နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, April 28, 2010

“သန်းခေါင်ယံမှာ တွန်တဲ့ မွန်းတည့်ကြက်...”

ငါအမည်မဖော်တတ်ဆဲ
တစ်နေရာရာမှာ အမှောင်ဝတ်ရုံခြုံနေတဲ့
အေးမြမုတ်သုန်များ...
သွားရင်း လာရင်း
ငါ့ကို တွန်းလဲပွတ်တိုက်သွားကြပါ...
ဒီမှာ ငါ...
ပူလောင်ခြင်းတွေကို
တစ်က္ကန့်လောက်ပဲဖြစ်ဖြစ်
လွတ်ချချင်ရုံလေးပါပဲ...
..............................
တကယ်ပါ...
အိပ်မက်တွေထဲကို နေခုနစ်စင်း
ပက်ထည့်ရသလိုပဲ...
တစ်ဆင့်ချင်း၊ တစ်ဆင်းချင်းနဲ့
တဖြည်းဖြည်း
မွန်းတည့်လာတဲ့
သန်းခေါင်ယံကြောင့်
ခေါင်းအုံးတစ်ခုလုံး စိုရွှဲနေပြီ...
ဟော်...ဟိုမှာ လမင်းကြီးတောင်
ကြယ်စင်တွေက အေးမြခြင်းများပေးနိုင်လေမလား
ဆိုပြီး...
ဘေးနားခြံရံခစေလိုက်တာ...
မအေးတဲ့အပြင် လောင်နေပြီး
အခုတောင် မပြုံးနိုင်ရှာပဲ
နှုတ်လမ်းပါးလေးက မျောမျောလေးပဲရှိတော့တယ်...
မျောက်ငပိထိထားသလို
ပြေးလွှားနေတဲ့ လေရူးတွေ...
အပူကို လှောင်ရင်း၊ ပြောင်ရင်း၊
ပြောင်ရင်း၊ လှောင်ရင်း
ဦးဏှောက်တွေ ပျက်ပြီး
ဂေါက်သွားရှာပြီ...
သနားစရာကောင်းလိုက်ပါဘိနှယ်ကွယ်...
...........................
ကောင်းကင်ကြီးကတော့
တစ်ညလုံးရွှဲထားသမျှချွေးတွေကို
လောကသားတွေ အေးမြပါစေတော့ဆိုပြီး
ညစ်ထုတ်မယ်ကြံလိုက်တိုင်း...
တိမ်ပြာတွေ စုပ်စုပ်ယူလိုက်တာ...
အကြောင်းမေးကြည့်တော့...
နေမင်းကြီးကို ဖားဖို့...တဲ့...။
ကဲ...ကောင်းရော...
................................
အေးမြခြင်းမုတ်သုန်တို့...
အေးမြခြင်းမုတ်သုန်တို့...
အေးမြခြင်းမုတ်သုန်တို့...
ပူလောင်ခြင်းများ မီးရှို့လှည့်ပါ...
ဒီမှာ လိုချင်သော တောင့်တချက်များဟာ...
အေးမြခြင်းလက်ဆောင်များသာ...။
.....

ကျွန်တော့်ဆောင်းပါးလေးပါ...

လောကမှာ အရေးကြီးတဲ့ အကြောင်းအရာလေးတစ်ခုကို ဇာတ်လမ်းနောက်ခံထားပြီး ဆောင်းပါးရေးထားတာပါ
အဲဒီမှာမေ့သွားလို့ ကလောင်နာမည်မရေးလိုက်မိဘူး..ကလောင်နာမည်က လျံနိုးပါ...

လျံနိုး
http://docs.google.com/Doc?docid=0ASelkffWAEhcZGQ0N3YzZ18zYzRuZ3o0d2s&hl=en

Tuesday, April 27, 2010

ဆောင်းအိပ်မက်...

