နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Friday, June 4, 2010

“ဘဝရဲ့ ကလောင်ရှင် ”

ဖုတ်တိုက်ကဝေသက်ပြင်းတွေ အတွဲလိုက်အခိုင်လိုက်
မြေပြင်ပေါ်ကို ...
တရွေ့ရွေ့ပြုတ်ကြွေကျတယ် ...
ချွေးသီးချွေးပေါက်တွေ ဝတ်ဆင်ထားရတာ ...
တကိုယ်လုံး မိုးကျရေကိုယ်ဖြစ်နေပြီ ...
မြောက်ပြန်လေလေးကို တစ်ချက်လောက်ပဲဖြစ်ဖြစ်ကွာ ...
မွတ်သိတ်ဆာလောင်လွန်းလို့ပါ ...
စကားလုံးတွေ ရှာကြံပြီး အကြောင်းပြချက်ကို
ပစ်ပေါက်ဖို့တောင် ဒီနှုတ်ခမ်းတွေ ခြောက်ကပ်နေလွန်းလို့ပါ ...
အရင်က မျက်စိပဒသာဖြစ်စရာ မြင်ကွင်းတွေ
ငါ့ရှေ့မှာ အတိုင်းသား လွင့်ကြဲနေလည်း ...
ရေတပေါက်လောက် ငါဘာကိုမှ ...
မမက်မောတော့ပါ ...
....................................
အဖေ ...
အဖေမရှိတဲ့ အဲဒီည...
အိပ်မက်ကိုက ပုတ်သိုးပြီး ရာဇဝင်ထဲက
စုန်းမဆန်လွန်းပါတယ် အဖေ ...
အဖေမရှိတော့လေ ...
ကျွန်တော့်ကောင်းကင်ကြီး ...
“ဝေါ” ခနဲ ပျောက်ဆုံးသွားသလိုပဲ အဖေရေ ...
နေမင်းတွေ ဘယ်လိုလုပ် ပျောက်ကွယ်လျှိုးဝင်သွားလဲ ...
မသိရလောက်အောင်ပဲ ...
အဖေရယ် ...
ကျွန်တော် တစ်ယောက်တည်း လမင်းတွေနဲ့ ညတွေပေါ်
ခပ်တည်တည်နဲ့ အလွမ်းတွေကို မသိမသာလေး
စိုက်ကြဲနေရတာ ...
စိုရွှဲနေဆဲ ကျွန်တော့်ညာဖက်ပါးပြင်လေးက လွဲပြီး ...
ဘယ်သူမှ သတိမထားမိကြဘူး ...

အဖေရေ ...
သူစိမ်းသူရံအရပ်ကနေ ...
ရင်းနှီးခြင်း ခြေလှမ်းတွေနဲ့ ပြန်လာပါ ...
ပြန်လာပါ အဖေ ...
အဖေလေ ...
ကျွန်တော့်ရှေ့မှာ ကျွန်တော့်အနာဂတ်ကြီးအကြောင်း ...
ကျွန်တော့်ကို အသက်သွင်းပြီး ...
မပြောပြခဲ့တာ ...
မရေးပြခဲ့တာ ...
မဆွဲပြခဲ့တာ ...
အတော်လေးကို ကြာနေပါပြီ အဖေ ...
အဖေ့လက်ထဲမှာ ကျွန်တော့်အတွက် ဇာတ်ညွှန်းတွေရှိတယ် ...
ဒါပေမဲ့ အဖေ ကျွန်တော့်ရှေ့မှာ မရေးတာ ကြာပြီ ...
အဖေ့လက်ထဲမှာ ပြိုးပြိုးပြက်ပြက် လင်းလက်နေတဲ့
ကျွန်တော့်အနာဂတ်တွေ ရှိတယ် အဖေ ...
ဒါပေမဲ့ အဖေ အမှောင်ချထားခဲ့တာကြာပြီ ...
အဖေ့လက်ထဲမှာ ...
မပြီးဆုံးသေးတဲ့ ကျွန်တော့်ကဗျာတွေ ရှိတယ် အဖေ ...
ဒါပေမဲ့ အဖေ စကားလုံးတွေ သိမ်းယူသွားခဲ့တာ ကြာပြီ ...
အဖေရေ ...
အဖေ့ခြေလှမ်းတွေကိုသာ ကျွန်တော်တို့နှစ်ယောက်ကို ဆက်သွယ်နေတဲ့
ခရီးလမ်းတွေအပေါ်မှာ တင်စီးထားလိုက်တော့ ...
ကျွန်တော်ကတော့ ...
အဖေရှိရာ ...
အဖေပေးမဲ့ ကျွန်တော့် ဆက်ရန် ကဗျာတွေအတွက်
မျှော်လင့်ခြင်းတွေ ပစ်ကြဲခဲ့တာ ...
အဖေထွက်သွားတဲ့နေ့က မွေးဖွားသန့်စင်ပေးလိုက်တဲ့
နာရီအိုကြီးအသိပါ အဖေ ...

