နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, April 21, 2010

“အမေ(တစ်နည်းနည်းနဲ့) ဖတ်ပေးပါ..နားထောင်ပေးပါ”

အမေ...
ကျွန်တော်လေ...
အမေကိုယ်တိုင်ခြေထောက်တစ်စုံအဖြစ်
အနာခံထောက်လုပ်ပေးတဲ့
ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း
ကုလားထိုင်တစ်ခုမှာ
အမေအနာခံရကျိုးနပ်အောင်
သက်တောင့်သက်သာကျကျနန
ရှိနေ(ထိုင်နေ)ချင်တယ်...။....
......................
ဒါပေမဲ့..
အခုတော့လေ..အမေ
ကျွန်တော်ကိုယ်တိုင်...
နွေအဖြစ်ခံပြီး
ဆောင်းလိုအေးမြချိုမြိန်တဲ့
အမေ့စကားတွေ
ခါးခါးသီးသီး
ကန်ထုတ်ပစ်ခဲ့လိုက်တာတွေကြောင့်
ကျွန်တော့်ဘဝတစ်ခုလုံး
အထီးကျန်ညတွေထဲမှာ
အနှိမ်ခံ၊ အကဲ့ရဲ့ခံ၊
အထင်သေးခံလို့ ခေါ်ရမှာပေါ့..
အဲဒီကောင်းကင်ကြီးတွေကနေ
ယိုစိမ့်လာ ရာသီမဆုံး
မချုန်းဘဲဖွဲကျနေတဲ့ မျက်ရည်မိုးတွေနဲ့
(အမေမရှိဘဲ)
ညပေါင်းများစွာ
ကျွန်တော်ဖြတ်သန်းလာပြီးတဲ့နောက်
အဲဒီမျက်ရည်(ရေ)ကြီးမှုတွေက
အခု နားထင်နားတောင် ရောက်နေပြီ...
အနာဂတ်တစ်ခုလုံး မွှန်းနေပြီ...။...
ပစ္စုပ္ပန်တစ်ခုလုံး စိုထိုင်းပြီး
လုံးဝကို သုံးလို့ မရတော့တာ...။...
အတိတ်တွေဆိုလည်း
ပုတ်သိုးနေပါပြီ..။..
အမေရယ်...
ကျွန်တော့်မျက်ရည်တွေ
အမေသာ
လက်ခံမယ်ဆိုရင် အီးမေးလ်နဲ့ပဲဖြစ်ဖြစ်
(ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်)
ပို့ပေးချင်ပါတယ်...။..
ဒါပေမဲ့ဗျာ...
တစ်ခုတော့ ခွင့်လွှတ်ပါ...
အခုချိန်ထိ အမေ့ကို
မျက်ရည်ညဝေစေခဲ့တဲ့
ကျွန်တော်ဟာ...
ကျွန်တော်ပို့မယ့် မျက်ရည်ညတွေနဲ့
အမေ့နှလုံးသားကို
ထပ်မွှန်းရာကျမယ်ဆိုရင်ပေါ့...
.............................
ဘာပဲဖြစ်ဖြစ်အမေရယ်...
အမေ့ရဲ့သား မျက်ရည်ညထဲမှာ
မွှန်းနေတာ အမေသိနိုင်မယ်ဆိုရင်
ဘယ်လောက်ပဲဝေးဝေး
ဆုလေးတော့ တောင်းပေးပါ...
ကျွန်တော်နစ်မွှန်းနေတဲ့ ဒီမျက်ရည်တွေကို
စုပ်ယူပေးဖို့တော့ အမေ...
မတောင်းဆိုရဲပါဘူး...
ကျွန်တော်သိတယ်...
အမေရဲ့ မေတ္တာဝဝတွေနဲ့
ပေးဝယ်တဲ့ ဒုက္ခလှလှတွေနဲ့ပဲ
ဒီတန်ဖိုးမဲ့ မျက်ရည်တွေကို
စုပ်ယူနိုင်မှာ...
ဒါကြောင့် အခုကျွန်တော့်အဖြစ်က...
မျက်ရည်ညတွေလည်း အဆုံးမဲ့နေပြီ...
ရွက်ကြွေဘဝတွေနဲ့ ဟန်ဆောင်အပြုံးတွေ
စုတ်ပဲ့နေပြီ။...
ဒီတော့...
အထီးကျန်ကဗျာများကိုသာ အမေ့သားရှိုက်နမ်းရင်း...
အမေနဲ့ ဝေးလံကွာဝေးတဲ့
နေရာတစ်ခုမှာ
နေနေတဲ့ သားလေးရဲ့ မျက်ရည်တမ်းချင်းပေါ့ဗျာ...
ငှက်တစ်ကောင်လို...
တိမ်တိုက်တစ်ခုလို...
ဘာကိုမှ မပွေ့ပိုက်ထား...
မခံစားရဘဲနဲ့
လေနှင်ရာကို လွင့်ချင်မိလို့...
လေယာဉ်သံကြားတိုင်း
လေဖိအားတွေနဲ့အတူ
အမေ့မျှော်လင့်ချက်တွေရဲ့ အောက်က
တိတ်တိတ်ကလေး
အမေ့ဆီကို လစ်ထွက်ပြေးလာချင်မိတယ်..အမေ..
..................................
အမေတစ်ယောက်ကြားနိုင်စေ...

