နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, May 12, 2010

“မဆုံစည်းခြင်း...”

ရွှေဝါရောင် ကန္တာရကြီးထဲမှာ ...
ဆောင်းကို သွားပျိုးမိတဲ့ ငါ့အဖြစ်ကိုက
ငါ့အပြစ်တစ်ခု ...
သဲမှုန်လေးတွေတောင်
အပူလျှပ်၊ အအေးပတ်ကုန်ပြီး
သေမျောကြပြီ...
မြေပြင်ကြီးပေါ် လဲလျောင်းအိပ်စက်နေကြတဲ့.
သဲဝိဥာဉ် အမှတ်စဉ်တွေကို ရည်တွက်ပြီး
ငါတစ်ယောက်တည်း ...
တွေးမိတွေးရာ တွေးမိရာက ...
ခေါင်းတညိမ့်ညိမ့် သံဝေဂတရရနဲ့...
ပါးစပ်ကနေ တီးတိုးရေရွတ်မိလိုက်တာက
“...ဩော်... ငါ့အမြင်အာရုံအောက်မှာ
မင်းလေး သေဆုံးပျောက်ကွယ်ပျောက်သွားခဲ့တာ
အခုဆို နှစ်ပေါင်းမနည်းတော့ဘူးပဲ...
ဒါပေမဲ့ ငါ့မျက်စိအောက်မှာ သေဆုံးနေကြပေမဲ့
ရှိနေကြတဲ့ သဲမှုန်တွေလို...
ငါ့အကြည့်တွေ အောက်မှာ
မင်း သေဆုံးသွားလည်း ဒီရင်ခွင်ထဲ ...
ဂစ်တာတစ်လက်နဲ့
ကဗျာရေးတဲ့ လက်တစ်စုံကိုသာ အသုံးပြုပြီး
သတိရတိုင်း ငေးငိုင်ကြည့်မိတတ်တာ ...
ကြည့်မိတိုင်းလည်း ပါးပြင်ပေါ်
မိုးတွေ ခိုးရွာရတယ်....”...။...။...

“ကံကြမ္မာမှ ကောက်နုတ်ချက်...”

အိပ်မက်ကို လှောင်အိမ်ထဲ
ပြန်သွင်းလိုက်တယ်...
မျက်စိမှိတ်ထားသ၍ သူ့ကိုပဲ လိုက်ရှာမယ်...
လို့လည်း ကြိမ်းဝါးထားတယ်...
..................................
ပျံသန်းသွားပါပြီ...
တကယ်...
ပျံသန်းသွားပါပြီ အတိတ်ဆိုတဲ့ သတ္တဝါကြီး
ဒိုင်ယာရီစာမျက်နှာဟောင်းတွေကို
ကတိုက်ကရိုက်ထုပ်ပိုးပြီး
ကောင်မလေးတစ်ယောက်လက်ဆွဲ...
အကြည့်လေးတွေတောင် မပေးတော့ဘဲ
ခပ်ကြဲကြဲတောင်ပံခတ်သံတွေကို ဖန်တီးပြီး
ဟိုး....
အဝေးကို စုန်သွားပြီ...
..................................
နာကျင်မှုမှတ်တိုင်တွေကို စနစ်တကျစိုက်ထူရင်း
လောကအဟုန်မှာ ...
ပေတေတေနဲ့ တစ်ယောက်တည်းစုန်နေရတဲ့ ဘဝ...
အဲဒါ ကောင်မလေးတစ်ယောက်အပြုံးရနံ့တွေနဲ့
ပျောက်ဆုံးသွားကတည်းက...။...
ဇာတ်လမ်းက အစပျိုးဖို့
စာတန်းလေးတွေ ထိုးနေတုန်းရှိသေး...
မင်းသမီးကို ကသုတ်ကရက် ဆွဲနုတ်ယူလိုက်တဲ့
ဒါရိုက်တာ...
ခေါင်းညိမ့်ရုံပဲ ရှိတော့တယ်...

“မျက်ဝန်း...”

