မ…
ကျွန်တော်တို့ ညတွေ
မဆုံစည်းနိုင်အောင်
မြို့ရိုးဘယ်နှစ်လီ၊
ဘယ်နှစ်ထပ်၊ ဘယ်နှစ်ခုနဲ့
ကာဆီးထားသလဲ…
(အဲဒါတွေကို)
စုတ်ဖြဲကာ လာချင်ပေမဲ့ မရယ်…
မဘက်က အပြုံးတွေနဲ့ ကြိုဆိုနေမယ်ဆိုတာ
သိပေမဲ့ မရယ်…
ကျွန်တော်လေ…
ခြေလှမ်းတွေက အလွမ်းဖြေကဗျာလေးတွေဆီကနေ
ရုန်းထွက်ဖို့…
မဝံ့မရဲ ဖြစ်နေစိတ်နဲ့ပဲ…
ဪ…
မြို့ဘယ်နှစ်လီဝေးနေပြီလဲ…
…………………………
မရဲ့ ရှေ့…
ကျွန်တော့်ရဲ့ နေ့တွေကို
လာရောက်လက်ဆောင်ပကာသနအဖြစ်ပေးချင်ပေမဲ့
အနမ်းတွေအဖြစ် တစ်ယူသန်မှတ်ယူထားတဲ့
အတိတ်က မရဲ့ မဲ့တဲ့တဲ့ အပြုံးလေးတွေနဲ့ပဲ
တွေးရင်း ကျေနပ်နေတဲ့ စိတ်နဲ့ပဲ…
ဩော်…
ကြယ်စင်အလင်းတန်းဘယ်နှကုဋေလောက်
ကွာခြားနေပြီလဲ…
ရင်ထဲမှာ ကမ္ဘာခြားနေသလို ခံစားနေရပြီပဲ…
……………………………
ဘယ်တော့ ပြန်ဆုံနိုင်မလဲ…
အားလုံးမသေချာတဲ့ လောကကြီးမှာ
အားလုံးမသေချာတာကို ကျေကျေနပ်နပ်
ခံယူထားပေမဲ့…
ဘယ်တော့ ပြန်ဆုံရမလဲဆိုတဲ့
မေးခွန်းရဲ့ အဖြေက မသေချာဘူးဆိုတာတော့
လက်မခံချင်ဘူး…
တစ်စုံတစ်ယောက်များသိရင်လေ…
ထပ်တူထပ်မျှကျွန်တော့်ကိုလည်း
ပြောပြပေးကြပါ…
…………………………
မရယ်…
မှတ်ထားပါနော်…
မမြင်တာမဆုံတာကြာပေမဲ့
ဖြစ်ရိုးဖြစ်စဉ်အတိုင်း
ရင်ခုန်သံတွေ မအေးစက်သေးဘူးဆိုတာကို
ဘယ်ပဲရောက်ရောက်ပါ…
နောက်…
ကျွန်တော့်အကြောင်း စဉ်းစားတဲ့အချိန်တိုင်း…
လတ်ဆတ်နေတဲ့ ရင်ခုန်သံလေးတွေကို
အတွေးတွေနဲ့ တို့ထိယူပေးပါ…
ရင်ခုန်သံတွေ ပူနွေးနေ(ဆဲ)တယ်ဆိုတာလည်း သတိရပေးပါ…
မရယ်…
…………..။……………
မရယ်…
မရယ်…
မရယ်…
No comments:
Post a Comment