ဟိုး...
မြင်နေရတဲ့ ညဥယျာဉ်ကြီးတစ်လျှောက်
ပန်းပွင့်ဝတ်မှုန်လေးတွေကို
ပျောက်အောင်
ရက်ရက်စက်စက်လှဲထုတ်ပစ်လိုက်တယ်...
နောက်...
မြေကြီးတွေရဲ့ နံရံတွေပေါ်မှာ
ပေပွနေအောင် အကျအနထိုင်ပြီး
အိပ်မက်တွေကို ပစ်စလက်ခတ်ပစ်ကြဲလိုက်တာ...
သန်းခေါင်ယံကြီးအိမ်ပြန်လာတာနဲ့ တစ်ပြိုင်နက်
အိပ်မက်ပန်းလေးတွေ
ကပိုကရို
ပွင့်လာကြပါလေရော...
...................
လေထုကို ထိုးခွင်းလာတဲ့
ရနံ့တွေကတော့ ရှိုက်ရပါရဲ့...
ဒါပေမဲ့...
အိပ်မက်တွေကိုပဲ ငါပျိုးခဲ့ပါရက်နဲ့...
အနံ့တွေက အမျိုးအစားခြင်းမတူကြဘူး...
..............................
ဆိုကြပါစို့...
ရနံ့တွေကို အမျိုးအစားခွဲရရင်
သွေးပျက်စရာကောင်းတဲ့ ရနံ့၊
ဆွတ်ပျံ့လွမ်းဆွေးစရာကောင်းတဲ့ ရနံ့၊
ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ရနံ့၊
ဝမ်းနည်းငိုကြွေးစရာကောင်းတဲ့ ရနံ့တွေနဲ့
ဆန့်ကျင်ဘက်တွေကြီးပဲ၊
အချိန်ခဏတာ
အတိုအရှည်သာ မတူတာ...
ဆန့်ကျင်ဘက်ရနံ့ကို ငြင်းဆန်ခွင့်မရဘဲ
ခြေလှမ်းတွေက ကျောက်ချထားတော့...
.................
အဲဒီဥယျာဉ်နားမှာပဲ...
အာရုံတွေက တဝဲလည်လည်နေတော့တယ်...။...။...

စကား...

ချီးကျူးစကားသံတွေကြားထဲမှာပဲ
ငါ…အားတက်ခဲ့တယ်…
အထင်သေးအမြင်သေး
စကားသံ(တံတွေး)တွေကြားထဲမှာပဲ
ငါ…နစ်မွန်းခဲ့တယ်…
ဥပေက္ခာစကားသံတွေကြားထဲမှာပဲ
ငါ…မခံချင်စိတ်တွေး…
အားတွေမွေးခဲ့တယ်…။…
ညလိုမှောင်မိုက်တဲ့ စကားညတွေထဲမှာပဲ
ငါ…အလင်းကဗျာတွေကို
ရှာတွေခဲ့တယ်…။…။…
စကား…

“အထင်နဲ့ အမြင်…”

တစ်ခါတစ်ရံတွေးကြည့်လိုက်တော့…
ကောင်းကင်ကြီးက ပြာနှမ်းနေသလိုလို…
ဒါပေမဲ့ သေချာသွားကြည့်လိုက်တော့
ကောင်းကင်ကြီးက မိုးတိမ်(ငွေ့)တွေနဲ့
စိုစွတ်ဖြူဖတ်ဖြူလျော့ဖြစ်နေတယ်…
…………………………
တစ်ခါတစ်ရံတွေးကြည့်လိုက်တော့…
ကောင်းကင်ကြီးက မိုးတိမ်ငွေ့တွေကြောင့်
ဖြူဖတ်ဖြူလျော့နဲ့ အအေးမိနေသလိုလို…
ဒါပေမဲ့ သေချာသွားကြည့်လိုက်တော့
ကောင်းကင်ကြီးက မင်အိုးမှောက်ထားတဲ့
စာရွက်တစ်ရွက်လို တိမ်တွေနဲ့
ပြာနှမ်းနေပြန်တယ်…။…။။။

“ငရဲဘုံအားတူးဆွခြင်း...”

ပန်းပွင့်လေးကတော့...
လမင်းကို မမြင်ရလို့
ငိုနေရှာတယ်...
ဘာဖြစ်လို့လဲဆိုတော့
နေမဝင်ခင်သူအိပ်ပျော်ပျော်သွားတတ်လို့ပဲ...။...
................................
ငါ့မှာတော့ကွာ...
သန်းခေါင်ယံကို ဖင်ခုထိုင်ရလောက်အောင်
သူ...အွန်လိုင်းမှာထိုင်တဲ့အထိ
မျက်လုံးမျက်စပ်တွေ
နှုတ်ခမ်းနီဆိုးထားလားထင်ရတယ်...
အနီရောင်တွေကို မျက်လုံးမျက်စပ်တွေထက်မှာ
ဆင်မြန်းထားရတယ်...
ကြာတော့ ပျော်ရွှင်ခြင်းတွေကို
အွန်လိုင်းညတွေက စုပ်ယူထားတဲ့
ထုံးစံ... နိစ္စဓူဝလိုဖြစ်ပျက်နေပြီ...
..............................
ရာဇဝင်ထဲက မြို့ရိုးတွေ
ဘယ်နှစ်ခု ကာဆီးထားလဲဆိုတာ
မရည်မတွက်နိုင်အောင်ပါပဲ...
မျက်ရည်စကားတွေနဲ့
လေပြည်အားတွေကို စည်းရုံးပြီး
ငါ့အတွက် အဓိပ္ပာယ်မရှိ တည်ရှိနေတဲ့
မြို့ရိုးတွေကို ကင်းမဲ့အောင် ဖြိုချချင်မိလည်း
ညတွေ ကောင်းကင်ရိုးတစ်လျှောက်
တိမ်တွေနဲ့အတူ စိုစွတ်သွားတာကလွဲလို့
ဘာမှဆို ဘာမှကိုမတတ်နိုင်...။..
................................
ဒီကြားထဲ ရင်မှာ ပျိုးထားတဲ့
နေတစ်စင်းက
ညတွေကနေ နေ့တွေအထိ...
နွေတွေနဲ့အတူ
အရှေ့အနောက်မရှိဘဲ
ခရီးတော်တော်ပေါက်နေပြီ...
နှလုံးသားတစ်ခုလုံးလည်း
အရည်ပျော်ကျတာထက်ကိုဆိုးရွားတာက
ရင်ခုန်သံအခန်းကျဉ်းလေးထဲ...
တဖြည်းဖြည်းသေးသထက်သေး...
ကြုတ်သထက်ကြုတ်ကာ...
သူ့ကြောင့်ငါ...
အချစ်လို့ လှလှပပခေါ်ကြတဲ့
ပြာရနံ့တွေနောက်မှာ
လိုက်ရင်း...
နာရီသံပေါက်ပြားတစ်လက်နဲ့...
ငရဲဘုံကို...။...။..။.။။။

