နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, June 2, 2010

“လွမ်းမောခြင်းဟူသမျှ ငါ့အာရုံများတွင် ရှတလွှမ်းမိုးကြစေသတည်း ...”

ကမ္ဘာကြီးက လွတ်လွတ်လပ်လပ်နဲ့
ကိုယ့်ကိုကိုယ် ဖြန့်ခင်းကာ
အပြတ်သတ်ကျယ်ပြန့်ပြနေလေရဲ့ ...
အဲဒီလို ပြန့်ကျယ်မှုတွေထဲ ...
တစ်ယောက်ကို တစ်ယောက် ...
လွတ်လပ်မှုကို
မျှဝေမယူ ...
နယ်နိမိတ်တစ်ခုထဲမှာပဲ ...
ကိုယ့်အငွေ့အသက်ကိုယ်စီနဲ့
လှည့်လည်ပစ်ဝဲနေကြတယ် ...
(၂)
မထင်မှတ်သလို ...
မထင်မှတ်တဲ့ အချိန်မှာ ...
မထင်မှတ်တဲ့ မျက်ဝန်းတစ်စုံနဲ့ ပွတ်တိုက်ထိရှမိခဲ့တဲ့
ငါ့နောက်ကျောရဲ့ အစိတ်အပိုင်းလေးတခြမ်း ။...
သံယောဇဉ်မီးပွားလေးတွေ ...
နှစ်ယောက်သား ညှိယူလောင်စာဖြည့်ခဲ့ကြတယ် ...
ဩော် ...
မိန်းကလေးရယ် ...
ငါလည်း လူထဲက လူပါပဲကွယ် ...
ငါတို့လက်တွေက ...
သံယောဇဉ်မီးတွေကို ဆုပ်ကိုင်ထားဖို့
မပူလောင်ခဲ့ဘူး ...
ဒါပေမဲ့ ရင်ခုန်သံတွေတော့ ...
တဟုန်းဟုန်းချီလို့ အပြင်းစားသတ်ပုံထိ
တောက်လောင်ခဲ့ကြတယ် ...
မင်းဟာလည်း ငါလိုပဲ ...
လူတစ်ယောက်ပဲကွယ် ...
ငါ့တို့ နှစ်ယောက် ...
တစ်ယောက်ကို တစ်ယောက်မငြင်းဆန်နိုင်ခဲ့ဘူး ...
(၃)
ဘယ်လို အခြေအနေတွေပဲ ...
ဟောင်းဆွနေတဲ့ ငါ့ဒိုင်ယာရီတွေထဲ ရှိခဲ့ ... ရှိခဲ့ ...
သေချာတစ်ခုကတော့ ...
အခုလောလောဆယ် ငါဟာ ...
တစ်ယောက်တည်းပါပဲကွယ် ...
တစ်ယောက်တည်းဟာ တစ်ယောက်တည်းပဲ ...
ဘယ်တော့မှ နှုတ်ခမ်းက လေးစုံလောက်ဖြစ်လာနိုင်မှာမဟုတ်ဘူး ...
တစ်ကိုယ်တည်းဟာ တစ်ကိုယ်တည်းပဲ ...
ဘယ်တော့မှ ရေးစရာကဗျာဟာ ...
ပျော်ရွှင်မြိုင်ဆိုင်လာမှာ မဟုတ်ဘူး ...
ပဲ့တင်သံတစ်သံဟာ ဘယ်တော့မှ ...
ပါးစပ်ထဲမှာ အပြန်အလှန်ကြားရမှာ မဟုတ်ဘူး ...
ညတွေမှာ ခွေးတွေ ပိုအူတယ် ...
ကောင်းကင်ဟာ တပြင်တည်း ...
ဒါပေမဲ့ ငါတစ်ကောင်တည်း ပွင့်နေရတယ် ...
မိန်းကလေး ...
မွေးကတည်းက ...
ငါဟာ တစ်ယောက်တည်း မဖြစ်ချင်ခဲ့ဘူး ...
ဒါကြောင့် ...
ငါ့ဆုတောင်း နင့်ကြောင့် အပြည့်အစုံတော့ ...
မပျက်ယွင်းခဲ့ပါဘူး ...
(၄)
ဘာပဲဖြစ်ဖြစ် ...
တွေ့ချင်တယ် ...
စိတ်ကူးတွေ တွေ့ဆုံခြင်းဆီ အတိုင်းသား
လွင့်ကြဲနေတယ် ...
မိန်းကလေး ...
ငါလေ မင်းမျက်ဝန်းတွေဆီပဲ ...
ကုန်ဆုံးခဲ့တဲ့ လမ်းဟောင်းလေးလေ ...
နင့်ခြေရာတွေ ငါသွားရှာတယ် ...
ဂမ္ဘီရအပြုံးတွေ ကျိုးတိုးကျဲတဲ စိုက်ကြဲထားတာတွေကလွဲလို့ ...
ငါ ...
ဘာမှ မတွေ့ခဲ့ဘူး ...
ငါ မင်းကို တွေ့ချင်တယ် ...
ဘာပဲဖြစ်ဖြစ် တွေ့ဆုံခြင်းတွေ စိုက်ကြဲလှည့်ပါ ...
တွေ့ချင်တယ် ...
တွေ့ချင်တယ် ...