အဲဒီညနေပေါ့...
သူ့မျက်ဝန်းထဲမှာ
ကိုယ့်အိမ်ပြန်ချိန်တွေ ကျရှုံးခဲ့တာ
အတုံးအရုံးပဲ...
မျက်နှာချင်းဆိုင်ပြီး စကားလမ်းကြောင်းတွေ
စီးချင်းထိုးကတည်းက ကျရှုံးချင်တဲ့
စိတ်နဲ့ပဲ ခုခံခဲ့တယ်...ဆိုတော့...
ဒါဟာ မထူးဆန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ...
ထူးဆန်းတာတစ်ခုတော့ သေချာရှာကြည့်ရင်...
အဲဒီမျက်ဝန်းထဲ
ကိုယ်ကျရှုံးသွားကတည်းက
ကိုယ့်အချိန်တွေကို သူသိမ်းပိုက်သွားခဲ့တယ်... ဆိုတာကို
မသိလိုက်တာပဲ...။...
.......................
ဘာပဲဖြစ်ဖြစ်...
ရင်ထဲ မှိုင်းညို့နေတဲ့
မိုးတိမ်တွေကို
အဲဒီအကြည့်နဲ့ပဲ ကိုယ်လှဲထုတ်ပစ်နိုင်ခဲ့တယ်...
ဆိုတော့ ကိုယ်ဝမ်းသာတယ်...
ညတွေကို သူ့ဆီပေးအပ်တယ်...
အိပ်စက်ခြင်းပဲပေးပါလို့...
နေ့တွေကို သူ့ဆီ လွှဲပြောင်းတယ်...
ပြန်တွေ့တဲ့ အချိန်... လူမှုရေးအရပြုံးရယ်ပေးပါလို့...
...................................
ဂစ်တာတစ်လက်ရဲ့ ကြိုးလေးတစ်စင်း
လေဟာနယ်ကို ခုတ်ဖြတ်...
သူလဲ (ပိုင်းပိုင်းစစ)အပြတ်ပါပဲ...
သံစဉ်မဲ့သွားမယ့် စက္ကန့်တွေကြောင့်
ယိုဖိတ်လာမယ့် နှလုံးသားအလွမ်းဓာတ်တွေကိုတော့
သူသိရှာတော့မှာ မဟုတ်ဘူး...
ကောင်းတယ်... ဒါဟာ ရင်ခွင်မှာ
ကဗျာလေရူးတွေ ခုန်ပေါက်ခိုဝင်လာမယ့်
အလားအလာတွေပဲ...
ဒါပေမဲ့...
ကိုယ့်ကိုကိုယ် ပြန်ရေးနေရတဲ့
ငါ့လက်တွေပဲ ငါသနားလို့ မဆုံးဘူး...။...။...

“လိပ်ပြာစည်းချက်...”

စည်းချက်မကိုက်တော့တဲ့
ငါ့လိပ်ပြာတွေအတွက်...
ချစ်သူရေ..
မင်းကိုတော့ ခေါ်ငင်ခွင့်ပြုပါ...
..........................
ဒီလိုပါ...
“ငါ့ဆောင်းတွေကို အလစ်သုတ်ယူ၊
ထွက်ပြေးသွားတဲ့
ကောင်မလေးရေ...
ငါခွင့်လွှတ်နိုင်ပါတယ်...
ပြန်လာချင်ပြန်လာပါ...
နောက်...
မင်းရဲ့ ကပ်စီးနည်းအကြည့်တွေကိုလဲ
ငါ့ဆီတိုက်ခတ်လာတဲ့
လေပြည်အသုတ်မှာ ပူးတွဲကာ
ချုပ်ထည့်ပေးလိုက်စမ်းပါ...
“...ဒီမှာငါ...
ရွှေရောင် ကန္တာရပြင်ကြီးထဲမှာ
ကုလားသေကုလားမော အိပ်နေကြတဲ့
ညမဟူရာတွေဘေးနား ငုတ်တုတ်လေးထိုက်လျက်
အေးအေးလူလူ မီးလှုံနေတယ်...” ဆိုတာ
မြင်ခိုင်းချင်စမ်းပါရဲ့...။...
တကယ်တော့လေ...
ငါဟာ... ဒီကဗျာကို
အသက်သွင်းခဲ့တာ မဟုတ်ဘူး...
ငါ့လက်ထဲကို
ရုတ်တရက်ကြီး အတင်းမင်းပဲ “...ရော့...အင့်...” ဆိုပြီး
ကလောင်တံလာထိုးပေးသွားတာလေ...
ဒါပေမဲ့... ဆေးစပ်မှားခဲ့တဲ့ ငါ့အပြစ်ကြောင့်...
ငါ့ကဗျာတွေ အဆိပ်သင့်ပြီး
အိပ်မက်တွေ ရူးသွပ်သွားရပြီ...။...
ပြန်လာပါ...
ကောင်မလေး...
အခုဆို ငါ...
ကဗျာတစ်ပုဒ်ကို
ကောင်းကောင်းမရေးတတ်သည့်တိုင်အောင်
ကလောင်တံတော့ ကိုင်တတ်နေပါပြီ...
ဒီတော့လေ...
ကောင်မလေးရေ...
စုန်းတွေပွေတဲ့ လမိုက်ညမတိုင်ခင်...
ငါ့ရင်ခုန်သံတွေကို အမြန်ဖြေသာစေလှည့်ပါ...
နောက်...
ခြေကားယား
လက်ကားယား
တောင်စွယ်မှာ နေမကွယ်ခင်
ကားစင်တင်အသတ်ခံရတော့မယ့်...
မိုးတိမ်တွေ မခြောက်ခြားခင်...
အခုလောက်များ...
ကောင်မလေး...
ပြန်လာပါ...”

