နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Saturday, January 14, 2012

မမှောင်ခင် လမ်းခွဲလိုက်ကြတာပေါ့ ...

ငါဟာ မပြည့်စုံပါဘူး ...
ငါ့ကို ပြည့်စုံတယ် လို့ မြင်တွေ့ပေးပါ ...
ဒါဟာ ဆုတောင်းဖြစ်တယ် ... သံမဏိအချစ်ကြိုးဖြစ်တယ် ...

ငါ့ဆီမှာ လိုအပ်မှု တချို့ရှိမယ် ...
ငါ့လိုအပ်မှုတွေကို ဖြည့်စွက်နားလည်ပေးပါ ...
ဒါဟာ သက်စောင့်ဆေး ဖြစ်တယ် ... ရေသန့်ဗူး ဖြစ်တယ် ...

ဆိုပါတော့ လူနှစ်ယောက်ပဲ ...
နင့် ဆီမှာ ရှိတဲ့အရာ ငါ့မှာ မရှိဘူး ... ငါ့ဆီမှာ ရှိတဲ့အရာ နင့်မှာမရှိဘူး ...
နှစ်ယောက်စလုံးရှိတဲ့အရာတွေကျတော့လည်း ပြိုင်တူလင်းလိုက်ကြတာပေါ့ ...
ဘ၀တစ်ခုစာလောက်တော့ ကောင်းကောင်းလင်းနိုင်မှာပါ ...
ဒါဟာ သတိပေးစာတမ်းဖြစ်တယ် ... ကြော်ငြာဖြစ်တယ် ...

ဆုတောင်းမပြည့်ခဲ့ရင် ...
ဆေးမသောက်မိခဲ့ရင် ...
သတိပေးစာတမ်းကို မနှစ်သက်ခဲ့ရင် ...
မမှောင်ခင် လမ်းခွဲလိုက်ကြတာပေါ့ ...

လွတ်သွားတဲ့ ငါး ကြီးတယ် မပြောကြေး ...

Saturday, January 7, 2012

... :)

   "လျှောက်နေကျလမ်းမှာ ငါအမြဲရှိတယ်"

ကျနော့်ရင်ဘတ်ပေါ် မဖြူစင် နာမည်ပဲ ခဏခဏကြွေကျမိနေကြောင်း
စာရေးအကြောင်းကြားလိုက်တော့ ...
လက်ဖ၀ါးပေါ်မှာ အသင့်ခူးပြီးသား ကဗျာအသီးပွင့်တွေ ...
ကျနော်ဟာ မဖြူစင် ကို ပျိုးတဲ့ လယ်သမား ...
စာအုပ်ထဲက ထွက်လာသမျှ ရိုင်းစိုင်းရင့်ကျက်မှုတွေသာ ဖြစ်ရဲ့ ...
သိမ်းထားပါ ဆိုတာထက် အဲ့ဇာတ်ထုပ်ကို ခဏခေါက်ထား ...
ခေါင်းရိုးညီတဲ့ တနေ့ ကမ္ဘာကြီးမီးလောင်တဲ့တနေ့ အဲဒီဇာတ်ထုပ်/ထုတ် ကပြကြတာပေါ့ ...
အဲ့ဒီနေ့ကျရင် ကျနော့်လောက် ဘယ်သူမိုက်မလဲ မဖြူစင်ရှေ့ဘလိုင်းကြီးခေါင်းမော့ရဲတယ် ...
ရင်ခွင်ကြီးကို ဖွင့်ထားတာ ကြာပြီ မဖြူစင် ဘယ်တော့မှ လာမနားခဲ့ဘူး ...
ရင်ကွဲပက်လက်ထဲကို မျှော်လင့်ခြင်းပြိုင်းပြိုင်းတွေကို ခပ်စိပ်စိပ် စီရီထားလိုက်တော့
အလွမ်း ... ဆိုတာ လူကြားကောင်းတဲ့ ရောဂါဖြစ်ကြောင်း ...
ကိုယ့်မြင်း ကိုယ်စိုင်းတာပဲ စစ်ကိုင်းက ဘယ်ရောက်ရောက်ပေါ့
မဖြူစင်အနားေ၇ာက်ဖို့ ...
တနေ့တလံ ခြေသံက လုံပါတယ် လျှောက်ရင်းလျှောက်ရင်း မဖြူစင် အသံက တဖြည်းဖြည်း ကျယ်လာသလိုပဲ ...
နဖူးပြင်ပေါ်က မိုးသီးတွေ ပြုတ်ကျ
နှမြောပါတယ် ဆိုမှ
သုံးစွဲလိုက်မိတဲ့ ပြက္ခဒိန်ဇယားတွေ ...
မဖြူစင် နဲ့ မသက်ဆိုင်တော့ပါဘူးဆိုမှ သက်ဆိုင်မှုက
မသက်ဆိုင်မှုလို လို သက်ဆိုင်မှုလိုလို ... ဘာလို လို ညာ လို လို ဘယ် လို လို ...
လိုနေတာက သူမ နာမည် ရည်ရွတ်လိုက်ရုံနဲ့ ရလာတဲ့ သတ္တိအစိုင်အခဲတွေ ...

