ညကောင်းကင်တွေပေါ်မှာ
အိပ်မက်တွေကို အစီအရီဖြန့်ကြဲလျက်
ပိုးစုန်းကြူးလေးတွေလို တောက်ထွန်းနိုင်ဖို့
အလွမ်းတွေဆီက မီးညှိယူရတဲ့အဖြစ်…
ကြယ်စင်တွေကိုတော့…
နေ့ကို အမှောင်အင်ပါယာကြီး သိမ်းသွင်းလိုက်ကတည်းက
အတွေးချူတံနဲ့ ရက်ရက်စက်စက်ခြွေချစမြဲ…။…
ဒီတော့…
ကောင်မလေးငါမကဲဘူး….ယုံ…။
……………………
တကယ်ပါ…
အတိတ်မှာ…
ရင်ခုန်သံဓားမကြီးတကိုင်ကိုင်နဲ့
ကောင်မလေးကို မရမကလိုက်သတ်ခဲ့တာ..ငါ.
ဂုဏ်သိက္ခာတွေဆိုတာကလည်း
ဆရာ/ဆရာမ၊ အပေါင်းအသင်း၊
ပတ်ဝန်းကျင်နဲ့
သူငယ်ချင်းတွေဆီမှာ
ကောင်မလေးကိုသတ်ဖို့ ရင်ခုန်သံဓားကို
သွေးထားကတည်းက
တစစီထုခွဲ၊ စေတနာမပါဘဲ
ပစ်လှူခဲ့ပြီးပါပြီ…
အခုလောက်ဆို သူတို့တွေရဲ့
လွယ်အိတ်တွေထဲမှာ
နည်းနည်းလောက်ပဲကျန်ဦးမယ်ထင်တယ်…
ကောင်မလေးကလည်း
ဥပေက္ခာမျက်လုံး၊ မာယာအပြုံး၊
ရယ်စရာစကားလုံးစတဲ့…
အဆီးအတားကောင်းကောင်းလေးတွေနဲ့
သွေးပျက်ပျက်နဲ့ ပြေးလိုက်တာ
ငါ့နာရီတွေဆို ချွေးတွေနဲ့
အအေးပတ်ခဲ့တယ်…။…
…………………………
ဒီလိုပါပဲ…
ဒီလိုနဲ့ဆိုရမှာပေါ့…
ငါ့မှာ မနက်ညမခွဲနိုင်ဘဲ
ကောင်မလေးရနံ့ကို ချင်ခြင်းတက်ခဲ့တာ…
ကောင်မလေးကို ရင်ခုန်သံဓားနဲ့
မရမကသတ်ဖြတ်ခဲ့တာ…
ငါပဲ ဇွဲကောင်းခဲ့လို့လား…
သူပဲ မောသွားလွန်းလို့လားတော့ မသိဘူး…
သူ့ကိုငါ ရင်ခွင်ထဲ ပစ်သွင်းဖို့
လိုက်လို့ မီခဲ့တဲ့အချိန်မှာ…
ငါ…လေ
ရယ်စရာတောင်ကောင်းတယ်…
လေယာဉ်ကြီးကို မျက်ရည်တွေနဲ့
ပြည့်လျှံစေမတတ်လောက်အောင်…
ငှက်တွေကို အဖော်ညှိပြီး…
အဝေးကိုပါ…
ပျံသန်းသွားခဲ့တာ…
ဘယ်လိုနေရမလဲ
သိရှာမှာ မဟုတ်တဲ့
ကောင်မလေးတော့…
သနားစရာပါ…
…………………
ကဲ…ဘယ်သူပဲမှားခဲ့သလဲ…
ဘယ်သူ့ကိုပဲ အပြစ်သွားတင်ရမလဲ…………………
။။။
No comments:
Post a Comment