နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Monday, April 5, 2010

“ပြိုင်ပွဲတစ်ခု၏ ရှိသင့်သော ဒသန”

ခြေလှမ်းတွေ အပြင်းအထန်
ကစုန်ဆိုင်းနေတဲ့အချိန်
ကိုယ့်မြင်းကိုယ်စိုင်း
စစ်ကိုင်းရောက်ရောက်လို့
သဘောမထားဘဲ
ပြိုင်ပွဲတစ်ခုရဲ့ ရနံ့များ
အရသာရှိရှိနမ်းရှိုက်ဖို့ရာ
ကိုယ့်ပြိုင်ဘက်လေးတွေ
ကျရှုံးနေရင်
ပြိုင်ဘက်ကောင်းပီသဖို့ရောပ

စောင့်တန်စောင့်မှာပါ..။
နွေမနက်ခင်းတစ်ခုရဲ့
အရသာခပ်ရှိန်းရှိန်းအတက်အဆင်းလေး
သူတို့နဲ့ အတူခံစားမှ
ကိုယ်လည်း ပြိုင်ဘက်တစ်ယောက်ပီသ
သူလည်း ပြိုင်ဘက်ကောင်းတစ်ယောက်ကို
လေးစားမှာ...
သူကျရှုံနေတဲ့အခါ တွဲထူမှာ..
သူလဲပြိုနေတဲ့အခါ
ဖေးမမှာ...
သူအားနည်းတဲ့အခါ အနိုင်မယူပါ..
အဘယ်ကြောင့်ဆိုသော်..
မုဆိုးကောင်းဟူသည်
အိပ်နေသော သားကောင်
အားနည်းနေသော သားကောင်
ချောင်းပစ်ရိုးထုံးစံမရှိသကဲ့သို့
ပြိုင်ဘက်ကောင်းတစ်ယောက်သည်လည်း
လဲပြိုအားနည်းရှုံးနိမ့်နေသေ
ပြိုင်ဘက်တစ်ယောက်ကို
အနိုင်မယူ......။..။.။။။

“အဆိပ်သင့်အိပ်မက်များ”

ညတွေ ခြောက်ကပ်လို့
နေ့တွေနဲ့ စိုပြေရမလားမှတ်တယ်..
နေ့ဆိုတာ ငါ့ဘဝမှာ
အလင်းပျောက်ခဲ့တာ..
ဘယ်တုန်းကပါလိမ့်...။
ကြာလွန်းတော့ နည်းနည်းမေ့တေ့တေ့
ဖြစ်နေတယ်..။
မှီခိုထားတဲ့ နံရံတွေပေါ်မှာ
အချိန်နာရီတွေက အပျင်းကြီးပြီး
အိပ်တောင်အိပ်နေကြသေး...
ကြားထဲ မနက်ရောက်ပြီတဲ့
ကြည့်လိုက်တော့..
သန်းခေါင်းယံနဲ့ မခြား...
အမြင်အာရုံတွေက အမှောင်ထုကြီးကို
ကျော်ဖြတ်ပြီး ဘယ်မှ မသွားရဲသေးဘူး..
ရုန်းထွက်လို့မှ မရတာကိုး..
ခြေလှမ်းတွေကလည်း အားအားရှိ
နံနက်ခင်းတွေကို တမ်းတကာ
အမှောင်ထုတွေဆီပဲလမ်းမှားတာ
မပြောလိုက်ချင်တော့ပါဘူး...
ဘာပဲဖြစ်ဖြစ်
အမှောင်တွေက ဟိုနေရာလည်းရှိ
ဒီနေရာလည်းရှိ
ပါလေရာ ငပိဖြစ်နေသ၍
အိပ်လျက်နဲ့လည်း
နှိုးနေရတာမို့
အိပ်မက်တွေဟာ အဆိပ်သင့်လျက်သာ......

