နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Saturday, May 29, 2010

“ချစ်တတ်ခြင်း၌ နှိုးနေလျက် အိပ်ငိုက်နေသောသူ ...”

သောက်သုံးခဲ့ရတဲ့
နွေပေါင်းမနည်းတော့ဘူး ...
အာခေါင်တခုလုံး မွှန်စပ်နေပြီ ...
မြေပြင်ကြီးက အားမနာတမ်းနဲ့ အပူပြင်းဆုံး ...
အပြာရောင်တောက်လောင်မှုတွေကို
အန်ထုတ်ဆဲ ...အန်ထုတ်မြဲ ...

ကောင်းကင်ကြီးကလည်း ...
ဆောင်းကို ...
သိုဝှက်လို့ကောင်းတုန်း ...
ရင်ထဲမှာတော့ ...
မွန်းတည်းလို့ မဆုံးနိုင်ဘူး ...ဆိုတာ
ခြေလှမ်းတွေ နှစ်ယောက်အတူလင်းဖို့
ပန်းတိုင်ဆီ ...
ကျွန်တော့်လက်ကို...
တယုတယကိုင်ခဲ့တဲ့ သူ ...
သိနိုင်မလား ...

မိုးဖြိုင်တဲ့ ကောင်းကင်တွေ ...
ယိုယွင်းပေါက်ပြဲခဲ့တာ ...
သူ ...နဲ့
ဝေးသွားကတည်းက ...

သူ ...နဲ့
ပတ်သက်ပြီး ...
မျက်လုံးဖွင့်လျက်အိပ်ပါရစေ ...
ရွာချစရာမိုးစက်တွေ မရှိတော့လောက်အောင် ...
(သူမရှိတဲ့)ဒီမျက်ဝန်း လောင်ကျွမ်းတော့မယ် ...
သူ ...
မရှိတော့နဲ့ နေ့ကစပြီး ...
အခုချိန်ထိ ...

ဩော် ...
သူ...နဲ့
ပတ်သက်ပြီး ...
မျက်လုံးဖွင့်လျက် အိပ်ပါရစေလား ...

“လုံးဝ ...”

ကောင်မလေးတစ်ယောက် ...
ငါ့အိပ်မက်တွေကို သောက်သုံးရင်း ...
ယိုင်တိုင်တိုင်နဲ့ လျှောက်လှမ်းလာပြီ ...

တဖြည်းဖြည်း ...
ငါ့ပါ့းပြင်နား သူ့နှုတ်ခမ်းစင်လေးယွန်းလာပြီ ...

နင်ထွက်သွားလိုက်ပါ ...
နင့်အငွေ့တွေကို ငါစိုးထိတ်သွေးပျက်ပြီ ...

ဒီမျက်ရည်တံခါးဝကနေ ...
ခရီးလမ်းလှပပါစေ ...လို့ ငါဆုတောင်းရင်း ...
ငါ့ဘဝကြီးထဲကနေ ထွက်သွားတော့နော် ...

နင် ...
နင် ...
နင့်ကိုငါ ...
မတားရက်ပါဘူး ...
ထွက်သွားပါတော့နော် ...

ဒီမျက်ရည်တွေ ...
စိတ္တဇဆန်အောင် နင် ဒီကောင့်ရင်ခွင်ကို ...
ရက်ရက်စက်စက် သွေးပစ်ခဲ့တယ် ...

သွားပါတော့ ...
ဘဝချင်းခြားသွားတဲ့ ရင်ခုန်သံနှစ်ခု ...
ဆက်လက်ပြီး ...
လက်မတွဲထားနိုင်တော့ဘူး ...
နင်ဟာ ...
ဘဝခြားတစ်ဖက်မှာ ...

ဒါပေမဲ့ နင့်ဝိဥာဉ်ငါ့မျက်ရည်တွေ ...
ငါ့ဒိုင်ယာရီတွေထဲမှာ ...
အသက်ရှင်နေသေးတယ် ...
နင်ဟာ ...
ငါ့အတွက်တော့ ရှိနေသေးတယ် ...
ရှိနေသေးတယ် ...
ရှိနေသေးတယ် ...
ငါ့မျက်ရည်တွေနဲ့ နင့်ခရီးလမ်းဖြောင့်ပါစေ ...

နင်လေ ...
ငါ့မျက်ရည်တွေအတွက် ...
ဂမ္ဘီရညတစ်စုံနဲ့သာ ...
ငါ့ကို နှစ်သိမ့်လှည့်ပါတော့ဟာ ...
ဟီး အီး ...ဟီး ...ဟီး ...အီးးးး။..။။

Friday, May 28, 2010

“ရန်သူ့လက်သို့ ... ဖြေရှင်းချက် ...”

အသံလေးပါပဲလေ ...
နွေညလေးမှာ ငါ့အကြားအာရုံတွေ
ပြိုယိုင်ကျအောင် ...
တွန်းထိုးပစ်လှဲပစ်လိုက်တယ် ...
နားတွေမှာ ဆုပ်ကိုင်စရာ
အသံလေးတွေ ...
အချိန်နဲ့အတူ ...
ခြစားသွားကြတာတောင်မှ
အာရုံထဲမှာ ပဲ့တင်သံဝဲနေသေး ...

Rap သံကြားလည်း မခိုးတခိရယ်ပုံလေး ...
Rock သံကြားလည်း မပြင်းမကျယ်တက်ခေါက်ပုံလေး ...
Pop သံကြားလည်း “ဟဲ့ သေနာ ” လို့
စိတ်ကောက်ပြောသံလေး ...
ဘာပဲကြားကြား ...
(အချိန်တိုင်းပါ)
နှုတ်ခမ်းပါးလေးလက်အောက်က
ကျွန်ရိုင်းသာသာ ငတုံးတစ်ကောင်ပါ ...

တကယ်ပါ ...
အခုချိန်ထိ ဖွဲ့စရာမကုန်သေးတဲ့ ကဗျာဟာ ...
နားထဲ သိမ်းထားခဲ့တဲ့ ...
အသံသာယာလေး ...

ကဗျာတစ်ပုဒ်ပါ ...
နံပါတ်စဉ်မတပ်ရသေးတဲ့ ငါ့ည ...
မှိန်းမောခြင်းထဲ ပြိုလဲကျ ...
တစ်ယောက်တည်း ငါ့ဘဝ ...
အသံသာလေးခေါ်သံနဲ့ အိပ်မက်တွေထဲ
ငါတစ်ယောက် ...
သုံ့ပန်းသာ ဖြစ်သွားတော့တယ် ...
..............................................
နှုတ်ခမ်းပါးနှစ်စင်းအင်ပါယာ ...
နေထွက် နေဝင် ၊
တစက္ကန့်ထွက် တစက္ကန့်ဝင် ၊
ထင်ချင်သလိုထင်လိုက်ပါ ...
တိုက်ရည် ခိုက်ရည် ဘာမှ မယူလာဘဲ
နားတစ်စုံနဲ့သာ ...
နှုတ်ခမ်းပါးနှစ်စင်းအင်ပါယာလက်အောက် ...
ပိုးစိုးပက်စက် ကျရှုံးသွားတာ ...
ငါဟာ ...
အသုံးမကျတဲ့ ဥပုတ်စောင့်သူရဲကောင်း ...
တစ်ကောင်လို့ ...
ထင်လိုက်ပါ ...
ငါဟာ ဓါးမကိုင်တဲ့ သူရဲကောင်းတစ်ကောင် ...လို့ ...
ဒီနှုတ်ခမ်းပါးနှစ်စင်းအင်ပါယာ ...
ငါစိန်ခေါ်ကတည်းက ...
အနိုင်နဲ့ ပိုင်းဖို့ မဟုတ်ဘူး ...
အရှုံးတွေနဲ့ ရာဇဝင်ကို ရက်ရက်စက်စက်ရိုင်းစေဖို့သာ ...

ထင်ချင်သလို ထင်လိုက် ...
ထင်ချင်သလို သာ ထင်လိုက် ... တော့ ...။

Thursday, May 27, 2010

“““ဆေးကောင်း သမားကောင်း ...”””

ကဗျာပါပဲ ...
စိုပြေခြင်းလေညင်းတွေကို
ရက်ရက်ရောရာ တိုက်ခတ်ပေးတယ် ...
အပြုံးဆိုတာ မသိတဲ့ ငါ့အထီးကျန်ခြင်းတွေ
အခုတော့ သူတို့ရယ်သံတွေ
ပင်လယ်ပြင်ကြီးကို
ဖို့ပစ်လို့တောင် ရနေပြီ ...

ကဗျာပါပဲ ...
ဖြေသာခြင်းအိပ်မက်တွေကို
လှိုက်လှိုက်လှဲလှဲမက်ခွင့်ပေးတယ် ...
ငါ့ညတွေရဲ့ အေးမြခြင်းသံစဉ် ...
ငါ နာကျင်တဲ့အချိန်တွေမှာ
အားပေးနှိမ့်သိမ့်တယ် ...
ညတိုင်း ငါခိုဝင်တဲ့ အမှောင်အုတ်ဂူတွေရှေ့က
သူရဲကောင်း ...