Tuesday, April 20, 2010

“ညတို့ရဲ့ ခက်ဆစ်...”

ညနံရံတွေပေါ်မှာ
အိပ်မက်ပန်းချီကားတွေကို
ချိတ်တင်...
ဒါကို စိတ်ကူးတွေက ပိတ်ပင်တော့....
တကယ်ရိုးသားပွင့်လင်းစွာသာနေတဲ့
နှလုံးသားထဲက လမင်းကြောင့်
စိတ်ကူးကို ငါက စိတ်ချဉ်...။...
................................
အချစ်ကို အဆိပ်ဘုရင်လို့
သိသိကြီးနဲ့ငါ...
အချစ်ကို ခစားမြဲခစား...
ခြေလှမ်းတွေကိုလည်း
သူဆိုတဲ့ ခြစား...
ဆောင်းတွေကို ကုန်စင်အောင်
သတ်စားပစ်လိုက်တဲ့
လက်ရှိပွေ့ပိုက်ထားဆဲ
နွေလိုဘဝများ...နဲ့ ငါ...
ရှင်သန်မြဲ ရှင်သန်ဆဲ..
နိစ္စဓူဝဘဝတွေ...။...။...ဟာ
လေရူးထဲက ရနံ့တစ်ပွင့်လို
လေအဟုန်ထဲ ငါနစ်လိုက်၊
ပေါ်လိုက်နဲ့ ဘဝထဲမှာလည်း
ချီးကျူးမှုနဲ့ ဝေဖန်ရှုတ်ချမှုတွေကြားမှာ
ပေါ်လိုက်ပျောက်လိုက်ပေါ့..။..
............................
ဘာပဲဖြစ်ဖြစ်...
ငါအခုထိ တန်ဖိုးထားဆဲ
အချစ်ဟာ ဘဝတစ်ခုမှာ
ပြည့်စုံအောင် တန်ဖိုးရှိလာမှာတော့
မဟုတ်ဘူးဆိုတာတော့ ငါသိတယ်..
ဒါကြောင့်...
အိပ်မက်တွေနဲ့ ငါပုံဖော်နေတဲ့
အချစ်တွေဟာ
အိပ်မက်မဟုတ်ဘူး...။...။...
မသေချာတဲ့ မိန်းမဆန်ခပ်နွဲ့နွဲ့
မျှော်လင့်ခြင်းတွေသာ.............

“ဝေးကြပြီ...”