အဖေရေ ...
ပြန်လာပါ ...
အဝေးတစ်နေရာကနေ ...
ကျွန်တော်လေ ...
အဖေ့ဒသနတွေ ဝနေတဲ့ ကဗျာဦးဏှောက်တွေနဲ့အတူ ...
အဖေ့ကို စောင့်နေပါ့မယ် ...
နောက် ကျွန်တော့်မုတ်သုန်လေအေးတွေကိုလည်း ...
ပျိုးကြဲပြုပြင်လှည့်ပါ အဖေ့ရဲ့ အိမ်ပြန်ခြေလှမ်းတွေနဲ့သာ ...

ဘာပဲဖြစ်ဖြစ် ...
ကျွန်တော်ဒိုင်ယာရီစာမျက်နှာတွေ တစ်ဝက်တောင် မကျိုးသေးဘူး ...
ဒါကြောင့် ...
အဖေပြန်လာရမယ် ...

အဖေရေ ...
.....................................

Thursday, June 3, 2010

“မိုးကြိုးတစ်ပစ်စာ ...”

လေပြည်ကိုမှ အမေခေါ်မိတာ ...
ခဏတာ တိုက်ခတ်မှုနဲ့
သူကျော်ဖြတ်သွားမှ
လူတစ်ယောက်လုံး ကြောင်စီစီဖြစ်သွားလောက်တဲ့အထိ
နှလုံးသား သေဒဏ်ကျသလိုမျိုး ...
စကားလုံးတွေ အထီးကျန်တယ် ...

ဒီတစ်ကောင်တည်း စကားလုံးမရှိဘဲ နေဝင်ခဲ့တာ
အခုဆို နာရီပေါင်းများစွာ ခုန်ပေါက်ထွက်ပြေးကုန်ကြပြီ ...
ဒါဟာ ...
တောင်တန်းတွေတောင် အားနာဖို့ ကောင်းနေပါပြီ ...

ကဗျာတွေက အမြဲတမ်းလမ်းဟောင်းလေးပေါ်
ငေးငိုင်ငဲ့စောင်းနေကြတာ ...
အခုဆို ...
နောက်ဆုံးခွဲခဲ့တဲ့ လမ်းလေးပေါ်
မင်ရည်တွေ စိုရွှဲလျက် ...
ငါထပ်ပြီး ...
ဆက်လက်ပြီး ...
ဘာမှ ...

ကတိုက်ကရိုက်ပွင့်နေတဲ့
ယောင်ရမ်းခြင်းအိပ်မက်တွေကိုတော့ ထိန်းသိမ်းရင်း ...

ခဏသာ တွေ့ဆုံခြင်းအတွက် ...
ကဗျာတွေ ထားခဲ့ပြီး ...
ငါနှုတ်ဆက်ခဲ့ပါတယ် ...

ကံမကုန်ခဲ့ရင် ....
..................................

Wednesday, June 2, 2010

တောင်းဆု

ငါထင်တဲ့ ...
တစ်ယူသန်ငါ့ယဉ်ကျေးမှု အကြောင်းပြု ...
ရိုင်းစိုင်းစွာ ကဗျာမဟေသီနှုတ်ခမ်းကို
နိဒါန်းပျိုးလိုက်ရချေပြီ ...

ဘဝမှာ ...

“...ကာမ မပိုင်မိန်းမမှန်သမျှ ...
ငါ၏ ကဗျာမြစ်တို့၌
အတုံးအရုံးလက်မြောက် ကျရှုံးကြလေသတည်း ...”