ကဗျာပါပဲ ...
သူနဲ့ ငါ ...
တိုက်ပွဲခွာသံတွေအောက်မှာ ...
လွတ်လွတ်လပ်ရယ်မောခဲ့ကြသေးတယ် ...

ကဗျာပါပဲ ...
ချစ်သူရဲ့ ကန္တာရရင်ခွင်ကြီးအောက်မှာ ...
ငါ ...
စိတ်ပျက်စရာစုတ်ဖြဲခံရတဲ့နေ့က
အပြန်လမ်းမှာ ကဗျာငါ့ကို မိုးစက်တွေနဲ့အတူ ...
ငါ့ကို ချော့သိပ်တယ် ...
ရှိုက်နမ်းတယ် ...
ကဗျာရယ် ...
မင်း တည်ပျိုးပေးလိုက်တဲ့ ငါ့ရနံ့လေးတွေ ...
အခုဆို လေပြည်တွေတလျှောက် ...
သာယာမှုနဲ့ ငါယစ်မှုးပျော်ရွှင်တတ်ရပြီ ...

ကဗျာပါပဲ ...
အတုအယောင်မဟုတ်တဲ့ သံယောဇဉ်နဲ့
ငါ့အနား လိုအပ်ချိန်တိုင်း ရှိနေပေးတာ ...
လောကကြီးရဲ့ ထားနေကျ ...
အတုအယောင်မေတ္တာကို သွေဖယ်တယ်လေ ...

ကဗျာပါပဲ ...
ငါကလဲ အတုအယောင်မဟုတ်ဘဲ
မေတ္တာစ်မှန်တွေနဲ့သာ ပေါင်းသင်းကာ
လက်ပွန်းတတီးခုံမင်လာခဲ့တာ ...

တချိန်ကပါ ...
ကဗျာပါပဲ ...
အတုအယောင်ခံစားချက်နဲ့ ကဗျာနဲ့ ငါ ...
လုံးဝမအပ်စပ်ခဲ့တာ ...
ကဗျာ ...
ကဗျာ ...
ကဗျာ ...

ငါသေချာချင်တယ် ...
သေချာနေမယ် ...
လေပြည်အပြုံးမှာ ...
ငါ့ကျရှုံးပြီး ဝေဟင်မှာ
ကားစင်တင်ခံရရင်တောင် ...
ကဗျာဟာ ငါ့အတွက်...
အတုအယောင်ကယ်တင်ရှင်မဟုတ်ဘူး ...
ကဗျာဟာ ...
အတုအယောင်မဟုတ်ဘူး ...
အစစ်အမှန်တွေထက် သာတယ် ...

ကဗျာပါပဲ ...
ငါ့နှလုံးသားရဲ့ အသေခံဆေးသမား ...။။။..။။။...

Wednesday, May 26, 2010

“ဧည့်သည် ...”

ခဏတဖြုတ် သူရောက်လာတယ် ...
ဖိတ်ခေါ်ထားပေမဲ့ ...
သူ ...
ပြန်ထွက်သွားချိန်ကျ တားဆီးလို့ မရဘူး ...
ဖိတ်ခေါ်ထားပေမဲ့ ...
သူလာမယ့် ခြေလှမ်းတွေ ကိုယ်မပိုင်ဘူး ...
သူ့အပေါ်မှာပဲ မူတည်တယ် ...။...

ခဏတဖြုတ်ပါပဲ ...
ဖိတ်ခေါ်ထားလို့ သူရှိနေတဲ့အချိန်
ပျော်တယ် ...
အသက်ရှုသံတိုင်းက ပြုံးရွှင်တယ် ...
ရင်ခုန်သံတိုင်းက အရာရာကို ကျေနပ်တယ် ...
...........................
...................
ခဏတဖြုတ်လား ....
နောက်ကျောမလုံဘူး ...
ကိုယ့်ကိုကိုယ်လည်း မယုံဘူး ...
သူ့ကို အချိန်ကြာကြီးဖက်တွယ်နိုင်မှာလား ...
ဒီလက်တွေက သူ့ကို ဆုပ်ကိုင်ထားဖို့
ခိုင်မြဲရဲ့လား ...
သူက ဧည့်သည်ပါ ...
ဒါကို သူနဲ့အတူရှိတဲ့အချိန် ထာဝရဆိုတဲ့ ဝါကျကို
ကိုယ့် ဘာသာစကားနဲ့ ...
ကိုယ့်ဘဝမှာ ရှင်သန်လာအောင်
အသက်သွင်းပေးချင်တယ် ...
................................
သူ ...
ထွက်သွားခဲ့ပါပြီ ...
ငါသုံးတဲ့ ဧည့်သည် ...ဆိုတဲ့
နာမ်စား ...က ...
တကယ်တော့ အာဏာတွေ ...
စည်းစိမ်းတွေပါ ...
အခုတော့ ကောက်ရိုးမီးလို ငြိမ်းအေးသွားကြပြီ ...
တခဏသာ တောက်လောင်လိုက်ကြတာ ...
ဟုန်းဟုန်းကို မြည်လို့ ...
အားမာန်အပြည့်နဲ့ လောင်ကျွမ်းခြင်းတွေက
ငါ့ရှေ့လေးတင် အချိန်တစ်ခုမှာ ...
တစ်ခုတက်တစ်ခုတိုး ချီတက်သွားလိုက်ကြတာ ...
အခုတောင် ...
နားထဲမှာ မြင်းခွာသံလိုလိုတောင် အာရုံစွဲနေသေး ...

ငါ့မျက်ရည်တွေ ...
အားလုံး ...
အချိန်ကာလတစ်ခုနဲ့ အတူ
လိုက်ပါသွားကြပြီ ...
မျက်ရည်တောင် ကျစရာမရှိတဲ့ ...
ငါ့ညတွေမှာ ...
ငါ ကြေညက်နေတဲ့ တွက်နေကျ
အရိုးစင်းဆုံး
ဒသနလေးက ...
“မွေးကတည်းက ငါဟာ တစ်ယောက်တည်း ...
သေသွားတော့လဲ တစ်ယောက်တည်းပဲ ...
ဘာမဆို မတည်မြဲဘူး ...
မတည်မြဲခြင်းထဲမှာမှ ကိုယ်ကျိုးနည်း အဖြစ် ...
ပေးဆပ်ရတာနဲ့ မတန်အောင် ...
ရလိုက်တဲ့ အာဏာစည်းစိမ်တွေက မမြဲပါလား ...
ငါ့ တဘဝလုံး ...
အာဏာစည်းစိမ်တွေနောက်လိုက်နေတဲ့အချိန်တွေကို
နှမြောဆုံးပဲ ...
ပြန်ရနိုင်မလား ...
ပြန်မရနိုင်မလား ...
ပြန်သာရနိုင်မယ်ဆိုရင် ...
အဲဒီအချိန်တွေမှာ ရယ်ချင်လို့ ...
အဲဒီအချိန်တွေမှာ အေးအေးချမ်းချမ်းလေး
ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်အိပ်ချင်လို့ ...
ပေါ့ပေါ့ပါးပါးလေး ပြုံးချင်လို့ ...
ပြန်ရနိုင်မလား ...
ပြန်မရနိုင်မလား ...
ကုန်လွန်သွားတာ အားလုံးပြန်မရနိုင်တော့ဘူး ...”

ပြန်မရနိုင်တော့ဘူး ...
ပြန်မရနိုင်တော့ဘူး ...
ပြန်မရနိုင်တော့ဘူး ...

အခုငါ ကဗျာရေးနေတာလည်း ခဏပဲ ...
ဧည့်သည်လိုပဲ သူ့နေရင်းဆီပြန်သွားမှာ ...
ခဏပဲ ...
ငါဆုပ်ကိုင်ထားတဲ့ အရာအားလုံး ...
အားလုံး ...
အားလုံး ...
အားလုံး ...

ဟူးးးးး.....
ငါ့သက်ပြင်းလည်း ခဏပါပဲ ...။ ....
ငါ့သက်ပြင်းလည်း တကယ်တော့ ...
ငါ့နှုတ်ခမ်းရဲ့ ဧည့်သည်ပါပဲ ...။။..။။။

Monday, May 24, 2010

“နယ်နိမိတ် ...”

တိမ်ငွေ့တွေလို ကောင်းကင်အနှံ့ ...
ရာဇဝင်ဆန့်ချင်တယ် ...
ဒီမိုးကုပ်စက်ဝိုင်းထောင့်ချောင်လေးထဲမှာ
တစ်ယောက်တည်းနေပြီး
ဆည်းဆာတွေကိုပဲ အချိန်တန်သဘောနဲ့
နိစ္စဓူဝမနောကြီးပိုက်ပြီး
ရှုရှိုက်သွင်းနေရတာ အီသွားပြီ ...
အရုံဦး ...ဆိုတာ ...
ဘာလဲ သိရဖို့ ငါ့ခြေလှမ်းတွေ
ကောင်းကင်ကြီးတစ်လျှောက် ...
အပြတ်ကျူးချင်မိပါရဲ့ ...။...။...