Friday, April 2, 2010

“ကောင်းကင်တစ်ခု၏ အတ္ထုပတ္တိ”

မျက်လုံးသာမကဘဲ
နှလုံးသားတွေကပါ
ဝေဝါးခြင်းနဲ့ မနက်ခင်းလှလှထဲ
နေ့တစ်နေ့ကို စနှုတ်ဆက်တဲ့
နောက်မှာ ပစ္စုန်ပ္ပန်တွေ
ရှိုက်ကြီးတငင်ငိုကြွေးနေကြလေရဲ့...
ခဏနေအတွက် အနာဂတ်တွေက
စုတ်ပဲ့နေလို့တဲ့လေ..
ကောင်းကင်ကြီးအောက်မှာ
လျှောက်နေရဲ့နဲ့ ကောင်းကင်ကြီးကို
မမြင်နိုင်လို့ရောတဲ့...
ဒီလိုနဲ့.....
အဲဒီငိုကြွေးခြင်းရဲ့ ရှိုက်ကြီးတငင်ဖုတ်ကောင်တွေနဲ့
ခဏတာ စကားပြောမိတော့
မျှော်လင့်ခြင်းတွေကိုပဲ
မရေမရာဘဝကြီးမှာ ပုံပြင်ထဲက
ခြုံဘုရင်လို အကောင်အထည်
ရရမယ်မယ် မမြင်ရဘဲ
ဝတ်ထားရမတဲ့လား...တဲ့....
နောက် ပြောသေးတယ်..
အိပ်နေတဲ့ ညတွေ ခရီးထွက်သွားခဲ့တာ
ကြာပြီ..အခုထိလည်း ခဏလေးနဲ့
ပြန်လာမယ်ဆိုပြီး ပြန်မလာသေးဘူး..
နောက် ကောင်းကင်ကြီးကလည်း
အငြိုးနဲ့ ကိုယ်ယောင်ဖျောက်ထားတာ
ကြာပြီတဲ့...
နောက် မြေပြင်ကြီးကလည်း
မတတ်သာလို့ပဲ ကိုယ့်ကို
သယ်ဆောင်ထားသလိုမျိုး
အထင်သေးအမြင်သေး
အနံ့ဆိုးနေတဲ့ လေပြေသွေးတွေနဲ့
ပက်ဖျန်းလိုက်သေး..
တော်တော်ဖင်ဂေါင်းကျယ်တဲ့
မြေပြင်ကြီး..တဲ့..
အော်..ကိုယ်ကလည်း
အားပေးလိုက်ပါတယ်..
မင်းတို့တွေ
ကောင်းကင်ကြီးက
အကြောင်းအစင်ရှိမှ အဲဒီလို
လုပ်တာနေမှာပါ.....လို့....။

Thursday, April 1, 2010

အဖော်မွန်ကောင်း

ဘဝမှာ စိတ်ချမ်းတသာနေဖို့ရာ
မတောင့်တတော့ပါ...
တောင့်လည်းမတောင့်တရဲပါ...
သို့သော်...
နာကျင်နေတဲ့ အခါ
ဘေးနား အတွေးမများဘဲ
ဖြေသိမ့်ပေးသူတစ်ယောက်တော့
တောင့်တမိပါသည်....။
..................
ပွေ့ပိုက်ထားတဲ့ ဒီရင်ခွင်ထဲမှာ
မီးမြှိုက်ထားခံရတဲ့ အခါ
အပူမီးကြီးငြိမ်းသတ်ပြီး
အေးချမ်းသွားအောင်
ငါမလိုချင်ရဲပါ...
သို့သော်...
ငါ့အပူမီးများ ဘေးနား
ကြင်နာတဲ့ လက်များနဲ့
မျှဝေခံစားပေးမည့်
သူတစ်ယောက်တော့
ရင်ခွင်မှာ မီးကျွမ်းလောင်တိုင်း
ရှိစေချင်မိသည်....။
........................
ဘဝမှာ တစ်ကြိမ်တစ်ခါမက
မှားမိတဲ့အခါ ငါတမိတာ
ဘေးနားမှာ
အမှားတွေ မလုပ်အောင်
အကြံပေးသူတစ်ယောက်သာ...
..........................
...
ဒီမတည်မြဲခြင်းလောကကြီးမှာ
မတည်မြဲတဲ့ သင်္ခါရတရားတွေကြောင့်
စိတ်အနှောင့်အယှက်ဖြစ်ကာ
ဝမ်းနည်းတဲ့ အခါ
တစ်ခါတစ်ရံကျရှုံးတဲ့ အခါ
ဘေးနားမှာ အားပေးဖို့
တောင့်တတာမဟုတ်ပါ..
လိုချင်တာ မဟုတ်ပါ..
တကယ်ကိုလိုအပ်တာဟာ တစ်ယောက်ယောက်ပါ...