“လွမ်းမောခြင်းဟူသမျှ ငါ့အာရုံများတွင် ရှတလွှမ်းမိုးကြစေသတည်း ...”

ကမ္ဘာကြီးက လွတ်လွတ်လပ်လပ်နဲ့
ကိုယ့်ကိုကိုယ် ဖြန့်ခင်းကာ
အပြတ်သတ်ကျယ်ပြန့်ပြနေလေရဲ့ ...
အဲဒီလို ပြန့်ကျယ်မှုတွေထဲ ...
တစ်ယောက်ကို တစ်ယောက် ...
လွတ်လပ်မှုကို
မျှဝေမယူ ...
နယ်နိမိတ်တစ်ခုထဲမှာပဲ ...
ကိုယ့်အငွေ့အသက်ကိုယ်စီနဲ့
လှည့်လည်ပစ်ဝဲနေကြတယ် ...
(၂)
မထင်မှတ်သလို ...
မထင်မှတ်တဲ့ အချိန်မှာ ...
မထင်မှတ်တဲ့ မျက်ဝန်းတစ်စုံနဲ့ ပွတ်တိုက်ထိရှမိခဲ့တဲ့
ငါ့နောက်ကျောရဲ့ အစိတ်အပိုင်းလေးတခြမ်း ။...
သံယောဇဉ်မီးပွားလေးတွေ ...
နှစ်ယောက်သား ညှိယူလောင်စာဖြည့်ခဲ့ကြတယ် ...
ဩော် ...
မိန်းကလေးရယ် ...
ငါလည်း လူထဲက လူပါပဲကွယ် ...
ငါတို့လက်တွေက ...
သံယောဇဉ်မီးတွေကို ဆုပ်ကိုင်ထားဖို့
မပူလောင်ခဲ့ဘူး ...
ဒါပေမဲ့ ရင်ခုန်သံတွေတော့ ...
တဟုန်းဟုန်းချီလို့ အပြင်းစားသတ်ပုံထိ
တောက်လောင်ခဲ့ကြတယ် ...
မင်းဟာလည်း ငါလိုပဲ ...
လူတစ်ယောက်ပဲကွယ် ...
ငါ့တို့ နှစ်ယောက် ...
တစ်ယောက်ကို တစ်ယောက်မငြင်းဆန်နိုင်ခဲ့ဘူး ...
(၃)
ဘယ်လို အခြေအနေတွေပဲ ...
ဟောင်းဆွနေတဲ့ ငါ့ဒိုင်ယာရီတွေထဲ ရှိခဲ့ ... ရှိခဲ့ ...
သေချာတစ်ခုကတော့ ...
အခုလောလောဆယ် ငါဟာ ...
တစ်ယောက်တည်းပါပဲကွယ် ...
တစ်ယောက်တည်းဟာ တစ်ယောက်တည်းပဲ ...
ဘယ်တော့မှ နှုတ်ခမ်းက လေးစုံလောက်ဖြစ်လာနိုင်မှာမဟုတ်ဘူး ...
တစ်ကိုယ်တည်းဟာ တစ်ကိုယ်တည်းပဲ ...
ဘယ်တော့မှ ရေးစရာကဗျာဟာ ...
ပျော်ရွှင်မြိုင်ဆိုင်လာမှာ မဟုတ်ဘူး ...
ပဲ့တင်သံတစ်သံဟာ ဘယ်တော့မှ ...
ပါးစပ်ထဲမှာ အပြန်အလှန်ကြားရမှာ မဟုတ်ဘူး ...
ညတွေမှာ ခွေးတွေ ပိုအူတယ် ...
ကောင်းကင်ဟာ တပြင်တည်း ...
ဒါပေမဲ့ ငါတစ်ကောင်တည်း ပွင့်နေရတယ် ...
မိန်းကလေး ...
မွေးကတည်းက ...
ငါဟာ တစ်ယောက်တည်း မဖြစ်ချင်ခဲ့ဘူး ...
ဒါကြောင့် ...
ငါ့ဆုတောင်း နင့်ကြောင့် အပြည့်အစုံတော့ ...
မပျက်ယွင်းခဲ့ပါဘူး ...
(၄)
ဘာပဲဖြစ်ဖြစ် ...
တွေ့ချင်တယ် ...
စိတ်ကူးတွေ တွေ့ဆုံခြင်းဆီ အတိုင်းသား
လွင့်ကြဲနေတယ် ...
မိန်းကလေး ...
ငါလေ မင်းမျက်ဝန်းတွေဆီပဲ ...
ကုန်ဆုံးခဲ့တဲ့ လမ်းဟောင်းလေးလေ ...
နင့်ခြေရာတွေ ငါသွားရှာတယ် ...
ဂမ္ဘီရအပြုံးတွေ ကျိုးတိုးကျဲတဲ စိုက်ကြဲထားတာတွေကလွဲလို့ ...
ငါ ...
ဘာမှ မတွေ့ခဲ့ဘူး ...
ငါ မင်းကို တွေ့ချင်တယ် ...
ဘာပဲဖြစ်ဖြစ် တွေ့ဆုံခြင်းတွေ စိုက်ကြဲလှည့်ပါ ...
တွေ့ချင်တယ် ...
တွေ့ချင်တယ် ...

