နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Monday, April 12, 2010

အချစ်သည် လုံးဝန်းသည်


အရှေ့ဘက်တည့်တည့်သွားရင်
အနောက်ဘက်ရောက်တတ်တဲ့
ကမ္ဘာကြီးလုံးခြင်းရဲ့ နိယာမက
အနောက်ဘက်ကို ရောက်သွားရခြင်းက
အရှေ့ဘက်က ဟန့်တားမှု(တုံ့ပြန်မှု)မရှိလို့...။
.............................
လူတစ်ယောက်ကို စွဲစွဲမြဲမြဲပေးဆပ်ခြင်းနဲ့
ချစ်နေတဲ့လူတစ်ယောက်က
ကြာရင်တော့ အဲဒီချစ်နေတဲ့လူကို
မုန်းရင်မုန်းသွားလိမ့်မယ်...
ဘာဖြစ်လို့လဲဆိုတော့
ချစ်ခံရတဲ့လူဆီက (တုံ့ပြန်မှု)ဘာမှ ပြန်မရလို့ပဲ...။

ဆောင်းမနက်ရဲ့ လက်တစ်စုံ

ငါ့ကို ဒဏ်ရာတွေပေးလို့
ဒီကျေးဇူးကန်းတဲ့ ရင်ခုန်သံတွေကို
သတ်ပစ်လို့လည်း မရ...
အရှုံးများဖို့
အဲဒီသံသရာတွေထဲလည်နေဆဲဆိုတော့ ဘာမှကို မတတ်နိုင်...
အခြေအနေအကြောင်းအရပ်ရပ်ကို
ကုန်လွန်သွားတဲ့
မုတ်သုံလေတွေနဲ့
အတူမောင်းထုတ်ပစ်ဖို့ကလည်း မဖြစ်...
မိုးစက်လေးတွေကို စောင့်ပေးပါ...
နာကျင်မှုတွေ မပေးပါနဲ့ဦးဆိုပြီး
ပြောတာလည်းမရ...
ကဲ...ငါဘယ်လိုလုပ်ရမလဲ...
မတွေ့ရတဲ့ ခဏသာလေးက
အိပ်မက်တွေကို
ဝေဝါးစေပြီ...
အမြင်အာရုံတွေကို တောက်လောင်စေပြီ...
လျှာတွေကို ဆွံ့အစေပြီ...
အတွေးတွေကို ပိန်ပေါင်လို
ရိုက်ပုတ်ကစားကာ
နာကျင်စေပြီ...
သို့သော် နာကျင်လို့
ဖြေသိမ့်ပေးခွင့်မရ...
အတွေးတွေသည်
အဝေးဆီစိတ်ကောက်ထွက်ခွာသွားပြီ ဆိုတော့..။
ငါ...ဘာဆက်လုပ်ရမလဲ...
အပြင်မှာ ပူလောင်စပ်ဖျင်းရတဲ့အထဲ
ရင်မှာ လူတောင်သက်ပြင်းနဲ့ ဝနေတာလည်း
အရှေ့မြောက်မုတ်သုံလေအေးလေးတွေရဲ့
ပွေ့ဖက်မှုကို ခံချင်နေလို့..
အကြောင်းက ရင်မှာ နွေတွေသာ
ရေမလောင်း..ပေါင်းမသင်ရဘဲ...
စိုက်ပျိုးထားရလို့...
ငါလက်နဲ့ အသက်မသွင်းခဲ့ပေမဲ့
ခပ်ရိုင်းရိုင်းရှုပ်ပွေပွေဒီနွေတွေအတွက်
ဆောင်းကိုငါလိုအပ်တယ်...။

“ကမ္ဘာတစ်ခု၏ အတ္ထုပတ္တိ”

ငါသည်..အတ္ထုပတ္တိတစ်အုပ်သာဆိုရင်…
လူသားအားလုံးအတွက်
ကလောင်အဆွေးတစ်လက်နဲ့
လူသားအားလုံးရဲ့ အမှောင်သွေးစက်တွေ
အရောင်လင်းလက်ဖို့ရာ
မွေးဖွားလာခဲ့တာ…(သို့သော်)
လူသားအားလုံးက
ငါ့ကို မလိုအပ်တော့ကာ
ငါပြောတဲ့ ငါ့ရဲ့ ဒသနအမှန်စကား
လုံးဝမှန်သင့်သလောက်မှန်မသွားတော့ဘူး…။…

“သစ္စာတို့၏ တည်နေရာ”

အနမ်းအဆက်ဆက်နဲ့
ငါ့ရင်ခုန်သံတွေရဲ့ အသက်တွေကို
ကလိထိုးနေတော့…
ငါ့မှာလည်း ပြောရအခက်…
သိက္ခာမဲ့အနမ်းအဆက်ဆက်နဲ့
ငါ့ရင်ခွင်ကြီးကို ရောင်းလိုက်ရမယ့်အဖြစ်မျိုး…
အေးပေါ့လေ…
ချစ်သည်ဖြစ်စေ…
မချစ်သည်ဖြစ်စေ..
ပွေ့ပိုက်စရာရင်ခွင်တစ်ခုတိုးတာပေါ့ကွာ…
ဒါပေမဲ့ သစ္စာကို
နှလုံးသားအမြစ်မှာ ငါသိုထားတော့ကာ
မကြေကွဲသင့်ဘဲ……