Tuesday, June 1, 2010

“ဝေး ...”

အပြုံးတစ်လက်နဲ့ ...
နှုတ်ဆက်ခဲ့တာ ကြာပြီ ...

ရင်ထဲမှာတော့ ...
မိုးတွေ ဖြိုင်ဖြိုင်ရွာလို့ ကောင်းလာတယ် ...
သီချင်းတွေ မြိုင်ဆိုင်ဆွေးမြေ့ကြေကွဲတတ်လာတယ် ...
စကားလုံးတွေ ရှာကြံ ကောက်စု ...
အကြည့်တစ်စုံကို ရဖို့ မျှော်လင့်တတ်လာတယ် ...
အိပ်မက်တွေနဲ့ အတိတ်ကို ...
သူ့အသံလေးကြားရဖို့ ကြိုးညှိသီဆိုတတ်လာတယ် ...
လွန်ခဲ့တဲ့ နောက်ဆုံးလမ်းခွဲချိန်ကို ...
နှုတ်ခမ်းပါးလေး အပေါ်အောက် နှစ်ထပ်ကို ချဲ့ပြီး
ထုတ်ကြည့်တတ်လာတယ် ...
တစ်ရွက်တည်း လွင့် ...
တစ်လှေတည်း စီး ...
တစ်ယောက်တည်း ညည်း ... ရင်း ...
ဂူသားဆန် ... အုတ်ဂူဆန် ... သချိုင်းဆန် ...တဲ့
အဖော်မဲ့ ပဲ့တင်သံ
ကဗျာတွေကို သူ့ဆီပို့ပို့ပေးတတ်တယ် ...
ကြယ်စင်လေးတွေ ဆီကနေ တစ်ဆင့် ...ပေါ့လေ ...
သူ့အကြောင်းတွေးမိတိုင်း ...
ကဝေအဆိပ်သင့်တဲ့ လက်ချောင်းလေးတွေကို
ထိုင်ထကခုန်ခိုင်းပြီး ...
သူနဲ့ နီးပြီ ... လို့ ပျော်နေတတ်လာတယ် ...

သူနဲ့ တွေ့ရင် ...
အန်ချခင်းပြဖို့ ကဗျာတွေ များစွာ ...
သိုဝှက်သိမ်းဆည်းထားပါတယ် ...

“နှစ်မျက်နှာနဲ့ လူ ...”

အနမ်းကဝေတွေကို လက်သင့်ခံဖို့
ငါ့မှာ ရင်ခွင်နှစ်စုံမရှိဘူး ...
ဒါပေမဲ့ ...
ငါ့ညတွေမှာ ကြယ်မဝေတော့ ...
လမင်းတောင် မသာတဲ့အခါ ...
ငါ့ကိုယ်ငါ ...
ကိုယ့်လိပ်ပြာကိုယ် ပြန်ကြောက်ရွံ့သွေးပျက်နေမိတယ် ...

လမ်းတွေဟာ အရင်ထက်ပိုပြီး ...
အသည်းကွဲသမားတစ်ယောက်လို
ခြောက်သွေ့အထီးကျန်ဆန်လာတယ် ...
မသာတော့တဲ့ နေတစ်စင်းဟာ ...
ဝမ်းပိတ်နေတဲ့ လူတစ်ယောက်လို နှုန်းချိနေတော့တယ် ...

သန်းခေါင်ဆိုတဲ့ အဓိပ္ပာယ်ဟာ ...
မိုးကြိုးမချုန်းဘဲပစ်ချထားတဲ့ အစိမ်းသေတစ်ကောင်လို ...
မည်းတူးဆိတ်ငြိမ်နေတယ် ... လို့
အဓိပ္ပာယ်ပြည့်စုံလာတယ် ...
ငါက ...
ပြူးတူးပြဲတဲထိုင်လို့ပေါ့လေ ...
သန်းခေါင်ဆိုတာကို အဓိပ္ပာယ်သီကုံးတတ်သွားတယ် ...