Friday, January 6, 2012

... :)


“မြစ်”  

မဖြူစင်မျက်စိတဆုံး ရှည်လျားလိုက်တယ် ...

မျက်စိမှိတ်လိုက်တဲ့အခါ မုန်တိုင်းတစ်ခါ နှစ်ခါလောက်တော့ ထန်ဖြစ်သွားတာပေါ့ ...

တခါတလေ လက်အစုံကို ခါချလိုက်တာ ယုံကြည်ခြင်းမိုးသားတွေကွာကျလာတယ် ...

အလိုလိုနေရင်း ကျနော်ဟာ လူမိုက်ဖြစ်သွား ...

မကောင်းမှုကို လုပ်တဲ့လူမိုက်တော့ မဟုတ်ဘူး 

ကောင်းမှုကို မလုပ်တဲ့လူမိုက် ...

မဖြူစင့်လက်ကို လွှတ်လိုက်တဲ့နောက် 

အိပ်မက်တွေထဲမှာ ကြိုးစင်ခဏခဏတက်ရတယ် ...

မျက်ရည်ကျတဲ့လုမိုက် လက်မှာ ကဗျာတွေ သီးလို့ ... 

လှလှပပ ငိုတတ်နေလိုက်တာ မင်ရည်တွေ ဗရပွ နဲ့ ...

မဖြူစင်က ကျနော့်ဆီခဏရေလာသောက်တဲ့ ငှက်ပေါ့ 

ကျနော့်မျက်စိတဆုံး မဖြူစင်ပျံသန်းစမ်း !!!...

မျက်ခြေပြတ်သွားလည်း ခဏပေါ့ ... 

ယုံကြည်ခြင်းမိုးသားတွေကွပ်ပြီး မျက်ခြေပြတ်သွားလည်း မဖြူစင်လက် ဘယ်တော့မှ ကျနော်မလွှတ်ဘူး ...


Don’t worry be happy!
လျံနိုး

Sunday, November 27, 2011

ကျနော်နားမလည်ခဲ့သော အဖြေ (သို့) ညီမျှခြင်းရဲ့သား မညီမျှခြင်း

မျက်ဝန်းနှစ်ဖက်စလုံးက သမုဒ္ဒရာတစ်ခုစာ အရည်ပျော်ဖြစ်သွားတယ် . . . ဟုတ်တိပတ်တိ မရစ်နှောင်ခဲ့ပဲနဲ့ သူ(မ)ကို သွားခွင့်ပြုလိုက်တယ်။ သူ(မ)ကို မဆုံးရှုံးလိုက်ပါဘူး ... သူ(မ)နဲ့ ပါသွားတဲ့ ကျနော့်အသက်ဗူးလေးကိုတော့ ဆုံးရှုံးလိုက်ရတယ် ... မျက်ရည်ဇတ် ခင်းပြတော့ သူ(မ)က သနားမတဲ့(လား) ...။ အကြီးအကျယ်ဆုတ်ပြတ်ပြနေလိုက်တာ သူ(မ)ကို လွှတ်လိုက်ပြီးလို့ ... ကိန္နရာမလေးရေ လွတ်ရာကို ပျံသန်းသွားလေတော့ ...။။။