Tuesday, June 1, 2010

“ဝေး ...”

အပြုံးတစ်လက်နဲ့ ...
နှုတ်ဆက်ခဲ့တာ ကြာပြီ ...

ရင်ထဲမှာတော့ ...
မိုးတွေ ဖြိုင်ဖြိုင်ရွာလို့ ကောင်းလာတယ် ...
သီချင်းတွေ မြိုင်ဆိုင်ဆွေးမြေ့ကြေကွဲတတ်လာတယ် ...
စကားလုံးတွေ ရှာကြံ ကောက်စု ...
အကြည့်တစ်စုံကို ရဖို့ မျှော်လင့်တတ်လာတယ် ...
အိပ်မက်တွေနဲ့ အတိတ်ကို ...
သူ့အသံလေးကြားရဖို့ ကြိုးညှိသီဆိုတတ်လာတယ် ...
လွန်ခဲ့တဲ့ နောက်ဆုံးလမ်းခွဲချိန်ကို ...
နှုတ်ခမ်းပါးလေး အပေါ်အောက် နှစ်ထပ်ကို ချဲ့ပြီး
ထုတ်ကြည့်တတ်လာတယ် ...
တစ်ရွက်တည်း လွင့် ...
တစ်လှေတည်း စီး ...
တစ်ယောက်တည်း ညည်း ... ရင်း ...
ဂူသားဆန် ... အုတ်ဂူဆန် ... သချိုင်းဆန် ...တဲ့
အဖော်မဲ့ ပဲ့တင်သံ
ကဗျာတွေကို သူ့ဆီပို့ပို့ပေးတတ်တယ် ...
ကြယ်စင်လေးတွေ ဆီကနေ တစ်ဆင့် ...ပေါ့လေ ...
သူ့အကြောင်းတွေးမိတိုင်း ...
ကဝေအဆိပ်သင့်တဲ့ လက်ချောင်းလေးတွေကို
ထိုင်ထကခုန်ခိုင်းပြီး ...
သူနဲ့ နီးပြီ ... လို့ ပျော်နေတတ်လာတယ် ...

သူနဲ့ တွေ့ရင် ...
အန်ချခင်းပြဖို့ ကဗျာတွေ များစွာ ...
သိုဝှက်သိမ်းဆည်းထားပါတယ် ...

“နှစ်မျက်နှာနဲ့ လူ ...”

အနမ်းကဝေတွေကို လက်သင့်ခံဖို့
ငါ့မှာ ရင်ခွင်နှစ်စုံမရှိဘူး ...
ဒါပေမဲ့ ...
ငါ့ညတွေမှာ ကြယ်မဝေတော့ ...
လမင်းတောင် မသာတဲ့အခါ ...
ငါ့ကိုယ်ငါ ...
ကိုယ့်လိပ်ပြာကိုယ် ပြန်ကြောက်ရွံ့သွေးပျက်နေမိတယ် ...

လမ်းတွေဟာ အရင်ထက်ပိုပြီး ...
အသည်းကွဲသမားတစ်ယောက်လို
ခြောက်သွေ့အထီးကျန်ဆန်လာတယ် ...
မသာတော့တဲ့ နေတစ်စင်းဟာ ...
ဝမ်းပိတ်နေတဲ့ လူတစ်ယောက်လို နှုန်းချိနေတော့တယ် ...