ပန်းတစ်ပွင့်တည်းကိုပဲ
ရနံ့တွေခွဲ...
ရလာတဲ့ ရနံ့ဆူးတွေကိုပဲ
သဲသဲမဲမဲရှိုက်တဲ့ပွဲမှာ...
နှစ်ဦးသားတည်ဆောက်ထားတဲ့
ကောင်းကင်တစ်ခုကို ရက်ရက်စက်စက်စုတ်ဖြဲကာ.......
မိုးတိမ်တွေရဲ့ ရွေ့လျားခြင်း
ဒိုင်ယာရီတွေကို လက်တွေမှာ
စွဲစွဲမြဲမြဲသယ်ဆောင်သွားကြတယ်...။....
...............................
ပင်လယ်တစ်ခုရဲ့ အရှေ့နဲ့အနောက်
အိပ်မက်တွေနဲ့
ခြေရာဖျောက်....
အနမ်းမရှိတဲ့ ရှေ့ဆက်လမ်းတွေကိုပဲ
ခပ်ကြောက်ကြောက်နဲ့
ရှုပ်မဲ့မဲ့လျှောက်...
.........................
နောက်ဆုံးတော့...
အတိတ်က ချိုမြိန်ခဲ့တဲ့
အပြုံးလေးတွေအတွက်....
အနာဂတ်မှာ ခါးသီးမယ့်
အရှုံးလေးတွေ မရှိဘူးလို့
ပုံသေမှတ်လျက်....
.........................
သေခြင်းမြစ်တစ်ဖက်ကမ်းမှာ
ငါတို့ဆုံနိုင်ပါသေးတယ်..။...

Sunday, April 18, 2010

"ကုစားချိန်..."

တိမ်တိုက်လို လွင့်ပြယ်သွားတတ်တဲ့
ခဏသာပဲ ဖူးပွင့်နိုင်မယ့်
ကိုယ့်ရင်ခုန်သံပန်းလေး
ပန်ရရင်ပြီးရောဆိုပြီး
မနက်ဖြန်တိမ်တိုက်တွေကို
ပစ်ပယ်...
အချစ်အတွက် မမိုက်ချင်ပါနဲ့ကွယ်..
ကလေးရယ်...။...
ကိုယ်တို့ ဇာတ်လမ်းလေးတောင်
ပြီးဆုံးစာတန်းလေး
ခပ်မိုက်မိုက်ရေးထိုးဖို့
ပရိသတ်ဖြစ်တဲ့ ပစ္စုပ္ပန်တွေ
အိပ်ငိုက်နေကြပြီ...
...............................
ကဲ...အပြုံးတွေကို ယူပြီး
ပြန်တော့နော်...
နေညိုချိန်တွေတောင် ကလေးကို
လက်ဆွဲခေါ်နေကြပြီ..။...
နောက်...
အနမ်းတစ်ခုအတွက်တော့
ကလေး နေညိုချိန်တွေကို
ခဏမစောင့်ခိုင်းနဲ့တော့.။..
ဒီလမ်းခွဲချိန်အတွက် ကိုယ်ပေးတဲ့
အနမ်းဟာ ပျားရည်သုတ်ထားတဲ့
အဆိပ်သီးဖြစ်မှာ...
ဒါကြောင့်...
ဆည်းဆာလေးရေ...
ကောင်မလေးကို အဝေးခေါ်သွားပါတော့...
တိမ်ရနံ့တွေနဲ့ သူ့အတိတ်ကို
အဆိပ်ငွေ့ချလိုက်တော့...
ငါကတော့...
အခုခြေအနေတိုင်းသာဆိုရင်...
ငါ့နှလုံးသားကို အဆုံးမရှိသန်းခေါင်ယံညတွေထဲမှာ
အမှောင်ပိတ်ကားကြီးခဏလောက်အုပ်ထားရဦးမယ်..။..