                    သူ(မ)ဟာ ကျနော်နားကြပ်လေးဖြစ်ခဲ့ ... ကျနော်တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့အခါ နားကြပ်လေးကို ၀တ်လိုက်တယ် ... ကျနော်ပျင်းရိတွဲလံတဲ့အခါ နားကြပ်လေးကို ကမ္ဘာကြီးနဲ့ ဆက်သွယ်လိုက်တယ် ... သူ(မ)ဟာ ဟာသဖြစ်ရဲ့ ... သီချင်းတစ်ပုဒ်ဖြစ်ရဲ့ ... ရေဒီယိုဖြစ်ရဲ့ ... အသည်းစွဲလူရွှင်တော် ဖြစ်ရဲ့ ... အင်တာနက်ဖြစ်ရဲ့ ...

                     ခမ်းခမ်းနားနားမြတ်စွန်းလိုက်တာမရှိသလို ကြီးကြီးကျယ်ကျယ်ပေးဆပ်လိုက်ရတာလဲ ရှိဘူး ... နှစ်ယောက်စလုံးရဲ့ ကြားမှာ ညီမျှခြင်းတစ်ခုပဲ ရှိခဲ့တယ် ... တကယ်လို့ ညီမျှခြင်းတစ်ဘက်မှာပဲ နှစ်ယောက်စလုံးမြတ်မြတ်နိုးနိုးနေလိုက်မယ် ဆိုရင် သုညတစ်လုံးက အခြားတစ်ဘက်မှာ ပေါ်လာလိမ့်မယ် ... နှစ်ယောက်လုံးဖမ်းလည်း ဖမ်းလို့မမိတဲ့ အဲဒီသုညကို ဖမ်းမိခဲ့ပြီး သတ်ပစ်လိုက်တယ် ဆိုရင်တောင် မှ (ဘာထူးမှာလဲ) ... ဘာမှ မရှိခြင်းဟာလဲ သုညပဲ မဟုတ်လား ... နှစ်ယောက်စလုံးရဲ့ အခြားတစ်ဖက်မှာ တန်ဖိုးရှိဖို့ တစ်ယောက်ယောက် က စွန့်ခဲ့ရမယ့် ပိုမြင့်တဲ့ တန်ဖိုးလိုတယ် ...

                                          ၃ = ၁
                                          ၂ = ၁ + ၁
                                         (သို့)
                                         ၁ = ၁
                                         ၀ = ၁ (- + x --ွံ ) ၁ (သို့) ၁ (- + x --ွံ ) ၁ = ဝ
                                         သူ(မ)နဲ့ ကျနော် အရမ်းမဝေးပါဘူး ... ညီမျှခြင်းတစ်ခုစာလောက်ပါပဲ ... ပြက္ခဒိန်တွေဆွေးလာတဲ့အခါ ညီမျှခြင်းက မညီမျှခြင်းတွေ ဖြစ်လာခဲ့ . . .

                        သူ(မ)ရောက်လာတော့ ပုံပြင်တွေ တစ်ပုံကြီးပေးခဲ့ပြီး ထွက်သွားတော့လည်း ပုံပြင်တွေ တစ်ပုံကြီးနဲ့ ထားခဲ့တယ် ... ကျနော့်အတွက်တော့ သူ(မ)ဟာ စိတ်ဝင်စားစရာအကောင်းဆုံး ဇတ်လိုက် ... သူ(မ) ကျနော့်ကို ဘောပင်လက်ဆောင်မပေးခဲ့ပါဘူး ... သူ(မ) ကျနော့်ကို ဘောပင်တစ်ချောင်းကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့တယ် ... အဆုံးမှာတော့ သူ(မ)ဟာ ကျနော့်ရဲ့ လက်တစ် ဖက် ... အဆုံးရဲ့ အဆုံးမှာတော့ ကျနော်လက်(နု)လေးကျိုးကျ အရာအားလုံးဟာ ကြိုးပြတ်နေတဲ့ ရုပ်သေးပဲပေါ့ ...။ ကျနော် မျက်လုံး ကို မရဲတရဲပြန်ဖွင့်ကြည့်တော့ သူ(မ)ဟာ လက်ဆုပ်လက်ကိုင်ပြစရာမရှိတဲ့ နာမည်လေးတစ်ခုလောက်သာ ဖြစ်နေပါပြီ ...