“အမှောင်ထဲက လှောင်ရယ်သံများ”

ငါ့အတွေးတွေကို
ခွေးတစ်ကောင်လို
အမှောင်ထုဆီချီတာ
ကျိုးတို့ကျဲတဲ အိပ်မက်တွေနဲ့
ထပ်တူပေါ့...
ရှေ့ခရီးလမ်းအတွက်ဆိုပြီး
မျှော်လင့်ခြင်းတွေကလည်း
ငါ့ကို အပြတ်ဆူဆဲနေတော့ကာ
တစ်ယောက်တည်း
ဝေဝါးခြင်းကျွဲတွေ
အပြတ်ခွေ့တဲ့နေရာမှာ
အမှောင်ထုကို မှီခိုရင်း
ခပ်ယို့ယို့လေးထိုင်နေမိတယ်...
အဲဒီအချိန်မှာပဲ
ထိုင်နေတဲ့ မလှမ်းမကမ်းလောက်ထင်တယ်..
ရယ်သံတွေ ခပ်အုတ်အုတ်လေးတွေ
ကြားမိတယ်...
ရယ်သံတွေရဲ့ လေယူလေသိမ်းကို
ငပြိန်းတစ်ယောက်အတွေးတွေ
ဘေးဖယ်ကာ နားထဲကြိုးစားရှာကြည့်တော့
မထီမဲ့မြင်ရယ်သံတွေ...
အားပါးပါး....
ကြောက်စရာကောင်းလှချည်လား...
ရယ်သံတွေက မြှားတစ်စင်းလို
ငါ့ကို ရည်စူးကာ
ပစ်ခွင်းနေကြတယ်...
အဲဒီမြှားချက်တွေ ရှောင်ရှားတဲ့
သဘောနဲ့ နားတွေရဲ့
အကြားအမြင်တွေကို ဖဲ့ဖြဲလိုက်တယ်...
နောက် ရှေ့တည့်တည့်လာပြီး
သေနတ်ထက်ကြောက်စရာကောင်းတဲ့
အထင်သေးအမြင်သေး
မျက်လုံးတွေနဲ့ မတ်တတ်ရပ်
ပစ်ခတ်နေလိုက်ကြတာ...
အနာဂတ်မှာ အသုံးပြုမယ့်
အမြင်အာရုံတွေသာ
မရှိရင် ဒီစက္ခုအာရုံတွေကို
ဖဲ့ဖြဲချင်လိုက်ပါဘိ...
ဒီလို တစ်ယောက်တည်း
အမှောင်ထုနံရံတွေကို
မှီခိုပြီး ရိုင်းစိုင်းခက်ထန်တဲ့
လှောင်ရယ်သံတွေကြား
မသေမရှင်ကျဆုံးချင်စိတ်တွေ
တငင်ငင်ဖြစ်နေတုန်းမှာ
အိပ်မက်တွေက ကယ်တင်ရှင်အဖြစ်
အဝေးကို စိတ်လွတ်လပ်ခြင်းအလို့ငှာ
ခေါ်ဆောင်သွားပေးပေလို့
အမှောင်ထုထဲက ရယ်သံတွေနဲ့
ကင်းလွတ်တာပဲ...။
ခဏကြာတော့
ခပ်မှိုင်မျှော်လင့်ခြင်းတွေက
ထပ်မှိုင်တော့ဘဲ
မှိုရတဲ့ မျက်နှာတွေနဲ့
ငါ့ကို လာရောက်ချီးကျူးထောမနာပြုကြတယ်...
အဓိပ္ပာယ်ကို နားမလည်
မသိခြင်းထဲမှာပဲ လည်နေတုန်းမှာ
အိပ်မက်နဲ့ မျှော်လင့်ခြင်းပူးပေါင်းပြီး
အနာဂတ်ကို ရုပ်လုံးလှပအောင်
ကြွရွစွာ ထုဆစ်ပေးတော့မှ...
ခပ်တုံးတုံးငါနားလည်တော့တယ်.
နောက် ပါးနပ်စွာ ထပ်သိရတာက
အမှောင်ထဲက လှောင်ရယ်သံတွေဟာ
ငါ့ဘဝအတွက် အဆိပ်ခွက်တွေပဲကိုး...