Tuesday, May 11, 2010

“လောကကြီးနဲ့...ချစ်သူနဲ့...တစ်ပွဲတစ်လှမ်း အကဲစမ်းကြပါသည်...”

လောကတံခါးရေ...
...........................
လောကတံခါးရေ...
ဒုက္ခတရားတွေကို သောကပွားချေဖျက်ယူဖို့
လေးဘက်လေးတန်စိတ်ရှင်တွေကို
နာမ်ပြောင်းပြီး...
မသာယာခဲ့တဲ့ လက်နှစ်ဖက်ရဲ့
အနာဂတ်တွေပြန်ပေါင်းစည်း
ခြေရာထင်းမယ့် ခြေလှမ်းကြဲတွေနဲ့...
(ချစ်သူနဲ့ ငါ)
လာပါပြီကော...
ဆိုတော့....
မင်းကိုယ်မင်း ပြန်ဖွင့်ထားလိုက်တော့...
.....................................
ဒီခရီး နှစ်ယောက်မညည်းတွားဘဲ
ဒိုင်ယာရီတွေကို လှပစေဖို့ရာ
ကလောင်တံကို ဝံ့ဝံ့ရဲရဲ ကိုင်ခဲ့ကတည်းက...
နေဝင်ချိန်တွေကို ကောင်းကင်ကြီးထဲ
သင်္ဂြီုလ်လိုက်ပြီးပြီ...
ရှေ့ဆက်ပြီး အရုံတက်လာမယ့်
မနက်ခင်းတွေသာ ရှိတော့မှာ...
ငါ...ဝမ်းသာတယ်...
ငါ့ကို တစ်ချိန်က လှောင်ပြောင်ခဲ့တဲ့
ကြယ်စင်တွေကို ပြန်နင်းချေခွင့်ရတော့မယ်...။...
နောက်...
လောကကြီး မှတ်ထားပါ...
ငါ့မြင်နိုင်တဲ့ (ကုန်းဖြစ်ဖြစ်ရေဖြစ်ဖြစ်)
ခရီးတစ်လျှောက်မှာ
ဝှက်ထားတဲ့ အကြည့်တွေထဲက
ထပ်ဆင့် ဝှက်ထားတဲ့ ဖဲချပ်ဆန်ဆန်
အနမ်းလေးတွေက
ငါ့အတွက် ရိက္ခာ...
ငါ့အတွက် အင်အား...
.....................
မထင်ထားနဲ့...
ငါ့လက်မောင်းမှာ တွယ်ကပ်နေတဲ့
ချစ်သူ့လက်တစ်ဖက်ဟာ
အင်အားတွေ ချည့်နဲ့နေတယ်...လို့...
အခုဆို အဲဒီလက်တစ်ဖက်ဟာ...
ငါ..သုညကိုတောင်
အားဖြည့်ပြီး မင်းကိုတောင် တိုက်ဖြိုနိုင်တယ်...
ဟားဟားးး.....
တစ်ချိန်က လောကကြီးကို ကျရှုံးသူတွေတောင်မှ
ဟားတိုက်ရယ်မောတဲ့ ပွဲမှာ
မှောက်ရက်ကြီး လဲနေခဲ့တဲ့...ငါ
မင်းအတွက်တော့ ဟာသကို
အတည်ပေါက်ဟောက်သလိုတော့
ဖြစ်နေမှာပဲ...
ဘာပဲဖြစ်ဖြစ် မင်းယုံထားဖို့က...
ငါတို့နှစ်ယောက်ထမ်းပိုးညီညီ
ထမ်းထားတဲ့ သစ္စာတရားက
ငါတို့ ဘဝကြီးနဲ့ တည်ဆောက်ထားတာ...
ဒါကြောင့် ချစ်သူလက်တစ်ဖက်ဟာ...
ငါ့ကို ပြုံးရယ် ရွှင်မောစေနိုင်တဲ့
ဘဝချော့တေးသွားတစ်ပုဒ်...။...။..
..................................
ဒါကြောင့်...
...ချစ်သူရေ...
ဗလာသီတဲ့ မင်းဘဝကြီး
စနစ်တကျထုတ်ပိုးပြီး...
ခြေလှမ်းကြဲကြဲကြီးနဲ့ အမြန်ဆုံး
မင်းရင်ခုန်သံတွေကို
ငါ့ဘဝထဲ လာပေါင်းစပ်ပါတော့...လို့သာ...
ကဗျာတစ်ပုဒ်နဲ့ ဖိတ်ခေါ်ပါတယ်...
လမ်းခရီးမှာ ဂျိုးကြာတေးသွား...
လေပြည်နှုတ်ခမ်းသားတွေနဲ့
မင်းကိုငါ ကျွေးမွေးမှာ...
.........................
ချစ်သူ...
မင်းလက်ဟာ...

