲ့ပေမဲ့
အသုံးမကျတဲ့ တစ်နေရာမှာ ငါ တစ်ယောက်တည်း
ဖင်သေ နေခဲ့တယ် ...

လက်ရှိအနေနဲ့ တစုံတခုကို
မိမိရရ ဆုပ်ကိုင်ထားဖို့ အမေမွေးထားတဲ့
လက်နှစ်ဖက်ပျောက်ဆုံးနေလို့ ကဗျာတပုဒ်တောင်
အရေးမဖြောင့်တော့ဘူး ...

ကျွန်တော့်ကိုယ်ခန္ဓာကြီးကတော့
ဆောင်းဝင်လို့ ချမ်းတုန်နေတတ်ခဲ့ပြီ အမေ ...
မနောစိတ်တို့ကတော့ ချွေးစက်ပေါင်းများစွာနဲ့
အိုက်စပ်နေတတ်ပြီး မီးမလာတဲ့ ရန်ကုန်မြို့မှာ ယပ်တောင်လေးများ
တွေ့လေမလား လိုက်ရှာနေမိတတ်ပါတယ် အမေ ...

ဒီလိုပါ အမေ ...
ကျွန်တော် အသံမထွက်နိုင်တဲ့ စကားလုံးတို့ရဲ့ နောက်ကွယ်မှာ
သင်္ကေတပေါင်းများစွာ ရှိပါတယ် ... လို့ ...
:(
:)
;)
<3
:'(
Bye ...


Thursday, October 7, 2010

``ဘ၀ဋီကာ´´

ဒီမှာ လူကြီးမင်းများ ...
ငါဟာ ဘာမှမဟုတ်တဲ့အတွက်
ခင်ဗျားတို့ရဲ့ ပရမ်းပတာဥပဒေနဲ့ ငါ့လွတ်လပ်မှုကို
တရားစွဲဆိုစရာမလိုဘူး ...

ငါ့လွတ်လပ်မှုနဲ့ ငါ
မီးစာမကုန်ခမ်းသေးတဲ့ နေမင်းကြီးကို
ကောင်းကင်ထက်ထွန်းညှိထားတယ် ...

ငါ့လွတ်လပ်မှုနဲ့ ငါ
မာသာထရီဆာလို မိဘမဲ့နေတဲ့ မြန်မာပြည်သူပြည်သားတွေကို
နှလုံးသားနဲ့ ချစ်တယ် ...
တလက်စတည်း ငါ့လွတ်လပ်မှုနဲ့ပဲ
သူတို့ကို ပြုစုပျိုးထောင်သွားမယ် ... လို့ စိတ်ကူးတယ် ...

ကဲ ... ထားပါ ...
အခုလောလောဆယ်တော့ ငါ့နှုတ်ခမ်းများကို
သွေ့ခြောက်ခွင့်ပေးကြပါဦး ...
သွေ့ခြောက်တဲ့ ငါ့နှုတ်ခမ်းနဲ့ ကဗျာစမ်းရေကို သောက်တဲ့အခါ
ငါဟာ နတ်ပြည်က အအေးဆိုင်တစ်ဆိုင်မှာပဲ ...
- - - - - - - - - - - - - - - - - - -
- - - - - - - - - - - - - - - - - - -
ငါ့ လွတ်လပ်မှု နဲ့ ငါ
သထုံမြို့ဟောင်းက ကောင်မလေးကို လွမ်းတယ် ...
သရေခေတ္တရာက အကြော်သည်ကို အိပ်မက်မက်တယ် ...
တကောင်းမြို့ဟောင်းက ဗမာစကားသိပ်မပီတဲ့လူကြီးကို စကားလှမ်းပြောတယ် ...

ဒါတွေ အားလုံးဟာ ခင်ဗျားတို့အားလုံးနဲ့ လားလားမျှမသက်ဆိုင်တဲ့
ငါ့လွတ်လပ်မှုတွေပဲ ...

လူလွတ်လပ်မှ စိတ်လွတ်လပ်မယ် ...
စိတ်လွတ်လပ်မှ အတွေးအခေါ်တွေ လွတ်လပ်မယ် ...
အတွေးအခေါ်လွတ်လပ်မှ ခြေလှမ်းတွေ လွတ်လပ်မယ် ...
ခြေလှမ်းတွေ လွတ်လပ်မှ အနာဂတ်တွေ လွပ်လပ်မယ် ...
အနာဂတ်တွေ လွတ်လပ်မှ ငါတို့ရဲ့ မိဘတွေ အသက်ပြန်ရှင်မယ် ...

ဒါပေမဲ့ တခုတော့ရှိတယ် ...
ခင်ဗျားတို့လွတ်လပ်မှုနဲ့ ကျွန်တော့်လွတ်လပ်မှုမှာ လေးစားမှုတော့ ရှိပါစေ ...

                                                 လျံနိုး
                                          အောက်တိုဘာ ၇ ည ၁၀ နာရီ ၃၆ မိနစ်