“မင်းတစ်ယောက်တည်း...လိုတယ်”

လမင်းကြီးပေပေတေတေနဲ့
အချိန်အခါအလိုက်
ရက်ရက်စက်စက်မိုက်နေတဲ့
အချိန်...
ငါတစ်ယောက်တည်း
ဒီညလုံးဝကို မိုက်နေတာထက်စာရင်
မသဲမကွဲမှောင်နေတာပိုပြီးကောင်းပါတယ်
ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကာ
ကြယ်စိလေးတွေကို
မရည်မိဘဲ
လိုက်လံကြဲပျိုးမိရဲ့...။...
ဒီလောက်များပြားလှတဲ့ ကြယ်ပွင့်လေးတွေကို
ငါတစ်ယောက်တည်း စနစ်တကျနဲ့
အကုန်လုံးကုန်အောင် စိုက်ကြဲနိုင်ဖို့ဆိုတာ
မဖြစ်နိုင်ဘူးလို့ ပြောစရာတောင်မလိုဘဲ
လူတိုင်းအသိ...
ဒါပေမဲ့ ကောင်မလေးရယ်...
ဘေးနားမှာကွယ် ...
ဘာမှမလုပ်ရင်တောင်မှ
ငုတ်တုတ်လေးထိုင်နေပေးရင်တော့...
ရှိနေပေးရင်တော့...
.............................
ဘေးနားမှာ နှုတ်ခမ်းဖျားပေါ်က
ပျားရည်သုတ်စကားလေးတွေနဲ့
အားပေးနေရင်တော့...
..................................
အားမပေးနိုင်ရင်တောင်မှကွာ
ငါ့ပုခုံးတစ်ဖက်တည်းကိုပဲ
အရှုံးရက်တွဲ မြဲမြဲဖက်တွယ်
ဆုပ်ကိုင်ထားပေးမယ်ဆိုရင်တော့...
နောက်...
ဆုပ်ကိုင်ထားတဲ့နောက်မှာ
မာယာမဲ့မင်းနှုတ်ခမ်းလေးရဲ့
ပိုင်ရှင်မင်းခေါင်းခေါင်းလေးနဲ့
ပိုးသားရှုံးဆံနွယ်လေးတွေ
ညင်သာစွာငါ့ပုခုံးထက်မှာ
ဟန်ဆောင်မှုကင်းမဲ့မှီထားမယ်ဆိုရင်တော့...
ငါ...
ကြယ်တာရာတွေကို ကောင်းကင်ကြီးဆီ
စနစ်တကျမဟုတ်တောင်မှ
ပုံစချ
အတတ်နိုင်ဆုံးထိတော့....

Friday, April 16, 2010

“ပြောင်းတိပြောင်းဆန်သဏ္ဌန် ခေတ်တွေရဲ့မာန်”

မနက်ခင်းတစ်ခုရဲ့ ဂီတ
အမှောင်ဘဝတွေနဲ့
တီးခတ်ဖွဲ့ဆိုနေတာ
ဘယ်သူမှ မသိကြ....
.............................
သန်းခေါင်ယံတစ်ခုရဲ့ ဘဝ
ကောင်းကင်လှလှထဲ နေ့ဘက်မှာ
ပျိုးထားတဲ့ အလင်းနှစ်များစွာဖြာကျ...
..................................
ဆောင်းတစ်ခုရဲ့ အလှ
ကြောင်စီစီမနက်ခင်းများ...
အိုက်တိုက်တိုက်မိုးစက်များ...
ချွေးကျနွေကိုယ်အထာများနဲ့ သိပ်ပီပြင်ခွင့်မရ...။...
..........................................
နွေအလင်းနှစ်များရဲ့ အချိန်က
စိုစွက်ဗွက်ထကာ
အပျိုရွက်ရေအိုးများ
လေပြေလေရူးများပေါ်
ဖိတ်သွန်မှောက်ကျနေလားလို့တောင်
စိုစွတ်မှုများနဲ့ဆိုတော့
အားလုံးကသင်္ကာမကင်းကြ...
......................................
မိုးရာသီတစ်ခုရဲ့ ကောင်းကင်တွေက
ကန္တာရထဲက အဆောက်အအုံပျက်တွေလို
ခြောက်သွေ့ခြင်းနဲ့ ပြိုလဲတော့မယ်..
ဒါကို ဘယ်သူကမှ
ဂရုမစိုက်၊ သတိလေးတောင်မရ...
.................................................
လင်းနေလျက်နဲ့ မမြင်ရတဲ့
ဘဝတွေက
ဓမ္မတာတစ်ခုလို ဖြစ်နေပါပြီ..။..
ဟော်..
ကြားရပြန်ပြီ...
ကလုံးလေးတွေ(ယောက်ျားချင်းညားသူများ)
ကပြားလေးတွေ(မိန်းမချင်းညားသူများ)
ဟိုးလေးတကျော်ပါပဲ..
နောက်ဆုံးပေါ်
ဖက်ရှင်ဒီဇိုင်းတွေထက်တောင်
ပိုပြီးတော့
လူကြိုက်များ၊ အသိများသွားတာ
နေအနောက်ဘက်က ဝင်တယ်ဆိုတဲ့
နိယာမထက်တောင်
ကျိန်းသေနေသေး..။..
.............................
ဘာတွေ ဖြစ်ကုန်ပြီလဲကွာ...
ငါဘယ်လို ဆက်နေထိုင်ရတော့မလဲ...
ရေလိုက်ငါးလိုက်ဆိုတာပါပဲလား.....။..။။..။။။

