လောကကြီးထဲ ရှိနေပါလျက်
ရှင်သန်နေပါလျက်နဲ့
ငါ့အသွေးအသားတွေ
ငရဲရောက်နေသလို
ရေရေလည်လည် ပူလောင်နေတဲ့ နွေရက်တွေမှာ
သူ…ယပ်တောင်တစ်ခုအဖြစ်နဲ့
ငါ့အတွေးတွေရဲ့ ရင်သွေးလေးတွေအဖြစ်
ဘေးနားမှာ အမြဲရှိနေပေးတယ်…
……………………
ကြွက်စုတ်တစ်ကောင်လို
အခန်းကျဉ်းလေးထဲ အချောင်ခိုကာ
စောင်ပိုအချပ်လေးတွေစုခြုံ
ရွာနေတဲ့ မိုးလေတွေရဲ့
အချော့အသိပ်ခံနေရတဲ့ ဝသန်နာရီလက်တံတွေမှာ
ငါကြားညှပ်နေတဲ့အချိန်
အိပ်မက်မှော်ဆရာရဲ့ ဖန်တီးမှု
ကုတင်လေးအဖြစ်…
သူ…ငါ့ခန္ဓာကိုယ်အောက်မှာ တွဲခိုနေလေ့ရှိတယ်…
……………………………
ငါ့အရိုးအဆစ်တွေကို
မသိမသာဖြဲဖြဲခြောက်နေလို့
တုန်လှုပ်နေတဲ့ ငါ့အရိုးအဆစ်တွေရဲ့
ဆောင်းတစ္ဆေ၊ မုတ်သုန်လေတွေကြားမှာ
ငါဒဏ္ဏာရီဆန်ဆန်
အရူးတစ်ဖန်ပြန်ဖြစ်နေဆဲ ဟေမာန်အပေအတေ
နွေစားနေတွေထဲ
သူ…အပူရောင်ခြည်အလင်းတန်းတွေ
ဖန်ဆင်းခြယ်မှုန်းတဲ့
မှတ်ဥာဏ်တွေရဲ့ အမှတ်ရခြင်းကဗျာတစ်ပုဒ်လို
နှလုံးသားစာရွက်တွေပေါ်မှာ
လာရက်တွေပဲပေါ်ကာ
ထွက်သွားခွင့်မတောင်းဘဲ…အမြဲ
မုတ်သုန်လေတွေနဲ့အတူ
ပွေ့ဖက်တတ်…သူ…။..။…
……………………………
လွမ်းဆွတ်တဲ့အချိန် စကားသံလေးတွေ
သူ့ဆီိသွားနေစရာခြေမလိုဘဲ
ကြားယောင်စေ…သူ…။
ပန်းပွင့်မရှိဘဲ စိတ်ကြောင့်
အမြဲ
ရနံ့ရနေတတ်တဲ့ ငါ…
ကြားခွင့်မရှိလည်း အတိတ်ကြောင့်
စကားသံရနံ့ရနေတတ်တာ…
သူသာ
စိတ်ကြောင့်…
လေညင်းတွေထဲ လိုက်ပါလာတတ်ပြီး
နာရီလက်တံတွေအပေါ်လည်း
တွဲခိုတတ်..သူ..။…
ပန်းပွင့်ရှိမှပဲ ရနံ့ရတတ်တာ မဟုတ်ကြောင်း…...။..။.။။။
No comments:
Post a Comment