(၂)

ငါ့ကို တွယ်ကပ်သူနဲ့ ...
ငါ့က တွယ်ကပ်သူနဲ့ ...
စကားတွေက ပင်လယ်ပြင်ထက်ကို
မာယာများလာတယ် ...

ငါ့ကို မျှော်ကြည့်တဲ့ သူနဲ့ ...
ငါက မျှော်ကြည့်တဲ့ သူနဲ့ ...
ရင်ခွင်ဟာ ...
ပြဒါးတစ်လမ်း ...
သံတစ်လမ်း ...နဲ့
ကောင်းကင်လို တစ်စုတည်း မဟုတ်တော့ဘူး ...
တိမ်တွေလို ကောင်းကင်တစ်ပြင်ကြီးထဲမှာပဲ ...
အရပ်ရပ် ... ရယ်လို့
တောင်တလမ်း၊ မြောက်တခြမ်း ကွာဝေးလာတယ် ...

စိတ်ထဲမှာတော့ ...
ရွာရိုးကိုးပေါက်အတွေးတွေနဲ့ ...
ဗျာများနေဆဲ ...
အကြည့်တွေထဲမှာလည်း ...
အပြုံးနှစ်စင်းဟာ ခွာသံကိုယ်စီနဲ့
စီးချင်းထိုးနေကြတယ် ...

ကဲ ...
ဝဲယာနှစ်ဘက်စလုံးဟာ ...
? တစ်ခုစီကို ဆုပ်ကိုင်ထားလျက် ...
............................

Saturday, May 29, 2010

“ချစ်တတ်ခြင်း၌ နှိုးနေလျက် အိပ်ငိုက်နေသောသူ ...”

သောက်သုံးခဲ့ရတဲ့
နွေပေါင်းမနည်းတော့ဘူး ...
အာခေါင်တခုလုံး မွှန်စပ်နေပြီ ...
မြေပြင်ကြီးက အားမနာတမ်းနဲ့ အပူပြင်းဆုံး ...
အပြာရောင်တောက်လောင်မှုတွေကို
အန်ထုတ်ဆဲ ...အန်ထုတ်မြဲ ...

ကောင်းကင်ကြီးကလည်း ...
ဆောင်းကို ...
သိုဝှက်လို့ကောင်းတုန်း ...
ရင်ထဲမှာတော့ ...
မွန်းတည်းလို့ မဆုံးနိုင်ဘူး ...ဆိုတာ
ခြေလှမ်းတွေ နှစ်ယောက်အတူလင်းဖို့
ပန်းတိုင်ဆီ ...
ကျွန်တော့်လက်ကို...
တယုတယကိုင်ခဲ့တဲ့ သူ ...
သိနိုင်မလား ...

မိုးဖြိုင်တဲ့ ကောင်းကင်တွေ ...
ယိုယွင်းပေါက်ပြဲခဲ့တာ ...
သူ ...နဲ့
ဝေးသွားကတည်းက ...

သူ ...နဲ့
ပတ်သက်ပြီး ...
မျက်လုံးဖွင့်လျက်အိပ်ပါရစေ ...
ရွာချစရာမိုးစက်တွေ မရှိတော့လောက်အောင် ...
(သူမရှိတဲ့)ဒီမျက်ဝန်း လောင်ကျွမ်းတော့မယ် ...
သူ ...
မရှိတော့နဲ့ နေ့ကစပြီး ...
အခုချိန်ထိ ...

ဩော် ...
သူ...နဲ့
ပတ်သက်ပြီး ...
မျက်လုံးဖွင့်လျက် အိပ်ပါရစေလား ...

“လုံးဝ ...”

ကောင်မလေးတစ်ယောက် ...
ငါ့အိပ်မက်တွေကို သောက်သုံးရင်း ...
ယိုင်တိုင်တိုင်နဲ့ လျှောက်လှမ်းလာပြီ ...

တဖြည်းဖြည်း ...
ငါ့ပါ့းပြင်နား သူ့နှုတ်ခမ်းစင်လေးယွန်းလာပြီ ...

နင်ထွက်သွားလိုက်ပါ ...
နင့်အငွေ့တွေကို ငါစိုးထိတ်သွေးပျက်ပြီ ...

ဒီမျက်ရည်တံခါးဝကနေ ...
ခရီးလမ်းလှပပါစေ ...လို့ ငါဆုတောင်းရင်း ...
ငါ့ဘဝကြီးထဲကနေ ထွက်သွားတော့နော် ...