လေပြည်ခရီးကြောင်းတစ်လျှောက်
ရနံ့တစ်ခုလို ...
နှုတ်ခမ်းတစ်စုံနဲ့ ပါးပြင်အကုန်
လိုက်လှည့်ကာ ...
ခိုးနမ်းချင်မိတယ် ...
အခန်းကျဉ်းလေးထဲမှာပဲ
လွတ်လွတ်လပ်လပ်ကဲပွင့်နေတဲ့ ငါ့ဝတ်မှုန်တွေ ...
နံရံတွေကို ခဏခဏထိုးဖောက်ရတာ
ငါ့ဆူးတွေ နာတယ် ...
နှင်းဆီဖြစ်သော်ငြားလည်း
ဥယျာဉ်ထဲ ပွင့်ခွင့်မရတဲ့ ဘဝ ...
နယ်နိမိတ်တွေကို ဖဲ့ချိုးပြီး
ငါ့အတွက် အသစ်အဆန်း ဝတ်မှုန်ပျိုးရှာမယ် ...။...

ရေတဆုံး ...
မြေအဆုံး ...
လိုက်လံကူးခတ်ပြီး အသစ်အဆန်း
အကောင်းအထွေ မှန်သမျှ ...
ရာဇဝင်ကြီးကို ဗန်းပြ ...
တူးဆွသင့်ရင်လည်း တူးဆွရမှာပဲ ...။...
လက်ရှိနယ်နိမိတ်ထဲကနေ ရုန်းထွက်ဖို့ အဓိက ...
ဖားတစ်ကောင်လို မျက်စိကျယ်ကျယ်ပြူးထားမှ ...
နွားခြေရာခွက်ထဲက
ဖားကလေးလိုအသိစိတ်တွေကို ဖဲ့ခွင်းဖြို ...
ရေအဆုံး ...
မြေအဆုံး ...

ရှေ့မှာ ...
နယ်မြေသစ်တွေ ...
ငါ့ကို စောင့်ကြိုနေတယ် ...
ကြိုဆိုနေတယ် ...
လက်တွေ ယက်ကမ်းခေါ်ငင်နေတယ် ...

နယ်နိမိတ်ကြီးထဲက ရုန်းထွက်လိုက် ...
ရုန်းထွက်လိုက် ...
ရုန်းထွက်လိုက် ...
ရုန်းထွက်လိုက် ...
ရှေ့ဆက် အတောင်ပံအသစ်တွေသာ ဖြန့်ထားလိုက် ...

“ပျော်ရွှင်ပါစေ ...”

ချစ်သူ ...
ဒီနေ့ဟာ မင်းအတွက်
ဟာဒယရွှင်ဆေးတစ်လုံးဖြစ်ပါစေ ...
ငါ့လက်နဲ့ မင်းနှလုံးသားမှာ
ပျော်ရွှင်ခြင်းဘုံကို မရက်လုပ်ပေးနိုင်ပေမဲ့ ...
ငါခြွေတဲ့ တောင်းဆုတွေနဲ့ ...
ရယ်သံတွေကို မင်းဝတ်ဆင်နိုင်ပါစေ ...

ချစ်သူ ...
ဒီကောင်ဟာ မင်းအတွက်
လက်တစ်စုံပါ ...
မင်းထုဆစ်ချင်တဲ့ အောင်မြင်မှုမှန်သမျှ ...
ဒီကောင်ကြီး အပွန်းပဲ့ခံ ထဆစ်ပေးမယ် ...
မင်းမလိုရင်လည်း မင်းနောက်ကွယ်မှာ
ပုန်းကွယ်ဝှက်လျှိုးပေးမယ် ...
မင်းဆီ ကျရောက်လာတဲ့
အခက်အခဲ ပြသနာမှန်သမျှ
အနာခံဖြည့်ဆည်းကာကွယ်ပေးမယ် ...
ဆိုတော့ ...
ဒီကောင့်ကိုသာ မင်းအမြန်ဆုံးဆုပ်ကိုင်လိုက်တော့ ...
ဒီကောင်လည်း မင်းကိုပဲ ဆုပ်ကိုင်ထားလိမ့်မယ် ...

ချစ်သူ ...
တိမ်လိုရာသာ လွင့်လိုက်စမ်းပါ ...
ချစ်သူပိုင်ဆိုင်တဲ့ ကောင်းကင်ကြီးတစ်လျှောက် ...
ဒီကောင့်အတွေးတွေ အုံ့ဆိုင်းနေတယ် ...
ဆိုတာကို ပြသခင်းကျင်းချင်လို့ပါ ...
ချစ်သူရေ ...

ချစ်သူရေ ...
မနက်ဖြန်ကြီးကို ဖွင့်ကြည့်လိုက်ပါ ...
ချစ်သူသာ လက်ခံမယ် ...ဆိုရင်
လေးစိပ်တစ်လုံး ...
ငါတို့ခြေလှမ်းတွေ
ပြုံးပြုံးလေးမျက်နှာထားတွေနဲ့ ...
အောင်မြင်ခြင်းတွေဆီ ရက်ရက်ရောရောကြဲလိုက်ကြမယ် ...
လာပါ ...
လက်လေးဖက်နဲ့ ရင်ခုန်သံတွေကို
ရိတ်သိမ်း ...
အောာင်မြင်ခြင်းပွဲကို ပိုင်နိုင်စွာ ကျင်းပကြမယ် ...
ချစ်သူ ...
နယ်နိမိတ်တွေကြားထဲက
လွင့်လာလိုက်စမ်းပါ ...
မင်း မနမ်းဖူးသေးတဲ့ ဆွတ်ပျံ့ရနံ့တွေက မင်းကို ...
“မင်္ဂလာပါ အဆွေ ၊ ကျွန်ုပ်တို့ သင့်နှုတ်ခမ်းကို စောင့်မျှော်နေသည် ...”
လို့ ပြောမှာ ...
မယုံရင် မင်းမျက်လုံးတွေကို ခပ်ကြဲကြဲဖွင့်ထားလိုက် ...
မင်း လမ်းကို ငါ့ဆီယိမ်းအောင် သွေထိုးပေးလိမ့်မယ် ....

ချစ်သူ ...
မြန်မြန်လေး ...
မြန်မြန်လေး ...
လေပြည်တွေ ဝေးမသွားခင်
အနောက်ကို မမျှော်ဘဲ အရှေ့ဘက်ကို ရဲရဲလျှောက်ကြစို့ ...
ချစ်သူ ...
ကိုယ်တို့ အနာဂတ်တွေ တည်ပြီ အခုကနေစ ........

Saturday, May 22, 2010

“တိမ်ငိုသံ ...”

နွေခင်းကြီးတစ်ခုလုံး
လိမ္မော်ဆေးသုတ်ထားတဲ့ ညနေ ...
နေမင်းကြီး ညဝတ်လဲချိန်လည်း ဟုတ်တယ် ...
ကျွန်တော် ...
စိတ်ရှည်သည်းခံမှုကို ဝတ်ဆင်ထားရင်း ...
မျက်ဝန်းတစ်စုံရဲ့ အကောင်အထည် ...
စောင့်မျှော်ခဲ့တယ် ...

နေမင်းကြီးရဲ့ ရင်သွေးအမှောင်တိုက်တွေ ...
“ည ”ဟူလို့ရယ် ...
ကင်ပွန်းတပ်တဲ့အချိန်မှာ ...
ရင်ခုန်သံတစ်စုအားပြုပြီး
ကျွန်တော့်ရှေ့ရှုတဲ့ ကျွန်တော့်ယဉ်ကျေးမှု ...
အမည်နာမပျောက်ရှသွားတယ် ...။...
ဆိုတော့ ...
ကျွန်တော့်ဒိုင်ယာရီထဲ အလည်လာတဲ့ အဲဒီဆည်းဆာ ...
မယဉ်ကျေးခဲ့တာ ရိုင်းပျခက်ထန်ခြင်းပဲပေါ့ ...။...

လည်ဆန့်ခေါင်းမော် ...
ကျီးကန်းတောင်းမှောက်မျက်လုံးတွေနဲ့
အမှောင်တွေကို ပုတ်ကိုင်ကစားလျက်
စောင့်မျှော်ခဲ့ပေမဲ့
သူ ...
(သူ့နှလုံးသားမှာ အပြုံးမရှိဘူး ...
သူ့အိပ်မက်ဟာ မယဉ်ကျေးဘူး ...
သူ့နှုတ်ခမ်းဟာ မကြင်နာဘူး ...
သူ ...
ရက်စက်တယ်)
ခြေသံလေးတွေတောင်
ရက်ရက်ရောရော သူမပေးခဲ့ဘူး ...
ဆိုတော့ ...
ကျွန်တော့်တစ်ဖက်သတ်ချိန်းဆိုမှုလေး အမှောင်တွေမျို၊
ညခင်းထဲ ပြန့်ကြဲလေလွင့်ကုန်တာပေါ့ ...
ပြန်တွေးကြည့်ရင် ...
အရှိုက်ကို လေစုပ်ထားသလိုမျိုး နာကျဉ်တယ်...
အသက်ရှုတိုင်း အရှိုက်ခက်တယ် ...။...
ဒီချိန်းဆိုမှုလေး ...
အသက်မဝင်ခဲ့ဘူး ...
မတောက်ပခဲ့ဘူး ...
မဖြူစင်ခဲ့ဘူး ...
ပုံမလှပန်းမကျခဲ့ဘူး ...
တိမ်နဲ့တူတဲ့ ကောင်မလေး ...
ဖြူစင်သယောင်နဲ့ အဝေးကနေ
ကျွန်တော့်အနား တစ်ချက်ကလေးတောင်
မလွင့်လာခဲ့ဘူး ...။...