                         သူ(မ)နဲ့ ပြီး(ပြတ်)ပြီ ... သူ(မ)နဲ့ ဆက်ရန် ရှိသေးသည် ... ရှင်းရှင်းပြောရရင် လမ်းခွဲမြေဟာ သနားစရာကောင်းလို့ ... ခြောက်သွေ့လို့ ... မျက်ရည်တောင်မ၀ဲခဲ့ဘူး ...
                         နှုတ်ဆက်ပါတယ် ... ပြောတော့ သူ(မ) ရယ်တယ် ... ပြန်တွေ့ဖြစ်မှာပါ ... တဲ့ ...
                         သူ(မ)ကို အိပ်မက်မမက်ခဲ့ဖူးပါဘူး ... သူ(မ)ကိုယ်တိုင်က ကျနော်အိပ်မက်ဖြစ်နေပြီး သူ(မ)ဖြစ်စေချင်သော ဆန္ဒများ အတိုင်း ကျနော်လင်းလင်းလက်လမ်းလျှောက်တတ်နေပါပြီ ... :) . . . :)

အရှိကို အရှိတိုင်းသာ ...

လျံနိုး
၂၅၊ ၁၁၊ ၂၀၁၁ ၉း၀၄ မိနစ်(ည)ဖိလစ်ပိုင်စံတော်ချိန်
ခေတ္တမနီလာ :)
 အသည်းနှလုံးဆိုတာ တကယ်တော့ အချိုင့်ပါတဲ့ အသည်းနှလုံးပါပဲ ... :)

Sunday, October 16, 2011

အချစ်အကြောင်းသိကောင်းစရာ

ရေးချ ရေးချ ရေးချ ...ာာာ ...
စိတ်ထဲရှိတာ မှန်သမျှ ရေးချ ...
လ ရေးချ လာ ကောင်မလေးရေ ...
ရင် နငယ်ရေးချ နာနာ နဲ့ ပြောလိုက်မယ် ...
"ငါ့ရင်ထဲ မ ရေးချ မှာ နင် လုံးလုံးလျားလျားမရှိတော့ဘူး ... "

နင့်နာမည်ကို ရေးချ -----ာ ... ကဗျာာာာာ .....
နင့်အကြောင်းကို ရေးချ -----ာ ... အကြောင်းအရာ ...
နင့်အကျင့်ကို ရေးချ ----ာ ရင်နငယ်ရေးချနာစရာ ...

လမ်းတွေ့ရင် ခပ်တည်တည်ကျောခိုင်းကြေး ...
ကိုယ့်ကတိကိုမှ မတည်နိုင်တာ မျက်နှာချင်းဆိုင် ဝေးကြတာကမှ လှပသေး ....

ပါးလျသွယ်လျောင်းတဲ့ မင်းနှုတ်ခမ်းတွေကို နမ်းလို့အပြီးမှာ
ငါ့လက်ထဲ မုသားတွေ ကျန်ခဲ့တယ် ...
လွင့်ပစ်ရမှာလည်း ဘ၀နဲ့ရင်းခဲ့တဲ့ ရလဒ် ...
စားသုံးဖို့ကလည်း အဆိပ်သီးများ ...
ချစ်တစ်ဝက် မုန်းတစ်ဝက်နဲ့ နင့်ကိုငါ ကျောခိုင်းလိုက်ပါတယ် ...
နင် နဲ့ ငါ ဝေးသွားကြတာ မဟုတ်ဘူး ... ကျောခိုင်းသွားကြတာ ...

မျက်နှာချင်းဆိုင်လမ်းခွဲက တဖြည်းဖြည်းပီပြင်လာခဲ့ ...
ငါတို့ နောက်ကျောနှစ်ခုကြားမှာ မြေစာပင်ကတိက၀တ်လေးတွေ ရှိနေသေးလေရဲ့ ...