“လူများ”

ဆောင်းကောင်းကင်ထက်
နွေတက်စီးကာ
ငါပျော်ခဲ့တာ…
မိုးအပေါင်းတွေ
အုပ်မှိုင်းလျက်
ကန္တာရထဲ
ခရီးရှည်ထွက်ခဲ့ငါ…
နွေအရောင်းဆိုင်ဘက်
ဈေးကြီးပေးပြီး ဝယ်ခဲ့
ဆောင်းကမ္ဘာ…။
(ရှိတာနဲ့ မတင်းတိမ်ဘဲ မရှိတာသာ တမ်းတနေသော
လူများကို ရည်ညွှန်းပါသည်)

“သူ…(၂)”

အေးမြဆောင်းလေတွေထဲ
ပူပြင်းနွေတွေနဲ့
အမြဲ ဧည့်ခံကျွေးမွေးတတ်…သူ..။…
……………………
ခြောက်သွေ့နွေတွေထဲ
မျက်ရည်မိုးတွေ အမြဲ
ရင်ခုန်သံတွေ စိုရွှဲသွားအောင်
လက်ဆောင်ပေးတတ်…သူ။…
…………………………
စိုစွတ်ဗွက်ထမိုးထဲလေထဲ
ဥပေက္ခာတွေနဲ့ ခြောက်သွေ့ကန္တာရထဲ
အမြဲ အထီးကျန်
လမ်းပျောက်စေတတ်…သူ။

“သူ”

လောကကြီးထဲ ရှိနေပါလျက်
ရှင်သန်နေပါလျက်နဲ့
ငါ့အသွေးအသားတွေ
ငရဲရောက်နေသလို
ရေရေလည်လည် ပူလောင်နေတဲ့ နွေရက်တွေမှာ
သူ…ယပ်တောင်တစ်ခုအဖြစ်နဲ့
ငါ့အတွေးတွေရဲ့ ရင်သွေးလေးတွေအဖြစ်
ဘေးနားမှာ အမြဲရှိနေပေးတယ်…
……………………
ကြွက်စုတ်တစ်ကောင်လို
အခန်းကျဉ်းလေးထဲ အချောင်ခိုကာ
စောင်ပိုအချပ်လေးတွေစုခြုံ
ရွာနေတဲ့ မိုးလေတွေရဲ့
အချော့အသိပ်ခံနေရတဲ့ ဝသန်နာရီလက်တံတွေမှာ
ငါကြားညှပ်နေတဲ့အချိန်
အိပ်မက်မှော်ဆရာရဲ့ ဖန်တီးမှု
ကုတင်လေးအဖြစ်…
သူ…ငါ့ခန္ဓာကိုယ်အောက်မှာ တွဲခိုနေလေ့ရှိတယ်…
……………………………
ငါ့အရိုးအဆစ်တွေကို
မသိမသာဖြဲဖြဲခြောက်နေလို့
တုန်လှုပ်နေတဲ့ ငါ့အရိုးအဆစ်တွေရဲ့
ဆောင်းတစ္ဆေ၊ မုတ်သုန်လေတွေကြားမှာ
ငါဒဏ္ဏာရီဆန်ဆန်
အရူးတစ်ဖန်ပြန်ဖြစ်နေဆဲ ဟေမာန်အပေအတေ
နွေစားနေတွေထဲ
သူ…အပူရောင်ခြည်အလင်းတန်းတွေ
ဖန်ဆင်းခြယ်မှုန်းတဲ့
မှတ်ဥာဏ်တွေရဲ့ အမှတ်ရခြင်းကဗျာတစ်ပုဒ်လို
နှလုံးသားစာရွက်တွေပေါ်မှာ
လာရက်တွေပဲပေါ်ကာ
ထွက်သွားခွင့်မတောင်းဘဲ…အမြဲ
မုတ်သုန်လေတွေနဲ့အတူ
ပွေ့ဖက်တတ်…သူ…။..။…
……………………………
လွမ်းဆွတ်တဲ့အချိန် စကားသံလေးတွေ
သူ့ဆီိသွားနေစရာခြေမလိုဘဲ
ကြားယောင်စေ…သူ…။
ပန်းပွင့်မရှိဘဲ စိတ်ကြောင့်
အမြဲ
ရနံ့ရနေတတ်တဲ့ ငါ…
ကြားခွင့်မရှိလည်း အတိတ်ကြောင့်
စကားသံရနံ့ရနေတတ်တာ…
သူသာ
စိတ်ကြောင့်…
လေညင်းတွေထဲ လိုက်ပါလာတတ်ပြီး
နာရီလက်တံတွေအပေါ်လည်း
တွဲခိုတတ်..သူ..။…
ပန်းပွင့်ရှိမှပဲ ရနံ့ရတတ်တာ မဟုတ်ကြောင်း…...။..။.။။။