“မိုး”


တိမ်ညိုတွေ ခရီးထွက်သွားခဲ့…..
လေညင်းတွေ
အကြောင်ရိုက်ပြီး
ပူအိုက်ခြင်းတွေရဲ့ အလှောင်ပြောင်ခံရတဲ့နေ့…..
ငါမေ့နေတဲ့ အတိတ်တွေတောင်
အရိပ်တွေအဖြစ် ဘေးနား
ခစားရလောက်အောင်
ခန္ဓာကိုယ်ရဲ့ ရှိမဲ့မရှိမဲ့အအေးဓာတ်လေးတွေတောင်
မှုံမှိုင်းကာ နေ့လည်ခင်းတစ်ခုထုံထိုင်းတဲ့နေ့…..
……………………………………………
ထိုင်ခုံတစ်ခုပေါ် ကုလားလိုရို့ရို့လေးထိုင်ပြီး
ကုလားထိုင်လို့ အမည်တွင်စေရစ်
ဟာတာတာရင်ဘတ်တစ်ခုကို
ချွေးတွေနဲ့ စိုပြေစေလိုငြား
အပြင်ဘက် ဟထုတ်ထားရတဲ့ ငါ့အဖြစ်
………………………………………
မိုးရယ်
မြင်နိုင်ရင် ဖြစ်ပျက်နေသမျှအားလုံးအတွက်
သနားပါကွယ်
ဘယ်ပျောက်နေတာလဲ
အိပ်မက်ခွေးတွေနဲ့ အနံ့ခံကာ
လိုက်ရှာနေပါတယ်
ဘယ်မှာလဲကွယ်
တိမ်ညိုတွေ မိုးကို လိမ်လှည်လှည့်ဖြားကာ
မြှားခေါ်သွားပြီလား
အဆုံးအစမဲ့ကောင်းကင်ကြီးရေ
မိုးကို တွေ့ရင်ပြောပေးပါ
မိုးဘယ်နေရာမှာပဲရှိရှိ
သတိရစွာ ပြန်လာမယ့်နေ့ကို
ဆောင့်အော်ကာ
စောင့်မျှော်နေပါတယ်
မိုးအတွက် အစစအရာရာစိတ်ပူပေးနေပါတယ်
နောက်
မိုးပြန်လာရင် စိတ်ကြိုက်ရွာချဖို့
ကန္တရရင်ခွင်ကြီးနဲ့
အိုအေစစ်မဲ့ ရင်ခုန်သံနွေအနားပဲ့တွေ
သိမ်းပိုက်ပွေ့ရှိုက်ထားပါတယ်…”…လို့...။။။