အိမ်ပြန်ချိန်ကြီး မဖိတ်ခေါ်ဘဲနဲ့
ရောက်လာတဲ့ အချိန်ထိ ...
ယုံကြည်ခဲ့တယ် ...
သူဟာ ...
ရယ်သံကို ပျိုးပြီး တိတ်တခိုးလာလိမ့်မယ် ...လို့ ...
အခုတော့ အဲဒီယုံကြည်မှုလေး ...
စာတစ်ရွက်ပေါ် ဖွာလန်ကြဲနေပါပြီ ...
ကဗျာတစ်ပုဒ်လို မကြင်နာတတ်တဲ့
အဲဒီမိန်းကလေးကြောင့် ...
ကျွန်တော့်အိမ်ပြန်ချိန်မှာ ...
ပါးပြင်ပေါ် ...
မိုးတွေ ...
မိုးတွေ ...
အစက်ချင်း ...အပေါက်ချင်း ...
အပြိုင်အဆိုင်ခုန်ဆင်း ကြွေကျသွားတာ ...
တိတ်ဆိတ်ကြိတ်မှိတ်ပါပဲ ...
ဒါပေမဲ့ ချုန်းပြီး ရွာတာမို့
ရက်ရက်စက်စက်ပဲ ...အရှိန်အဟုန်ပြင်းထန်တယ် ...။...

အဲဒီညနေရဲ့ ပိတ်ဖုံးကားလိုက်ကာ ...
အိပ်မက်တွေဟာ ...
ဝသန်တစ်ခုရဲ့ ရနံ့ကောင်းကင်ကြီးလို ...
စွတ်စိုထိုင်းမှိုင်းခဲ့တယ် ...။...။။။...

Tuesday, May 18, 2010

“မင်းပေးတဲ့ ကဗျာ ...”

အာရုံမှာ ကြည်နူးစရာ
သူ့စကားသံမရှိတော့ ...
ရင်မှာ ...
လက်တွေမှာ ...
ကဗျာတွေမှာ ...
ခြေလှမ်းတွေမှာ ...
အတွေးသံစဉ်တွေမှာ ...
အထီးကျန် ...ဆိုတဲ့ စကားလုံးတစ်လုံးတည်းက
ထင်တိုင်းကြဲနေတာ ...
အဲဒါမင်းပေးတဲ့ ကဗျာပေါ့ ကောင်မလေး ...
မင်းသိလား ...
ကောင်းကင်တွေ ရေခပ်မဆင်းတော့တဲ့
ဒီနွေရက်တွေမှာ ...
သက်တံတွေနဲ့ အတူ ...
ငါ့ဝိဥာဉ်(အမှတ်စဉ်ပျောက်ပြီး)
တစ်နေရာရာမှာ ပုန်းခိုနေတယ် ...ဆိုတာ...
အဲဒါမင်းပေးတဲ့ ကဗျာပေါ့ ကောင်မလေး ...
ထပ်အာဖျံကွီးရရင်လည်း ...
နေ့တိုင်း ညတိုင်း ...
မင်းအပြုံးတွေနဲ့ ငါ့နာရီသံတွေ
အသက်ဆက်နေရတယ် ...ဆိုတာ
ဖြန့်ကားနေတဲ့ နံရံကြီးအသိ ...။...
နောက် ...
အိပ်မက်တွေထဲမင်းခန့်ခန့်ကြီးထိုင်ပြီး
ညတိုင်း စိုးမိုးထားတာ ...
ထထယောင်ရတဲ့အထိ ...
အဲဒါလည်း မင်းပေးတဲ့ကဗျာပဲ ...
အခုဆို အင်တာနက် စာမျက်နှာတွေပေါ်မှာ ...
မင်း ပေးတဲ့ ကဗျာတွေ ...
လူတွေရဲ့ အမြင်အာရုံတွေမှာ
ကျိုးတို့ကျဲတဲ ပွင့်ဖူးလာကြပြီ ...
ကျေးဇူးပဲ ...
မင်းပေးတဲ့ ကဗျာတွေအတွက် ကျေးဇူးပဲ ...
ကျေးဇူးပဲ ဆိုတာကလည်း မင်းပေးတဲ့ ကဗျာပါပဲ ...
“နှစ်အဆက်ဆက် ငါ့နှလုံးသားထဲ
အသည်းခွဲအမိန့်ကြီး ကိုက်ငုံထားတဲ့
အပြုံးသန်လျက်နဲ့ ကောင်မလေးရေ ...” ...

Monday, May 17, 2010

“စောင့်ဆိုင်း ...”

ဘယ်တော့ ခြေဦးလှည့်လာမလဲ ...
မသိရတဲ့
လေလွင့်ကြိုးမဲ့ကော်နက်ရှင်ကို
ညရိုင်းတစ်ခုမှာ စောင့်ဆိုင်း ...
ကောင်မလေးတစ်ယောက်ကို
စကားပြောချင်တဲ့အတွက်ကြောင့်
ဖြစ်ပေါ်လာတဲ့ အလိုမကျစိတ်နဲ့ပဲ ...
တက်(တောက်)တစ်ခုကို (ခေါက်)
လေပြည်တွေထဲ လက်ဆောင်ထည့်ပေးလိုက်တယ် ...

မွေးကတည်းက မွေးဖွားပေးတဲ့
သူနာပြုဆရာမကို မော်ဖူးဖို့ စောင့်ဆိုင်း ...
နို့စို့ဖို့ စောင့်ဆိုင်း ...
ကစားရဖို့ စောင့်ဆိုင်း ...
ကျောင်းတက်ရဖို့ စောင့်ဆိုင်း ...
အတန်းပြီးဖို့ စောင့်ဆိုင်း ...
အောင်စာရင်းထွက်ဖို့ စောင့်ဆိုင်း ...
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း ...
စောင့်ဆိုင်း ....
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
ဆယ်တန်းလေးတော့ အောင်လာခဲ့ပါပြီ ...တဲ့...
ကောလိပ်တက်ဖို့ စောင့်ဆိုင်း ...
နှစ်ကုန်ဖို့ စောင့်ဆိုင်း ...
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း ...
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး
အရိုးတွေ ပြိုင်းပြိုင်းထွက်သည်အထိ
စောင့်ဆိုင်းလာလိုက်တာ ...
ဘွဲ့လေးတော့ နာမည်တပ်ခံရပါပြီ ...
နောက် ...
အလုပ်ရဖို့ စောင့်ဆိုင်း ...
အလုပ်ရှင်မျက်နှာရဖို့ စောင့်ဆိုင်း ...
မ ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
ကို့ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
ညီမလေးဆီက အဖြေရဖို့ စောင့်ဆိုင်း ...
မောင့်ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
သူ့ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး ...
ကဗျာရိုင်းတွေ ထွက်လာမှ ...
လက်ထပ်ဖို့ စောင့်ဆိုင်း ...
ကလေးရဖို့ စောင့်ဆိုင်း ...
ပျော်ရွှင်စရာ အိမ်ထောင်စုတစ်ခုကို စောင့်ဆိုင်း ...
မြေးလေးတွေ၊ မြေးမလေးတွေမျက်နှာ စောင့်ဆိုင်း ...

သားသမီးတွေ အိမ်ပြန်အလာ
မြေးလေးတွေနဲ့ အတူ စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
နောက်ဆုံး ...
“...ငါဘယ်နေ့ သေရမလဲ...” ဆိုတဲ့
စကားရဲ့ အဖြေသိရဖို့ စောင့်ဆိုင်း ...
ကဲ ...
အသက်တစ်ချောင်းကို ပြည့်ဖုံးကားချလိုက်ပါပြီ ...
.......................................

ဘဝဆိုတာ ...
ယုံကြည်ရမယ် ...
ရှင်သန်ရမယ် ...
“...ငါဟာ မနေ့ကထက် ဒီနေ့
ပိုကောင်း၊ ပိုတိုးတက်ရမယ်...”...လို့ ...။

“သုညသည်သာ နောက်ဆုံးဖြစ်၍ ... သုညသည်သာ အစကနဦးဆုံးဖြစ်ကြောင်း ...”