Monday, May 10, 2010

“မတိုင်ဆိုင်နိုင်တဲ့ ရင်ဘတ်နှစ်ခု...”

ချစ်သူနဲ့...
မဆုံနိုင်အောင်...
တာ့တာပြဝေးသွားကြပြီးတဲ့အခါ...
လမ်းခရီးမှာ ရေးမကုန်နိုင်မယ့်
ဒိုင်ယာရီလွတ်တွေ...
ပွေ့ပိုးခဲ့ပါတယ်...။...။...
မဆုံနိုင်တဲ့ မျက်ဝန်းနှစ်စုံအကြောင်း
ကဗျာတွေကို ရင်ဖွင့်ထားပါတယ်..
ပင်လယ်ပြင်မှန်ရင်...
စိုစွတ်စမြဲ...
လူမှန်ရင် ချစ်တတ်စမြဲ...
ချစ်မိတော့ လွမ်းမိတာလည်း...
ရှေ့နေမလို သက်သေခံပစ္စည်းမလို
သိကြတယ်...
တကယ်တော့...
ချစ်သူဟာ...
ညခင်းပျိုးတဲ့ လမင်းပါ...
ခက်တာက ကိုယ့်မှာ အိပ်စက်ခြင်းတွေ
ပျောက်ဆုံးနေတော့...
ချစ်သူနဲ့ ကိုယ်
ကိုးရီးယားလွဲထက်ကို သီသီလေးလွဲချော်မှုတွေနဲ့
လှလှပပလေး၊
တစ်ယောက်နဲ့ တစ်ယောက်ရယ်သွမ်းသွေးပြီး
လွဲချော်သွားခဲ့ကြတယ်...။...
.......................
နောက် ပြန်တွေးကြည့်လိုက်တော့လည်း
အတိတ်မှာ အဲဒီနွေမပါတဲ့
အေးမြတဲ့ ဆည်းဆာကြီး
တောင်စွယ်မှာ မကွယ်ခဲ့ရင်တော့...
ကိုယ့်ရင်ခုန်သံတွေ အခုထိပြိုးပြိုးပြက်ပြက်လက်နေဦးမှာပဲ...။...
အဲဒီအလင်းရောင်တွေဟာ
ချစ်သူအတွက်...
ဘဝသန်းခေါင်နှစ်ခုမှာ
နှစ်ယောက်သား ပြိုင်တူလင်းတူလင်းဖို့..
မီးပွားလေးတစ်စ..ပေါ့..။...။...
....................
အဲဒီကျောပိုးအိတ်လေးမရှိခဲ့ရင်လည်း
သူ့ကို ထုတ်ပိုးထည့်ထားခဲ့မိမှာ...
လေပြည်လေးတွေနဲ့...
ဂျိုးဂျာတောင်ပံခတ်သံတွေနဲ့...
သူ့ဝမ်းဗလာကို လက်ဗလာနဲ့..
ဖြည့်ချင်တယ်...။...ဆိုပြီးတော့...
ဟူးးး...တကယ်တော့လေ...
အခုထိ နှလုံးသားဟာ
ရင်ခုန်သံတွေ သူ့ဆီချန်ထား...
လို့...
ဗလာများခဲ့ရတဲ့ ရင်ခွင်လို့...
အမည်တစ်ခုတွင်ရင်း...
...............................
မတိုက်ဆိုင်ခဲ့တဲ့ မျက်ဝန်းလေးကို
တမ်းတရင်း...
ရင်ခွင်စီးချင်း...
ရဲ့ ပြိုင်မြင်းနှစ်ကောင်
(လုံးဝကို)
မတိုက်ဆိုင်ခဲ့ဘူး...။...။။။