“ကောင်မလေးရေ…ငါမှားခဲ့သလား…”

ညကောင်းကင်တွေပေါ်မှာ
အိပ်မက်တွေကို အစီအရီဖြန့်ကြဲလျက်
ပိုးစုန်းကြူးလေးတွေလို တောက်ထွန်းနိုင်ဖို့
အလွမ်းတွေဆီက မီးညှိယူရတဲ့အဖြစ်…
ကြယ်စင်တွေကိုတော့…
နေ့ကို အမှောင်အင်ပါယာကြီး သိမ်းသွင်းလိုက်ကတည်းက
အတွေးချူတံနဲ့ ရက်ရက်စက်စက်ခြွေချစမြဲ…။…
ဒီတော့…
ကောင်မလေးငါမကဲဘူး….ယုံ…။
……………………
တကယ်ပါ…
အတိတ်မှာ…
ရင်ခုန်သံဓားမကြီးတကိုင်ကိုင်နဲ့
ကောင်မလေးကို မရမကလိုက်သတ်ခဲ့တာ..ငါ.
ဂုဏ်သိက္ခာတွေဆိုတာကလည်း
ဆရာ/ဆရာမ၊ အပေါင်းအသင်း၊
ပတ်ဝန်းကျင်နဲ့
သူငယ်ချင်းတွေဆီမှာ
ကောင်မလေးကိုသတ်ဖို့ ရင်ခုန်သံဓားကို
သွေးထားကတည်းက
တစစီထုခွဲ၊ စေတနာမပါဘဲ
ပစ်လှူခဲ့ပြီးပါပြီ…
အခုလောက်ဆို သူတို့တွေရဲ့
လွယ်အိတ်တွေထဲမှာ
နည်းနည်းလောက်ပဲကျန်ဦးမယ်ထင်တယ်…
ကောင်မလေးကလည်း
ဥပေက္ခာမျက်လုံး၊ မာယာအပြုံး၊
ရယ်စရာစကားလုံးစတဲ့…
အဆီးအတားကောင်းကောင်းလေးတွေနဲ့
သွေးပျက်ပျက်နဲ့ ပြေးလိုက်တာ
ငါ့နာရီတွေဆို ချွေးတွေနဲ့
အအေးပတ်ခဲ့တယ်…။…
…………………………
ဒီလိုပါပဲ…
ဒီလိုနဲ့ဆိုရမှာပေါ့…
ငါ့မှာ မနက်ညမခွဲနိုင်ဘဲ
ကောင်မလေးရနံ့ကို ချင်ခြင်းတက်ခဲ့တာ…
ကောင်မလေးကို ရင်ခုန်သံဓားနဲ့
မရမကသတ်ဖြတ်ခဲ့တာ…
ငါပဲ ဇွဲကောင်းခဲ့လို့လား…
သူပဲ မောသွားလွန်းလို့လားတော့ မသိဘူး…
သူ့ကိုငါ ရင်ခွင်ထဲ ပစ်သွင်းဖို့
လိုက်လို့ မီခဲ့တဲ့အချိန်မှာ…
ငါ…လေ
ရယ်စရာတောင်ကောင်းတယ်…
လေယာဉ်ကြီးကို မျက်ရည်တွေနဲ့
ပြည့်လျှံစေမတတ်လောက်အောင်…
ငှက်တွေကို အဖော်ညှိပြီး…
အဝေးကိုပါ…
ပျံသန်းသွားခဲ့တာ…
ဘယ်လိုနေရမလဲ
သိရှာမှာ မဟုတ်တဲ့
ကောင်မလေးတော့…
သနားစရာပါ…
…………………
ကဲ…ဘယ်သူပဲမှားခဲ့သလဲ…
ဘယ်သူ့ကိုပဲ အပြစ်သွားတင်ရမလဲ…………………
။။။