နင် ...
နင် ...
နင့်ကိုငါ ...
မတားရက်ပါဘူး ...
ထွက်သွားပါတော့နော် ...

ဒီမျက်ရည်တွေ ...
စိတ္တဇဆန်အောင် နင် ဒီကောင့်ရင်ခွင်ကို ...
ရက်ရက်စက်စက် သွေးပစ်ခဲ့တယ် ...

သွားပါတော့ ...
ဘဝချင်းခြားသွားတဲ့ ရင်ခုန်သံနှစ်ခု ...
ဆက်လက်ပြီး ...
လက်မတွဲထားနိုင်တော့ဘူး ...
နင်ဟာ ...
ဘဝခြားတစ်ဖက်မှာ ...

ဒါပေမဲ့ နင့်ဝိဥာဉ်ငါ့မျက်ရည်တွေ ...
ငါ့ဒိုင်ယာရီတွေထဲမှာ ...
အသက်ရှင်နေသေးတယ် ...
နင်ဟာ ...
ငါ့အတွက်တော့ ရှိနေသေးတယ် ...
ရှိနေသေးတယ် ...
ရှိနေသေးတယ် ...
ငါ့မျက်ရည်တွေနဲ့ နင့်ခရီးလမ်းဖြောင့်ပါစေ ...

နင်လေ ...
ငါ့မျက်ရည်တွေအတွက် ...
ဂမ္ဘီရညတစ်စုံနဲ့သာ ...
ငါ့ကို နှစ်သိမ့်လှည့်ပါတော့ဟာ ...
ဟီး အီး ...ဟီး ...ဟီး ...အီးးးး။..။။

Friday, May 28, 2010

“ရန်သူ့လက်သို့ ... ဖြေရှင်းချက် ...”

အသံလေးပါပဲလေ ...
နွေညလေးမှာ ငါ့အကြားအာရုံတွေ
ပြိုယိုင်ကျအောင် ...
တွန်းထိုးပစ်လှဲပစ်လိုက်တယ် ...
နားတွေမှာ ဆုပ်ကိုင်စရာ
အသံလေးတွေ ...
အချိန်နဲ့အတူ ...
ခြစားသွားကြတာတောင်မှ
အာရုံထဲမှာ ပဲ့တင်သံဝဲနေသေး ...

Rap သံကြားလည်း မခိုးတခိရယ်ပုံလေး ...
Rock သံကြားလည်း မပြင်းမကျယ်တက်ခေါက်ပုံလေး ...
Pop သံကြားလည်း “ဟဲ့ သေနာ ” လို့
စိတ်ကောက်ပြောသံလေး ...
ဘာပဲကြားကြား ...
(အချိန်တိုင်းပါ)
နှုတ်ခမ်းပါးလေးလက်အောက်က
ကျွန်ရိုင်းသာသာ ငတုံးတစ်ကောင်ပါ ...

တကယ်ပါ ...
အခုချိန်ထိ ဖွဲ့စရာမကုန်သေးတဲ့ ကဗျာဟာ ...
နားထဲ သိမ်းထားခဲ့တဲ့ ...
အသံသာယာလေး ...

ကဗျာတစ်ပုဒ်ပါ ...
နံပါတ်စဉ်မတပ်ရသေးတဲ့ ငါ့ည ...
မှိန်းမောခြင်းထဲ ပြိုလဲကျ ...
တစ်ယောက်တည်း ငါ့ဘဝ ...
အသံသာလေးခေါ်သံနဲ့ အိပ်မက်တွေထဲ
ငါတစ်ယောက် ...
သုံ့ပန်းသာ ဖြစ်သွားတော့တယ် ...
..............................................
နှုတ်ခမ်းပါးနှစ်စင်းအင်ပါယာ ...
နေထွက် နေဝင် ၊
တစက္ကန့်ထွက် တစက္ကန့်ဝင် ၊
ထင်ချင်သလိုထင်လိုက်ပါ ...
တိုက်ရည် ခိုက်ရည် ဘာမှ မယူလာဘဲ
နားတစ်စုံနဲ့သာ ...
နှုတ်ခမ်းပါးနှစ်စင်းအင်ပါယာလက်အောက် ...
ပိုးစိုးပက်စက် ကျရှုံးသွားတာ ...
ငါဟာ ...
အသုံးမကျတဲ့ ဥပုတ်စောင့်သူရဲကောင်း ...
တစ်ကောင်လို့ ...
ထင်လိုက်ပါ ...
ငါဟာ ဓါးမကိုင်တဲ့ သူရဲကောင်းတစ်ကောင် ...လို့ ...
ဒီနှုတ်ခမ်းပါးနှစ်စင်းအင်ပါယာ ...
ငါစိန်ခေါ်ကတည်းက ...
အနိုင်နဲ့ ပိုင်းဖို့ မဟုတ်ဘူး ...
အရှုံးတွေနဲ့ ရာဇဝင်ကို ရက်ရက်စက်စက်ရိုင်းစေဖို့သာ ...