မျောခဲ့ရတာ မြစ်ကျိုးအင်းဘယ်နှစ်ခုတောင်
ငါ့ဘဝမှာ လက်ပစ်စံချိန်ချိုးခဲ့ပြီလဲ ...
ကွေ့ကွေ့ကောက်ကောက်
ဒီမြစ်ရိုးတစ်လျှောက်စုန်လာလိုက်ရတာ ...
စုန်သာ စုန်ခဲ့ရတယ် ...
ကျွန်တော့်မှာ မ နဲ့ ဝေးခဲ့ရတယ် ...ဆိုတာကို
မယုံနိုင်သေး ...
မျောသာမျောခဲ့ရတယ် ...
ဖြေသာစကားမြစ်တွေထဲမှာ
ကျွန်တော့်နာမည်အခုထိမပျော်ဝင်နိုင်သေး ...

မနက်ဖြန်တွေကို မေးရက်ပါဘဲ ...
ဒီဒဏ်ရာ ပြန်ကောင်းအောင် ကုသပေးနိုင်မလား ...လို့ ...

ရင်ခုန်သံတွေ လွင့်မျောတဲ့
ကောင်းကင်ကြီးမှာ ကွဲရှရာ မဖြေသာ၊
ပက်လက်ဟနေတဲ့ ဒဏ်ရာ ...
ဘေးနားမှာ အပ်လေးတစ်စင်း ...
ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်လို့
သက်သေခံပစ္စည်းလေးပေါ့ ...
အိပ်မက်တွေထဲမှာ အဲဒီအပ်တစ်စင်းကို
လုံလုံခြုံခြုံသိမ်းဆည်းထားတယ် ...
အပ်လေးက တခါတလေညည်းရှာပါတယ် ...
“ မောင်လေး ...မ ကို ထွက်သွားခွင့် ပြုပါတော့ ...” ...လို့ ...။...

ညအမှတ်ထောင့်ငါးရာ ...
ပိုင်ဆိုင်တဲ့ ကဗျာဆရာ ...
အိပ်မက်တွေ ပြန်ပေးဆွဲမှုနဲ့ ...
စာရွက်တွေပေါ် ဘောပင်တစ်လက်နဲ့ ကားစင်တင်ခံရတယ် ...
သံယောဇဉ်တွေ ...
အတိတ်တွေ ...
မ စကားသံတွေကတော့ သူ့ကို လှောင်လို့ ရယ်လို့ ...ပေါ့...
သူလေးကျေနပ်ပါတယ် ...
တစ်စထက် တစ်စ ...၊
ကွဲရှလာတဲ့ ဒဏ်ရာတွေကို ညင်သာစွာပွတ်ထူရင်း ...
ညှီစော်နံ သူ့သွေးဒိုင်ယာရီတစ်ပုဒ်ကို ပစ်ချလိုက်တယ် ...

ဒိုင်ယာရီနောက်ဆုံးမှာ ...
စာလုံးလေးတွေ ခွင်းထားတာက ...
“ ငါ့အတိတ်တွင် တိတ်တိတ်ဆိတ်ဆိတ် မ အိပ်နေစဉ်
မသိမသာ ရင်ခုန်သံများအား သူ့အတွက် ...
ပက်ဖြန်းပေးခဲ့ပါသည် ...ကုန်ခမ်းသွားသောာ
ထိုရင်ခုန်သံရနံ့များသည် မ အားခစားမည့်
တစ်သက်တာ မွှေးကြိုင်ရနံ့များသာ ...”

“မနေ့က ...”

မနေ့က စုပ်ခဲ့တဲ့
သကြားလုံး ဒီနေ့ပြန်စုပ်ဖို့ရာ ...
(ကြွက်ကိုက်နေတော့)
ချိုမြိန်သန့်ရှင်းခြင်းကို မနေ့ကလို
သူပေးနိုင်တော့မလား ....

မနေ့ညက စပ်ခဲ့တဲ့ကဗျာ
ဒီနေ့ပြန်စပ်ဖွဲ့ဆို သီကုံးဖို့ရာ ...
ဆူပွက်နေတဲ့ သွေးရူးသွေးတန်းခံစားချက်မျိုး
မနေ့ကလို သူပေးနိုင်တော့မှာလား ...
လရောင်လေးကို ပွေ့ထူရင်း ၊
ကြယ်စင်တစ်လက်အကြောင်း သံစဉ်တစ်ပုဒ်သာ ...
ဖွဲ့ဆိုရင်း ...
“မနေ့က ...” ဆိုတဲ့ နေရောင်ခြည်ဟောင်းတွေနဲ့
ထပ်မံကခုန်ဖို့ ဆိုတာ ...ဆုလေးတစ်ခုအဖြစ်တောင်းပေမဲ့ ...
သီသီလေးလွဲချော်ခြင်းပေါ်မှာ
ချော်လဲရောထိုင်လိုက်မိတဲ့ကောင်ပါ ...

မနေ့က ဖန်တီးခဲ့တဲ့
ငါ့ဇာတ်ကောင်တွေရဲ့ ကံကြမ္မာ ...
ရှေ့ဆက် ဘယ်လို ခင်းရပါ့မလဲ ...
“နေမင်းကြီးရယ် ...
ငါ့ဇာတ်ကောင်တွေရဲ့ ကံကြမ္မာသက်တမ်းရှည်ဖို့
သင့်ကို တစ်ပတ်လောက်
ကောင်းကင်ကြီးပေါ်မှာ ဆင်ကော်ထက်ပြင်းတဲ့
ကော်ပြင်းတစ်မျိုးနဲ့ ကပ်ထားချင်ပါဘိ ...”
................................
ဩော် ...မနေ့ကအချိန် ...
မနေ့ကအချိန် ...
မနေ့က ငါ့ကောင်မလေးမျက်နှာ ...
မနေ့က ငါ့ကောင်မလေးခင်မင်မှု ...
မနေ့က ငါ့ကောင်မလေးအပြုံး ...
မနေ့က ငါဆုပ်ကိုင်ခဲ့တဲ့ ငါ့ကောင်မလေးပျော်ရွှင်မှု ...
မနေ့က ဟက်ဟက်ပက်ပက်ရယ်မောခဲ့တဲ့ ငါ့ရင်ခုန်သံ ...
မနေ့က ...
မနေ့က ...
မနေ့က ...ပါပဲ ...
မနေ့ဆိုတဲ့ နေ့တစ်နေ့က ငါပိုင်ဆိုင်သမျှ ...
ဒြပ်ရှိဒြပ်မဲ့အရာအားလုံး
ရင်ခွင်ကို နင်းဖြတ်ပြီး ...
တစ်ယောက်တစ်ပေါက်နဲ့ ...
ကိုယ်စီညမင်းဆီကို ငါ့ဆီ လက်သုတ်တစ်ဆောင်ပေးခဲ့ပြီး
ထွက်ခွာနှုတ်ဆက်သွားကြပြီ ...
ငါ့မှာတော့ မျက်ရည်စမ်းစမ်း...စမ်းစမ်းနဲ့ပေါ့ ...
အိပ်မက်တွေနဲ့ လှမ်းခေါ်ပါတယ် ...
သူတို့ မကြားနိုင်တာ ခက်တယ် ...

မနေ့က ...နေဟာ
ဒီနေ့ပြန်သာခွင့်ရရင် ...
သူ့လက်ကိုပဲ မလွတ်တမ်းဆုပ်ကိုင်ထားမိမှာ ...

ဒီနေ့မှာ ...
ရယ်မောသံမရှိဘူး ...
ဝိဥာဉ်မရှိဘူး ...
အလင်းရောင်မရှိဘူး ...
စိမ်းစိုတဲ့ အတွေးတွေမရှိဘူး ...
တိုးတက်ခြင်းမရှိဘူး ...
မိုးမရွာဘူး ...
နေမသာဘူး ...
ကဗျာတွေ စာရွက်တွေပေါ် ထွက်မလည်ဘူး ...
အတွေးတွေမှာပဲ မျက်ရည်မိုးအေးလေးလေးနဲ့
ကွေးနေကြရဲ့ ...
လက်တွေမှာ သွေးတွေ မရှိဘူး ...
ဦးဏှောက်တွေ ဖုန်တက်နေတယ် ...
ကန္တာရထဲက သစ်ရွက်ကိုပဲ ကြိုးစားစိုက်နေတယ် ...
ခြောက်သွေ့ခြင်းနေတွေ ပျိုးဖို့ ...
မျက်လုံးဖွင့်လိုက်ရင် မထွက်ဖူးတာ ကြာနေပြီဖြစ်တဲ့ ...
အထီးကျန်တံခါးရွက်မကြီးက ...
သွေ့ခြောက်ခြောက်အကြည့်တွေနဲ့ မျက်စောင်းထိုးတယ် ...
ဒီနေ့နဲ့ ပတ်သက်ပြီး ...
ဒါဘယ်သူထွင်းခဲ့တဲ့ ရာဇဝင်လဲ ...
“ချစ်စရာသွားတက်လေးနဲ့
ဝက်ခြံနီတွတ်လေးနှစ်ခု ပါးပြင်မှာ ရေမလောင်းဘဲ
စိုက်ကြဲထားတဲ့ ကောင်မလေး ...
ကိုယ့်အာရုံမှာ အခုထိ ရနံ့တွေတောင်
ဆော့ကစားပြေးလွှားနေကြသေး ...
မင်းနဲ့ ပြန်တွေ့မယ့် မနက်ဖြန်တွေကို
မျှော်လင့်ရင်း ...
တွေးရင်း ...
ပျော်ရင်း ...
မြူးရင်း ...
ငါပိုင်တဲ့ ဒီနေ့ကြီးလေ ...
ခက်ဆစ်မရှိတော့ဘူး ...” ...။

Friday, May 14, 2010

“ကဗျာစစ်သည် ...”