လျံနိုး
၁၂း၃၃ နေ့လည်(ဖိလစ်ပိုင်စံတော်ချိန်)

Tuesday, May 10, 2011

၂၀၁၁ ခုနစ်နဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း စုံတွဲများ

မရေးရတာ ကြာပြီ ဆိုတာထက်
အကြာကြီးနေမှ ရေးဖြစ်လာတာ ...
နှစ်ချို့မျက်ရည်တွေက အနံ့အသက်တွေနဲ့
မှုခင်းတစ်ခုရဲ့ နိဂုံးလို မြင်မကောင်း ရှုမကောင်း ...
တွေ့နေကျ မြင်နေကျ စကားလုံးတွေအောက်မှာ
ကျနော်ဟာ သဲတစ်ပွင့်လောက်သာ သေးငယ်လာ ...
ကျနော်ဟာ မရင့်ကျက်သေးတဲ့ ရာသီဥတု ...
ကျနော်ဟာ မခြောက်သွေ့သေးတဲ့ ကန္တာရ ...
အခြေအနေအရ ပြုံးပြလိုက်တယ် ...
အခြေအနေအရ လှုပ်ရုံသာပြုံးပြလိုက်တဲ့ နှုတ်ခမ်းလေးတွေက
နာရီသံတွေထဲ ပွန်းပဲ့သွေးလျှလာ ...
ပါးပါးလျလျ ... ပိန်ပိန်သွယ်သွယ် ... ရင့်ရင့်ကျက်ကျက် ... ထောင်ထောင်မောင်းမောင်း ...
နာမ၀ိသေသနအားလုံးဟာ သူမနဲ့ သက်ဆိုင်တယ် ...
အလုပ်လုပ်နေတဲ့ ဓာတ်မီးတိုင်အောက်မှာ ရပ်နေတဲ့ ကျနော်ဟာ
မှောင်ရိပ်ခိုမှုနဲ့ အဖမ်းခံရတဲ့ အချိန်တွေလို အထိအတွေ့တွေက အောင့်သက်သက် ...
သေလူတစ်ယောက်ပြောတဲ့ အနာဂတ်ကို ဘယ်သူက ယုံမှာလဲ ...
အလုပ်သဘောအရ လမ်းခွဲမှုနဲ့ ဆက်လက်တွေ့ဆုံဖြစ်ခဲ့ပါသေးတယ် ...
တနေ့တခြား သူမ ပိုလှလာသလိုပဲ ... ဘေးမဲ့လွှတ်ပေးလိုက်တဲ့ အလှမွေးငါးကြီးက
ဘေးမဲ့ကန်မှာ ပျော်လို့ ပါးလို့ လှလို့ ...
အပေါ်ယံအရေပြားကင်ဆာနဲ့ အသည်းကွဲခဲ့ကြတယ် ...
မြို့ပြယဉ်ကျေးဖော်ရွေမှု ... သွားပေါ်ပြုံး ချောက်တွန်းမှု ... တို့နဲ့ လားလားမျှ မသက်ဆိုင်တော့ ...
ကျနော့်ကို ကျနော် ပြန်တည်ဆောက်နေတာ ကြာပြီ ...
လှလှပပ ပုတ်သိုးနေတာတွေကို ကိုယ်ဝမ်းကိုယ်နာ ဘယ်သူသိမှာလဲ ...
အပေါ်ယံအရေပြားကင်ဆာနဲ့ ပြုံးပြမုန်းခဲ့ကြ ...
လွမ်းတယ် လို့ မပြောပဲ ချခဲ့ရတဲ့ သက်ပြင်းတွေ အလူးလူးအလိမ်းလိမ်းနဲ့ ...
နောက်ဆုံး ကျနော်ပဲ မှားတယ် / လိုတယ် ...

Thursday, April 7, 2011

"...ဖြစ်သလိုပဲ နာမည်ပေးလိုက်ကြတာပေါ့..."