သန်းခေါင်ဆိုတဲ့ အဓိပ္ပာယ်ဟာ ...
မိုးကြိုးမချုန်းဘဲပစ်ချထားတဲ့ အစိမ်းသေတစ်ကောင်လို ...
မည်းတူးဆိတ်ငြိမ်နေတယ် ... လို့
အဓိပ္ပာယ်ပြည့်စုံလာတယ် ...
ငါက ...
ပြူးတူးပြဲတဲထိုင်လို့ပေါ့လေ ...
သန်းခေါင်ဆိုတာကို အဓိပ္ပာယ်သီကုံးတတ်သွားတယ် ...

(၂)

ငါ့ကို တွယ်ကပ်သူနဲ့ ...
ငါ့က တွယ်ကပ်သူနဲ့ ...
စကားတွေက ပင်လယ်ပြင်ထက်ကို
မာယာများလာတယ် ...

ငါ့ကို မျှော်ကြည့်တဲ့ သူနဲ့ ...
ငါက မျှော်ကြည့်တဲ့ သူနဲ့ ...
ရင်ခွင်ဟာ ...
ပြဒါးတစ်လမ်း ...
သံတစ်လမ်း ...နဲ့
ကောင်းကင်လို တစ်စုတည်း မဟုတ်တော့ဘူး ...
တိမ်တွေလို ကောင်းကင်တစ်ပြင်ကြီးထဲမှာပဲ ...
အရပ်ရပ် ... ရယ်လို့
တောင်တလမ်း၊ မြောက်တခြမ်း ကွာဝေးလာတယ် ...

စိတ်ထဲမှာတော့ ...
ရွာရိုးကိုးပေါက်အတွေးတွေနဲ့ ...
ဗျာများနေဆဲ ...
အကြည့်တွေထဲမှာလည်း ...
အပြုံးနှစ်စင်းဟာ ခွာသံကိုယ်စီနဲ့
စီးချင်းထိုးနေကြတယ် ...

ကဲ ...
ဝဲယာနှစ်ဘက်စလုံးဟာ ...
? တစ်ခုစီကို ဆုပ်ကိုင်ထားလျက် ...
............................

Saturday, May 29, 2010

“ချစ်တတ်ခြင်း၌ နှိုးနေလျက် အိပ်ငိုက်နေသောသူ ...”

သောက်သုံးခဲ့ရတဲ့
နွေပေါင်းမနည်းတော့ဘူး ...
အာခေါင်တခုလုံး မွှန်စပ်နေပြီ ...
မြေပြင်ကြီးက အားမနာတမ်းနဲ့ အပူပြင်းဆုံး ...
အပြာရောင်တောက်လောင်မှုတွေကို
အန်ထုတ်ဆဲ ...အန်ထုတ်မြဲ ...

ကောင်းကင်ကြီးကလည်း ...
ဆောင်းကို ...
သိုဝှက်လို့ကောင်းတုန်း ...
ရင်ထဲမှာတော့ ...
မွန်းတည်းလို့ မဆုံးနိုင်ဘူး ...ဆိုတာ
ခြေလှမ်းတွေ နှစ်ယောက်အတူလင်းဖို့
ပန်းတိုင်ဆီ ...
ကျွန်တော့်လက်ကို...
တယုတယကိုင်ခဲ့တဲ့ သူ ...
သိနိုင်မလား ...

မိုးဖြိုင်တဲ့ ကောင်းကင်တွေ ...
ယိုယွင်းပေါက်ပြဲခဲ့တာ ...
သူ ...နဲ့
ဝေးသွားကတည်းက ...

သူ ...နဲ့
ပတ်သက်ပြီး ...
မျက်လုံးဖွင့်လျက်အိပ်ပါရစေ ...
ရွာချစရာမိုးစက်တွေ မရှိတော့လောက်အောင် ...
(သူမရှိတဲ့)ဒီမျက်ဝန်း လောင်ကျွမ်းတော့မယ် ...
သူ ...
မရှိတော့နဲ့ နေ့ကစပြီး ...
အခုချိန်ထိ ...

ဩော် ...
သူ...နဲ့
ပတ်သက်ပြီး ...
မျက်လုံးဖွင့်လျက် အိပ်ပါရစေလား ...