Wednesday, March 31, 2010

“အရူး”

ရင်ထဲမှာ အချစ်ငွေ့လေးတွေ
တဝေဝေနဲ့
တကယ့်အဖြစ်အပျက်မှာတော့
စိတ္တဇကြယ်တွေ
ကြွေကောင်းနေတုန်း....
ရင်ခုန်သံကဗျာစုတွေမှာလည်း
ရေးထားတယ်...
သွေးများပြီး အစွယ်ထက်လှတဲ့
နှလုံးသားရဲ့ ထောင့်ခပ်ချွန်းချွန်းတစ်နေရာနဲ့...
မီးတောက်ဝါးစားထားတဲ့
စူးရှရှအမြင်အာရုံတွေရဲ့အောက်မှာလည်း
ဒီချစ်မိတဲ့ မိန်းမလှတစ်ဦးတည်းကပဲ
လာရောက်ပသခယနေတယ်..။
ငါ..ဘယ်လိုလုပ်ရပါ့...
မနက်ဖြန်အတွက်၊
ခဏနေအတွက်၊
အမြဲဝေဝါးနေတတ်တဲ့ ငါ့အတွက်
စပ်ဖျင်းဖျင်း မျှော်လင့်ခြင်းတွေနဲ့သာ
အမြဲတမ်းနှိုးထတတ်နေလို့ရော
သူပေးတဲ့ စပ်ဖျင်းဖျင်းမျှော်လင့်ခြင်းတွေက
မက်လို့ကောင်းတယ်..။
တကယ်...
အတိတ်လမ်းဟောင်းပေါ်မှာ
လက်တွေ့အကြောင်းကို
ပြောင်းပြီး ခြေဦးမလှည့်တော့ဘူး...
ကိုယ်မမြင်နိုင်တဲ့ ကိုယ့်နောက်ကျောကို
အပင်ပန်းခံပြီး ပြန်မကြည့်တော့ဘူး...
ဒါကြောင့် အမြင်အာရုံတွေက
ထိပ်ဆုံးသို့ ကဗျာလေးအတိုင်း...
ရင်ခုန်သံတွေက
အချစ်ဆီ တစ်နေ့တစ်လံပုဂံဘယ်ပြေးမလဲ
စကားပုံအတိုင်း.....
လက်တစ်စုံက
နူးညံ့ပြီး ဖော်ရွေတတ်တဲ့
အဖျော်အဖြေသက်သက်မဟုတ်မယ့်
ကဗျာလေးတွေကို
အရေခွံတွေ ပွန်းပဲ့သွားလည်း
ဆုပ်ကိုင်မြဲဆိုတဲ့ ငါ့ရူးကြောင်ကြောင်
ဒသနလေးအတိုင်း.....
ခြေလှမ်းတွေက
မနုသလူသားများဆီ
အောင်မြင်ခြင်းကို သွားရောက်လုယူမည်
ဆိုတဲ့ ကြွေးကြော်မှုအတိုင်း....
ရှေ့ဆီသို့....
အဓိက ကာရံက
ကဗျာမဆန်တဲ့
မိန်းမလှလေးအချစ်ကိုရယူဖို့...
သွားရင်းလာရင်း
အမြင်အာရုံတွေ ဝေဝါးသွားခဲ့ရင်...
ရင်ခုန်သံတွေ မောဟိုက်လို့
သက်ပြင်းတွေပဲ ရှိုက်နေခဲ့ရင်....
လက်တွေ သွေးစွန်းခဲ့ရင်....
ခြေလှမ်းတွေ လမ်းပြမှတ်တိုင်ပျောက်နေခဲ့ရင်....
အရာရာအတွက် အားဖြည့်စရာ
သိမ်းထားဆဲ မိန်းမလှလေးရဲ့ အပြုံးများနဲ့သာ...
ကဲ...ငါမရောက်လာခင်
မင်းမှာရှိသမျှအချစ်တွေ
အကုန်ထုတ်ထားနှင့်လိုက်
မိန်းမလှလေးရေ......
သို့မဟုတ်ရင်တော့..
မင်း(သို့)ငါ နှစ်ယောက်ထဲက
တစ်ယောက်ယောက်ဟာ.....