လူလူသူသူ သီးသန့်ရင်းနှီးမှုနဲ့
ဇိကုပ်ပြီး နတ်ပြည်တင်လိုက်ကြတာ၊ ကျနော်တို့ ခေတ်က ပျက်ပါလေရော ...

ကျနော်တို့ အခု ပြောလက်စစကားလုံးကြီးကြီးကျယ်ကျ
ယ်တွေက
လက်ရှိ ဘ၀နဲ့ အပ်စပ်ကြရဲ့လား ...
ကဗျာဆိုတာ ပေါက်ကွဲမှုပဲ မဟုတ်လား ...
လူငယ်တွေမှာ ပေါက်ကွဲမှုတွေကို ယဉ်ယဉ်ကျေးကျေးကိုင်ထားရုံမှအပ
လက်ဆုပ်လက်ကိုင် ပြစရာဘာမှ မရှိဘူး ...
ကုန်ဆုံးသွားတဲ့ သူဌေးကြီးအကြောင်း ...
ကုန်ဆုံးသွားတဲ့ အလ္လာပ သလ္လာပတွေ အကြောင်း ... တွေကအစ ...
ပွင့်ပွင်းလင်းလင်း ရေးရဲ တင်ပြရဲ ကြရင် ...

ဘာမှကို မသိတာ တစ်ခုကပဲ
တခုခုကို သိတာပဲ ...
မှတ်မှတ်ရရ ပြောရရင် ဘာကိုမှ မမှတ်မိတော့တာ တခုပဲ ...

ပုံတိုပတ်စလေးတွေက ပေါ်ပြူလာ ...
ပုံပြင်ကြီးကြီးတွေ ... တက်ကျမ်းတွေ ... ကျမ်းစာတွေ ...
ဘာတစ်ခုမှာမှ ဒီခေတ်လူငယ်တွေကို မတွေ့ရတော့ဘူး ...
သွားမပြောနဲ့ ... ဒါ ခေတ် ကွဲ့ လူလေးရဲ့ ...
မင်းဟာမင်း ပါရဂူကြီးဖြစ်နေပါစေ ... မြန်မာပြည်မှာနေရင် မြန်မာစကားတော့ တတ်ရမယ် ကွဲ့ ...
ပတ်ဝန်းကျင်နဲ့ ကြီးပြင်းမှာက လူ ...
အဲ့ဒီမှာမှ လူက ပတ်ဝန်းကျင်က လူထဲ ကြီးပြင်းလာလိမ့်မယ် ...

ခံစားမှု မြစ်တစ်စင်းမှာ ငါတို့တွေ တွဲလောင်းခို ...
ငါတို့ဟာ ပင်လယ်ထဲ ဖောင်စီးကြသူတွေပဲ ...
ဖောင်စီးရင်း ရေငတ်ကြတယ် ...

နာကျင်မှုဆိုတာ လတ်တလော မက်တဲ့ အိပ်မက်ဆိုးပဲ ...
တချို့တွေက အိပ်မက်ဆိုး မက်တဲ့ လူတွေကို ရေ နဲ့ ပက်နှိုးကြတယ် ...
တချို့အိပ်မက်ဆိုးမက်တဲ့လူတွေက သူတို့ကိုယ်သူတို့ မရမက နိုးထကြတယ် ...
တချို့တွေက အိပ်မက်ဆိုးကို သရော်ပြုပြီး ဟက်ဟက်ပက်ပက် ရယ်မောကြတယ် .../ငိုယိုကြတယ် ...
တချို့တွေက အိပ်မက်ဆိုးထဲမှာ ဒူးတုပ်ထိုင် ငိုယိုမျက်ရည်ကျကြတယ် ...
တချို့တွေက အိပ်မက်ဆိုးထဲမှာ ပျားဖွပ်ကြတယ် .../ပျော်နေကြတယ် ...
အခုလောလောဆယ်တော့ အိပ်မက်ဆိုးက မနိုးခင်
ကျနော်တို့တွေ ကဗျာရေးနေကြတုန်းပဲ ...


လျံနိုး
တနင်္လာ ၄၊ ၄၊ ၂၀၁၁ နေ့လည် ၂း၃၅