ထင်ချင်သလို ထင်လိုက် ...
ထင်ချင်သလို သာ ထင်လိုက် ... တော့ ...။

Thursday, May 27, 2010

“““ဆေးကောင်း သမားကောင်း ...”””

ကဗျာပါပဲ ...
စိုပြေခြင်းလေညင်းတွေကို
ရက်ရက်ရောရာ တိုက်ခတ်ပေးတယ် ...
အပြုံးဆိုတာ မသိတဲ့ ငါ့အထီးကျန်ခြင်းတွေ
အခုတော့ သူတို့ရယ်သံတွေ
ပင်လယ်ပြင်ကြီးကို
ဖို့ပစ်လို့တောင် ရနေပြီ ...

ကဗျာပါပဲ ...
ဖြေသာခြင်းအိပ်မက်တွေကို
လှိုက်လှိုက်လှဲလှဲမက်ခွင့်ပေးတယ် ...
ငါ့ညတွေရဲ့ အေးမြခြင်းသံစဉ် ...
ငါ နာကျင်တဲ့အချိန်တွေမှာ
အားပေးနှိမ့်သိမ့်တယ် ...
ညတိုင်း ငါခိုဝင်တဲ့ အမှောင်အုတ်ဂူတွေရှေ့က
သူရဲကောင်း ...

ကဗျာပါပဲ ...
သူနဲ့ ငါ ...
တိုက်ပွဲခွာသံတွေအောက်မှာ ...
လွတ်လွတ်လပ်ရယ်မောခဲ့ကြသေးတယ် ...

ကဗျာပါပဲ ...
ချစ်သူရဲ့ ကန္တာရရင်ခွင်ကြီးအောက်မှာ ...
ငါ ...
စိတ်ပျက်စရာစုတ်ဖြဲခံရတဲ့နေ့က
အပြန်လမ်းမှာ ကဗျာငါ့ကို မိုးစက်တွေနဲ့အတူ ...
ငါ့ကို ချော့သိပ်တယ် ...
ရှိုက်နမ်းတယ် ...
ကဗျာရယ် ...
မင်း တည်ပျိုးပေးလိုက်တဲ့ ငါ့ရနံ့လေးတွေ ...
အခုဆို လေပြည်တွေတလျှောက် ...
သာယာမှုနဲ့ ငါယစ်မှုးပျော်ရွှင်တတ်ရပြီ ...

ကဗျာပါပဲ ...
အတုအယောင်မဟုတ်တဲ့ သံယောဇဉ်နဲ့
ငါ့အနား လိုအပ်ချိန်တိုင်း ရှိနေပေးတာ ...
လောကကြီးရဲ့ ထားနေကျ ...
အတုအယောင်မေတ္တာကို သွေဖယ်တယ်လေ ...

ကဗျာပါပဲ ...
ငါကလဲ အတုအယောင်မဟုတ်ဘဲ
မေတ္တာစ်မှန်တွေနဲ့သာ ပေါင်းသင်းကာ
လက်ပွန်းတတီးခုံမင်လာခဲ့တာ ...

တချိန်ကပါ ...
ကဗျာပါပဲ ...
အတုအယောင်ခံစားချက်နဲ့ ကဗျာနဲ့ ငါ ...
လုံးဝမအပ်စပ်ခဲ့တာ ...
ကဗျာ ...
ကဗျာ ...
ကဗျာ ...

ငါသေချာချင်တယ် ...
သေချာနေမယ် ...
လေပြည်အပြုံးမှာ ...
ငါ့ကျရှုံးပြီး ဝေဟင်မှာ
ကားစင်တင်ခံရရင်တောင် ...
ကဗျာဟာ ငါ့အတွက်...
အတုအယောင်ကယ်တင်ရှင်မဟုတ်ဘူး ...
ကဗျာဟာ ...
အတုအယောင်မဟုတ်ဘူး ...
အစစ်အမှန်တွေထက် သာတယ် ...

ကဗျာပါပဲ ...
ငါ့နှလုံးသားရဲ့ အသေခံဆေးသမား ...။။။..။။။...