“အချစ်...” (ချစ်နေသော လူတစ်ယောက်အကြောင်း)

ပူလောင်တယ်...
လုံးဝကို ရက်ရက်စက်စက်ကို
ပူလောင်တယ်...
နေခုနစ်စင်းကို ရင်ဘတ်ထဲ
ဆွဲပွေ့ရှိုက်သွင်းထားရလောက်အောင်
ပူလောင်တယ်...
သူကတော့ ခေါင်းလေးကိုခါလျက်...
ငြင်းလို့ ကောင်းတုန်း...
ဒါပေမဲ့ ဒီဘက်မှာကတော့
ရှိုက်သွင်းထားတဲ့ နေ့လည်တွေ မွန်းတည့်လို့ကောင်းတုန်း...။...
...........................
ခါးသီးတယ်...
အော်ဂလီဆန်စရာကောင်းလောက်အောင်
ခါးတူးနေတာပဲ...
ငှက်ဖျားမဖြစ်ဘဲနဲ့...
(ကုန်ကုန်ပြောရရင် ဘာမှကို မဖြစ်တာ)
ဒါပေမဲ့...
သူ့ဘက်က ဥပေက္ခာခါးခါးတွေကို
နို့စို့သူငယ်လို တိုက်ကျွေးလို့ ကောင်းတုန်း...
..............................
စိုနေတယ်...
ပါးပြင်တစ်ခုလုံး ရေချိုးထားတယ်...
ညတွေကို ဖင်ခုထိုင်ထားပြီးတော့...
တစ်ယောက်တည်း အတွေးဧည့်ခန်းတံခါးတွေကို
ပိတ်ပြီး...
တိတ်တိတ်လေး ပါးပြင်တွေကို တစ်စက်ချင်း
ဝှေ့ပက်ထားတာ...
သူသိမှာပါ...လို့...မမျှော်လင့်ရဲဘူး..
ဘာဖြစ်လို့လဲဆိုတော့...
ယောကျာ်းတစ်ယောက်ရဲ့ မာန...
ကြောင့်...
နာကျင်ခြင်းတံခါးဟက်တက်ခွဲလိုက်ပြီ...။..
ပါးပြင်မြစ်တွေပေါ်မှာလည်း
ခေါင်းအုံးကလေးတောင် မျောနေပြီ...။...
...............................
မျက်လုံးနှစ်လုံးထဲကို
သူ့မျက်နှာထည့်ထားကတည်းက အရာရာကို
ပစောက် စသတ်နဲ့ ပစ်ခဲ့တာ...
အခုဆို သူတို့က ကိုယ့်ကို
ပစောက်စသတ်နဲ့ ပြန်ပစ်သွားပြီ..
ဆိုတော့ အရာရာ...
..........................
လမ်းလျှောက်နေတုန်း ရှေ့တည့်တည့်
ကောင်းကင်ကြီး ဘုတ်ခနဲ ပြုတ်ကျလာတယ်..
နောက် မေးတယ်...
“မင်းငါ့ရှေ့ထွက်ခဲ့တော့”...တဲ့။...