ကဗျာတစ်ပုဒ်ဟာ ...
ရင်ခုန်သံလက်နက်နဲ့
ကောင်မလေးတစ်ယောက်ရဲ့ နှလုံးသားကို
သိမ်းပိုက်တဲ့ တိုက်ပွဲမှာ ...
အောင်ပါစေသား ...
အောင်စေသား ...

နွေနေ့လည်ခင်းတစ်ခု ...
အထီးကျန်နေတဲ့ ငါ့ကြမ်းပြင်တွေ
သူသိမ်းပိုက်လှည့်...
အချစ်အတွက် ငါ့ဒိုင်ယာရီတွေ
သူ့အလိုလိုက်ခဲ့ရတယ် ...
မဆန်းပါဘူး ...
သွားတက်လေးနဲ့ ရင်ခုန်သံတွေကို
နုတ်နုတ်စင်းသွားတာ ...
အခုထိခင်မင်ခွင့်ရတဲ့အတွက်လည်း ကျေနပ်တယ် ...
တခါတည်း ပြောလိုက်မယ် ...
ကောင်မလေးမင်းကိုငါ ... ချစ်တယ်...

ငါတစ်ချက်မှ မညည်းဖူးဘူး ...
မင်းခင်းထားတဲ့ မာယာစားပွဲခင်းပေါ်မှာ
မင်း အလိုကြိုက် ကပြဖျော်ဖြေခဲ့ရတာ ...
ဒါပေမဲ့ မင်းသိဖို့ ကောင်းတာက ...
ငါဟာ ငါ့ရင်ခွင်ကို နွေမြက်ကြမ်းတစ်ပင်လို
လူတိုင်းအတွက် ရည်ရွယ်ထားတာ မဟုတ်ဘူး ...
လူတိုင်း နားခိုပိုင်ခွင့်မရှိဘူး ...
လူတိုင်း ပြက်ရယ်ပြုခွင့်မရှိဘူး ...
ဒါပေမဲ့ ...
မင်းအနမ်းတွေ ငါ့ဘဝမှာ
ဖြန့်ကြဲချင်တဲ့အတွက် မင်းအဖို့တော့ ငါဟာ ...
“မည်သူမဆို ဖြတ်သန်းခိုဝင်နိုင်သည် ...” ...ဆိုတဲ့
ဇရပ်တစ်ခုရဲ့ ခွေးကတက် ...
မင်းကြိုက်သလို ဝင်ထွက်သွားလာ ...
မာယာတွေသုံးပြီး ပြုံးပြုံးလေးနဲ့ ...
ငါပိုင်သမျှ သိက္ခာ၊ ယူငင် သတ်စားခွင့်ရှိတယ် ...

မင်း ....
မင်းအတွက် ...
ငါတက်လာခဲ့သမျှချင်ခြင်းတွေ အကုန်လုံး
မြေမြုပ်မီးလောင်တိုက်သွင်းလိုက်ပြီ ...
ငါဟာ ကိုယ့်ကိုကိုယ်ပြန်တူးတဲ့
ကမ္ဘာကြီး ဆိုတော့ ...။...
နောက် ...
ငါဟာ ...
ကဗျာရေးတဲ့ ညတွေဆီကရော ...
စာရေးတဲ့ ဘဝတွေဆီကရော ...
စောင်ခြုံတဲ့ လမိုက်ညတွေဆီကရော ...
ရယ်သံလွှမ်းတဲ့ အိပ်မက်တွေဆီကရော ...
ငိုသံရွှမ်းတဲ့ လမ်းတွေဆီကရော ...
အရှုံးမဖက်ဘဲ ရုန်းထွက်ခဲ့ပြီ ...
မင်းအတွက် ငါ ...
ကဗျာတစ်ပုဒ်လို မနာကျင်ချင်ဘူး ...
စာတစ်အုပ်လို မလွမ်းချင်ဘူး ...
လမိုက်ညလို မမှောင်မိုက်ချင်ဘူး ...
မင်းအတွက် ...
ငါ့လက်တွေကို
မင်းစိတ်ကြိုက်ပုံသွင်း၊ (လုံးဝကို)
ပြိုးပြိုးပြက်ပြက်လင်းပစ်လိုက်မယ် ...
ငိုသံရွှမ်းတဲ့ လမ်းတွေဆီက ငါရုန်းထွက်ခဲ့သလို ...
မင်းမငိုနဲ့တော့ ...
ငါလည်း မငိုတော့ဘူး ...
လက်လေးဖက်နဲ့ ကမ္ဘာကြီးအသက်ကို
သန့်စင်ခြင်းဘောင်ကွပ်မယ် ...
..............................
အင်း...
ဒီကောင်တော့
ငုတ်တုတ်ထိုင် နာမ်မဲ့အတွေးတွေနဲ့
သွပ်သွပ်ခါအောင် ရူးနေပြန်ပြီ ....။....။။။

“သံယောဇဉ် ...”

သံယောဇဉ်တွေ မြေပြင်ပေါ်
ဖွာလန်ကြဲကုန်ပြီ...
တံမြက်စည်းနဲ့
ပြောင်ရင်ပြီးရော လှဲထုတ်ဖို့ကလည်းမဖြစ်...
ရင်တွင်းဖြစ် အချစ်တွေက
နာကျင်မှုကို မွေးဖွားပေးမှာလည်း ကြောက်ရသေး...

“ထွက်သွားပါတော့”... ဆိုပြီး
ဓမ္မတာစကား ရင်မှာ ပြန်သိုထားလိုက်တယ်...
ဆက်လက်ပြီး သံယောဇဉ်မီးတိုင်နဲ့
အတူတူလင်းဖို့ပေါ့...
မှောင်နေကျ ဘဝတွေက
ခွဲခွာခြင်းအိပ်မက်ကို
အချိန်တန်ရင် မက်ရစမြဲပဲလေ...
မဖြစ်ဘူး...
မျက်ရည်တံခါးတွေနဲ့ လိုက်ပို့ရစမြဲ...
အခုတော့လဲ ...
နှုတ်ခမ်းတစ်စုံက ပြုံးပြနှုတ်ဆက်ခွဲခွာဖို့
မဝံ့မရဲ ...
တစ်ခုတော့ ဆုတောင်းပေးလိုက်ပါတယ်...
“...ငါ့မျက်ရည် နင့်ခရီးလမ်းမှာ
မလျှံပါစေနဲ့...” ...လို့...
အခုတော့ ...
နင်မရှိတဲ့ အရပ်မှာ ...
နင်မရှိတော့တဲ့ အချိန်မှာ ...
သံယောဇဉ်ဝိဥာဉ်တစ်ခုရဲ့ အုတ်ဂူပေါ်မှာ
ငူတူတူထိုင်ရင်း ...
အလွမ်းတစ်ခုရဲ့ တစ္ဆေနဲ့
ငါကောင်းကောင်းပျော်နေတတ်ပါပြီ ...

တကယ်တော့ ငါဟာ ...
ကိုယ့်အမြီးကို ပြန်ကိုက်နေတဲ့
ခွေးမြီးတိုတစ်ကောင်ဆို ...
ကောင်မလေး နင်မမှားနိုင်ဘူး ...
ငါ့နောက်ကျော ...
ငါ့အတိတ် ...
ငါ့အမြီး ...
ငါ ပြန်ကုတ်ဖဲ့ရင်း ...
ပိုက်ထွေးထားတဲ့ ရင်ဘတ်တစ်ခြမ်းတောင်
ဒဏ်ရာတွေနဲ့ မြင်မကောင်းရှုမကောင်း ...
ကောင်မလေးရယ် ...
နင်မရှိတဲ့နောက် ...
ဟောင်းလောင်းပွင့်ဖူးနေတဲ့ ငါ့ကဗျာကြယ်လေးတွေလည်း
ကပ္ပလီညတွေပေါ်မှာ လှလှပပလေး ကြွေဆင်းတတ်ပါပြီ ...
အခုဆို ငါ့လက်တွေပေါ်မှာ
ကဗျာလေးတွေ အသားကျနေပြီ ...
အတိတ်ရနံ့သုတ်ထားတဲ့ သံယောဇဉ်ပန်းကို
နမ်းရှိုက်မိမှ ငါဟာ ...
သွပ်သွပ်ခါအောင် ရူးရရောလား ...
ဒီပန်းကို နင်ဘာလို့ ပျိုးခဲ့ပါလိမ့် ...
ဒီပန်းကို ငါဘာလို့ ဂရုစိုက်မိပါလိမ့် ...