“တစ္ဆေများနှင့် ထာဝရည”

သက်တံကို ကြိုးမှတ်လို့
ကောင်းကင်အဆုံးအစ
နှစ်ဘက်မှာ
ကြိုးတစ်စဆီ ဆွဲကာချီ
တိမ်ညွှန့်တွေကို အပျင်းပြေ
စားသုံးရင်း...
ပေါ့ပါးခြင်းကဗျာတစ်ပုဒ်ကို
လွတ်လွတ်လပ်လပ်လေး
ဖွဲ့ဆိုနေမိတယ်...။
.................
ဒီလိုနဲ့ အချိန်နာရီတွေက
ညခင်းညစာစားပွဲမှာ
လမင်းကြီးကို ဖိတ်ခေါ်တဲ့အချိန်
ရောက်လာလေတော့
စုန်းကဝေ၊ သရဲတစ္ဆခေါ်
ညပျော် ငါ့အဖော်လေးတွေ
ဘေးနားမှာ ရစ်သီရစ်သီနဲ့
မရှိမဲ့ရှိမဲ့ အမြီးလေးတွေကိုယ်စီကို
တစ်လီတစ်လီထုတ်ပြီး
ကစားမလား...တဲ့..
ကြည့်..အဖော်ညှိတဲ့ပုံကိုက..
တော်ပြီ နှိုးလျက်မက်ရတဲ့
အိပ်မက်တွေထဲမှာပဲ
ငါပျော်သည် လို့ ပစ်ပစ်ခါခါ
ပြောလိုက်ရင်လည်း မကောင်း..
စိတ်ပေါက်ပေါက်နဲ့ ကုလားလို
ဂျာလာပါတီဂျောင်းလို့
ဟောက်ပစ်လို့ကလည်း မကောင်း...
စိတ်တိုလို့ အငြိုးထားပြီး
လူနဲ့ ကဝေချစ်ဇာတ်လမ်းတစ်ပုဒ်ကို
မဖြစ်နိုင်တဲ့ အနမ်းတွေနဲ့
ကိုယ့်ကို ကောက်ချစ်လိုက်မှဖြင့်...။
ဒါကြောင့် လေးဖြူစကားခဏ
ငှားသုံး အလှထားပြုံးကာ
ခဏလေးများနဲ့
သူ့ကို စောင့်ထားခိုင်းရတယ်...
နာဂစ်ထက်ကြီးတဲ့ ယုံနိုင်စရာ
ရုပ်ဆိုးဆိုး အကြောင်းပြချက်အမျိုးမျိုးနဲ့ပေါ့...။
...............................
ဟော....နေပွင့်လာပါပြီ...။
နေမင်းရဲ့ သားပျို
အလင်းရောင်တွေ မထချင်ထချင်ပဲ
အာသန်းရင်း နေမင်းကြီးရဲ့
အမိန့်အတိုင်း သူတို့ကိုယ်သူတို့
လောကကြီးအပေါ်ကိုင်းထားကြတယ်..။
ငါ့မှာတော့ ဝမ်းကိုသာလို့...
တစ္ဆေများနဲ့ တစ်ညတာ
လွတ်လပ်ခြင်းပေါ့ကွာ..ပေါ့..။
နောက်..ရယ်ချင်တာတစ်ခုက
ညပျော်တဲ့ ငါ့အဖော်
စုန်းကဝေ၊ သရဲတစ္ဆေတွေကော
မိန်းကလေးတစ်ယောက်လို
ကလေးဆန်စွာ ငါ့ကိုမျက်စောင်းထိုးပြီး
ငါ့အိပ်မက်တွေကို
သယ်ပိုးကာ ငါ့ညတွေနောက်မှာ
ထပ်ချပ်မကွာဂိုးသွားကြပါလေရော
ဟာ....ကောင်းတယ်ဟေ့..။...
ကဲ...ငါ့အဖော်
ညပျော်သရဲတစ္ဆေတွေရေ..
မိုးတိမ်အနမ်းတွေ ထပ်ပျိုးဖို့
နောက်တစ်ညမှ ဒီတစ်ညအငြိုးနဲ့
တွေ့တော့မယ်လေ...။