ကောင်မလေး ...
တစ်ချိန်ချိန်မှာ ...
သံယောဇဉ်ဆိုတာကို နင်သိခဲ့ရင် ...
အဝေးဆုံးကို နင်ထွက်သွားလိုက်ပါ ...
သံယောဇဉ်မရှိတဲ့ ဥယျဉ်ကိုပဲ
နင်ခုံမင်တတ်လိမ့်မယ် ...
ဘာဖြစ်လို့လဲဆိုတော့ နင်ကိုယ်တိုင်
သံယောဇဉ်အနမ်းကို စွဲလန်းနေပါရက်နဲ့ ...
ရွံရှာနေမှာ ... မို့လို့ ...။...

ငါကတော့ ...
သံယောဇဉ်ကြောင့် ...
ဘဝတခြား ...
အသက်ရှုသံတခြား ...။ ...
ကဗျာတခြား ...
ခံစားမှုတခြား ... ။ ... နဲ့
ပြူးပြဲစိုက်ကြည့်နေလည်း မမြင်ရတဲ့
လမ်းတွေပေါ်မှာ လျှောက်ရင်း ...
သံယောဇဉ်မျက်ရည်ဗုံးနဲ့ ...
(သာသာယာယာပဲ)ရင်ခွင်ကို
ပက်လက်ကြီးပေါက်ကွဲနေတတ်ပါပြီ ....

Thursday, May 13, 2010

“အိပ်မက်ထဲမှာ ငိုတဲ့ မ ”

အာရုံထဲမှာ...
ရှိုက်သံတွေ လေပြည်နဲ့ရောယှက်နေတယ်...
မပြောရက်ပါကွယ်...
မငိုပါနဲ့ မ ရယ်...
တိတ်တော့...လို့...။...
ဒါပေမဲ့ ဖုန်းသံထဲက ရှိုက်သံကို
ကိုင်ဆုပ်ခွင့်မရနိုင်တဲ့ အခွင့်မို့ ...
မျက်ရည်စုပ်စက် ...
ကျွန်တော့်လက်တစ်ဖက်ဟာ
ဆန္ဒကို ကြိတ်မျိုသိပ်ထားလိုက်တယ်...။..
..........................
လွမ်းလိုက်ရတာ ...
လပေါင်းဘယ်နှသုတ်က
လေပြည်တွေနဲ့ ကျွန်တော့်ကို ...
ဖုန်းသံတွေထဲ နစ်မြုပ်စေလည်း
ကျွန်တော်တိုင်က ဖုန်းသံ၊
အင်တာနက်ထဲက ချတ်တင်းစာလေးတွေနဲ့ပဲ ...
ချွေးသိပ်ခံနေရသူမို့ ...
အချိန်ထိ အိပ်မက်တွေ
အကျဉ်းချခံထားရလျက်သာ ...
...................................
ဘောပင်ကို အဝေးလွင့်ပစ်လိုက်တယ်...
ကဗျာဆိုတာ မရှိရတော့ဘူး ...လို့
ဘဝမှာ ဆုံးဖြတ်လိုက်တယ်...
အဲဒီလိုပဲ ရင်ခုန်သံတွေဆိုတာ
လွမ်းဖို့မဟုတ် ကစားဖို့ ပျော်ဖို့
ဆိုပြီးတော့လည်း ဆုံးဖြတ်လိုက်တယ်...
အိပ်မက်တစ်ခုကိုး ...
ငြင်းဆန်ဖို့ အသိစိတ်တွေမဲ့ဆိုတော့ ...
.................................
မ ရယ် ဘာဖြစ်လို့ ...
မ ဆီတွယ်ကပ်နေတဲ့ အိပ်မက်တွေထဲမှာများ
ရှိုက်ကြီးတငင်ငိုရတာလဲ ...
မ ကြောင့် ...
ကဗျာတစ်ပုဒ်တော့ ...
အိပ်မက်တွေနဲ့ အတူ...
ပျံသန်းသွားတဲ့ စိတ်တွေကို လှမ်းကြည့်ရင်း...
ငုတ်တုတ်ထိုင်ပြီး ...
ငူတူတူ ငိုင်တိုင်မျက်နှာထားတွေနဲ့
ပါးစပ်ကတော့ လက်ရှိအဖြစ်အပျက်နဲ့
ဘာမှမဆိုင်ဘဲ ပွစိပွစိနဲ့ မသဲမကွဲ
စကားလုံးတွေကို ထုခွင်း၊
အသက်သွင်းနေတော့တာပါပဲ ...

Wednesday, May 12, 2010

“မဆုံစည်းခြင်း...”

ရွှေဝါရောင် ကန္တာရကြီးထဲမှာ ...
ဆောင်းကို သွားပျိုးမိတဲ့ ငါ့အဖြစ်ကိုက
ငါ့အပြစ်တစ်ခု ...
သဲမှုန်လေးတွေတောင်
အပူလျှပ်၊ အအေးပတ်ကုန်ပြီး
သေမျောကြပြီ...
မြေပြင်ကြီးပေါ် လဲလျောင်းအိပ်စက်နေကြတဲ့.
သဲဝိဥာဉ် အမှတ်စဉ်တွေကို ရည်တွက်ပြီး
ငါတစ်ယောက်တည်း ...
တွေးမိတွေးရာ တွေးမိရာက ...
ခေါင်းတညိမ့်ညိမ့် သံဝေဂတရရနဲ့...
ပါးစပ်ကနေ တီးတိုးရေရွတ်မိလိုက်တာက
“...ဩော်... ငါ့အမြင်အာရုံအောက်မှာ
မင်းလေး သေဆုံးပျောက်ကွယ်ပျောက်သွားခဲ့တာ
အခုဆို နှစ်ပေါင်းမနည်းတော့ဘူးပဲ...
ဒါပေမဲ့ ငါ့မျက်စိအောက်မှာ သေဆုံးနေကြပေမဲ့
ရှိနေကြတဲ့ သဲမှုန်တွေလို...
ငါ့အကြည့်တွေ အောက်မှာ
မင်း သေဆုံးသွားလည်း ဒီရင်ခွင်ထဲ ...
ဂစ်တာတစ်လက်နဲ့
ကဗျာရေးတဲ့ လက်တစ်စုံကိုသာ အသုံးပြုပြီး
သတိရတိုင်း ငေးငိုင်ကြည့်မိတတ်တာ ...
ကြည့်မိတိုင်းလည်း ပါးပြင်ပေါ်
မိုးတွေ ခိုးရွာရတယ်....”...။...။...

“ကံကြမ္မာမှ ကောက်နုတ်ချက်...”

အိပ်မက်ကို လှောင်အိမ်ထဲ
ပြန်သွင်းလိုက်တယ်...
မျက်စိမှိတ်ထားသ၍ သူ့ကိုပဲ လိုက်ရှာမယ်...
လို့လည်း ကြိမ်းဝါးထားတယ်...
..................................
ပျံသန်းသွားပါပြီ...
တကယ်...
ပျံသန်းသွားပါပြီ အတိတ်ဆိုတဲ့ သတ္တဝါကြီး
ဒိုင်ယာရီစာမျက်နှာဟောင်းတွေကို
ကတိုက်ကရိုက်ထုပ်ပိုးပြီး
ကောင်မလေးတစ်ယောက်လက်ဆွဲ...
အကြည့်လေးတွေတောင် မပေးတော့ဘဲ
ခပ်ကြဲကြဲတောင်ပံခတ်သံတွေကို ဖန်တီးပြီး
ဟိုး....
အဝေးကို စုန်သွားပြီ...
..................................
နာကျင်မှုမှတ်တိုင်တွေကို စနစ်တကျစိုက်ထူရင်း
လောကအဟုန်မှာ ...
ပေတေတေနဲ့ တစ်ယောက်တည်းစုန်နေရတဲ့ ဘဝ...
အဲဒါ ကောင်မလေးတစ်ယောက်အပြုံးရနံ့တွေနဲ့
ပျောက်ဆုံးသွားကတည်းက...။...
ဇာတ်လမ်းက အစပျိုးဖို့
စာတန်းလေးတွေ ထိုးနေတုန်းရှိသေး...
မင်းသမီးကို ကသုတ်ကရက် ဆွဲနုတ်ယူလိုက်တဲ့
ဒါရိုက်တာ...
ခေါင်းညိမ့်ရုံပဲ ရှိတော့တယ်...

“မျက်ဝန်း...”

အဲဒီညနေပေါ့...
သူ့မျက်ဝန်းထဲမှာ
ကိုယ့်အိမ်ပြန်ချိန်တွေ ကျရှုံးခဲ့တာ
အတုံးအရုံးပဲ...
မျက်နှာချင်းဆိုင်ပြီး စကားလမ်းကြောင်းတွေ
စီးချင်းထိုးကတည်းက ကျရှုံးချင်တဲ့
စိတ်နဲ့ပဲ ခုခံခဲ့တယ်...ဆိုတော့...
ဒါဟာ မထူးဆန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ...
ထူးဆန်းတာတစ်ခုတော့ သေချာရှာကြည့်ရင်...
အဲဒီမျက်ဝန်းထဲ
ကိုယ်ကျရှုံးသွားကတည်းက
ကိုယ့်အချိန်တွေကို သူသိမ်းပိုက်သွားခဲ့တယ်... ဆိုတာကို
မသိလိုက်တာပဲ...။...
.......................
ဘာပဲဖြစ်ဖြစ်...
ရင်ထဲ မှိုင်းညို့နေတဲ့
မိုးတိမ်တွေကို
အဲဒီအကြည့်နဲ့ပဲ ကိုယ်လှဲထုတ်ပစ်နိုင်ခဲ့တယ်...
ဆိုတော့ ကိုယ်ဝမ်းသာတယ်...
ညတွေကို သူ့ဆီပေးအပ်တယ်...
အိပ်စက်ခြင်းပဲပေးပါလို့...
နေ့တွေကို သူ့ဆီ လွှဲပြောင်းတယ်...
ပြန်တွေ့တဲ့ အချိန်... လူမှုရေးအရပြုံးရယ်ပေးပါလို့...
...................................
ဂစ်တာတစ်လက်ရဲ့ ကြိုးလေးတစ်စင်း
လေဟာနယ်ကို ခုတ်ဖြတ်...
သူလဲ (ပိုင်းပိုင်းစစ)အပြတ်ပါပဲ...
သံစဉ်မဲ့သွားမယ့် စက္ကန့်တွေကြောင့်
ယိုဖိတ်လာမယ့် နှလုံးသားအလွမ်းဓာတ်တွေကိုတော့
သူသိရှာတော့မှာ မဟုတ်ဘူး...
ကောင်းတယ်... ဒါဟာ ရင်ခွင်မှာ
ကဗျာလေရူးတွေ ခုန်ပေါက်ခိုဝင်လာမယ့်
အလားအလာတွေပဲ...
ဒါပေမဲ့...
ကိုယ့်ကိုကိုယ် ပြန်ရေးနေရတဲ့
ငါ့လက်တွေပဲ ငါသနားလို့ မဆုံးဘူး...။...။...

“လိပ်ပြာစည်းချက်...”

စည်းချက်မကိုက်တော့တဲ့
ငါ့လိပ်ပြာတွေအတွက်...
ချစ်သူရေ..
မင်းကိုတော့ ခေါ်ငင်ခွင့်ပြုပါ...
..........................
ဒီလိုပါ...
“ငါ့ဆောင်းတွေကို အလစ်သုတ်ယူ၊
ထွက်ပြေးသွားတဲ့
ကောင်မလေးရေ...
ငါခွင့်လွှတ်နိုင်ပါတယ်...
ပြန်လာချင်ပြန်လာပါ...
နောက်...
မင်းရဲ့ ကပ်စီးနည်းအကြည့်တွေကိုလဲ
ငါ့ဆီတိုက်ခတ်လာတဲ့
လေပြည်အသုတ်မှာ ပူးတွဲကာ
ချုပ်ထည့်ပေးလိုက်စမ်းပါ...
“...ဒီမှာငါ...
ရွှေရောင် ကန္တာရပြင်ကြီးထဲမှာ
ကုလားသေကုလားမော အိပ်နေကြတဲ့
ညမဟူရာတွေဘေးနား ငုတ်တုတ်လေးထိုက်လျက်
အေးအေးလူလူ မီးလှုံနေတယ်...” ဆိုတာ
မြင်ခိုင်းချင်စမ်းပါရဲ့...။...
တကယ်တော့လေ...
ငါဟာ... ဒီကဗျာကို
အသက်သွင်းခဲ့တာ မဟုတ်ဘူး...
ငါ့လက်ထဲကို
ရုတ်တရက်ကြီး အတင်းမင်းပဲ “...ရော့...အင့်...” ဆိုပြီး
ကလောင်တံလာထိုးပေးသွားတာလေ...
ဒါပေမဲ့... ဆေးစပ်မှားခဲ့တဲ့ ငါ့အပြစ်ကြောင့်...
ငါ့ကဗျာတွေ အဆိပ်သင့်ပြီး
အိပ်မက်တွေ ရူးသွပ်သွားရပြီ...။...
ပြန်လာပါ...
ကောင်မလေး...
အခုဆို ငါ...
ကဗျာတစ်ပုဒ်ကို
ကောင်းကောင်းမရေးတတ်သည့်တိုင်အောင်
ကလောင်တံတော့ ကိုင်တတ်နေပါပြီ...
ဒီတော့လေ...
ကောင်မလေးရေ...
စုန်းတွေပွေတဲ့ လမိုက်ညမတိုင်ခင်...
ငါ့ရင်ခုန်သံတွေကို အမြန်ဖြေသာစေလှည့်ပါ...
နောက်...
ခြေကားယား
လက်ကားယား
တောင်စွယ်မှာ နေမကွယ်ခင်
ကားစင်တင်အသတ်ခံရတော့မယ့်...
မိုးတိမ်တွေ မခြောက်ခြားခင်...
အခုလောက်များ...
ကောင်မလေး...
ပြန်လာပါ...”

Tuesday, May 11, 2010

“လောကကြီးနဲ့...ချစ်သူနဲ့...တစ်ပွဲတစ်လှမ်း အကဲစမ်းကြပါသည်...”

လောကတံခါးရေ...
...........................
လောကတံခါးရေ...
ဒုက္ခတရားတွေကို သောကပွားချေဖျက်ယူဖို့
လေးဘက်လေးတန်စိတ်ရှင်တွေကို
နာမ်ပြောင်းပြီး...
မသာယာခဲ့တဲ့ လက်နှစ်ဖက်ရဲ့
အနာဂတ်တွေပြန်ပေါင်းစည်း
ခြေရာထင်းမယ့် ခြေလှမ်းကြဲတွေနဲ့...
(ချစ်သူနဲ့ ငါ)
လာပါပြီကော...
ဆိုတော့....
မင်းကိုယ်မင်း ပြန်ဖွင့်ထားလိုက်တော့...
.....................................
ဒီခရီး နှစ်ယောက်မညည်းတွားဘဲ
ဒိုင်ယာရီတွေကို လှပစေဖို့ရာ
ကလောင်တံကို ဝံ့ဝံ့ရဲရဲ ကိုင်ခဲ့ကတည်းက...
နေဝင်ချိန်တွေကို ကောင်းကင်ကြီးထဲ
သင်္ဂြီုလ်လိုက်ပြီးပြီ...
ရှေ့ဆက်ပြီး အရုံတက်လာမယ့်
မနက်ခင်းတွေသာ ရှိတော့မှာ...
ငါ...ဝမ်းသာတယ်...
ငါ့ကို တစ်ချိန်က လှောင်ပြောင်ခဲ့တဲ့
ကြယ်စင်တွေကို ပြန်နင်းချေခွင့်ရတော့မယ်...။...
နောက်...
လောကကြီး မှတ်ထားပါ...
ငါ့မြင်နိုင်တဲ့ (ကုန်းဖြစ်ဖြစ်ရေဖြစ်ဖြစ်)
ခရီးတစ်လျှောက်မှာ
ဝှက်ထားတဲ့ အကြည့်တွေထဲက
ထပ်ဆင့် ဝှက်ထားတဲ့ ဖဲချပ်ဆန်ဆန်
အနမ်းလေးတွေက
ငါ့အတွက် ရိက္ခာ...
ငါ့အတွက် အင်အား...
.....................
မထင်ထားနဲ့...
ငါ့လက်မောင်းမှာ တွယ်ကပ်နေတဲ့
ချစ်သူ့လက်တစ်ဖက်ဟာ
အင်အားတွေ ချည့်နဲ့နေတယ်...လို့...
အခုဆို အဲဒီလက်တစ်ဖက်ဟာ...
ငါ..သုညကိုတောင်
အားဖြည့်ပြီး မင်းကိုတောင် တိုက်ဖြိုနိုင်တယ်...
ဟားဟားးး.....
တစ်ချိန်က လောကကြီးကို ကျရှုံးသူတွေတောင်မှ
ဟားတိုက်ရယ်မောတဲ့ ပွဲမှာ
မှောက်ရက်ကြီး လဲနေခဲ့တဲ့...ငါ
မင်းအတွက်တော့ ဟာသကို
အတည်ပေါက်ဟောက်သလိုတော့
ဖြစ်နေမှာပဲ...
ဘာပဲဖြစ်ဖြစ် မင်းယုံထားဖို့က...
ငါတို့နှစ်ယောက်ထမ်းပိုးညီညီ
ထမ်းထားတဲ့ သစ္စာတရားက
ငါတို့ ဘဝကြီးနဲ့ တည်ဆောက်ထားတာ...
ဒါကြောင့် ချစ်သူလက်တစ်ဖက်ဟာ...
ငါ့ကို ပြုံးရယ် ရွှင်မောစေနိုင်တဲ့
ဘဝချော့တေးသွားတစ်ပုဒ်...။...။..
..................................
ဒါကြောင့်...
...ချစ်သူရေ...
ဗလာသီတဲ့ မင်းဘဝကြီး
စနစ်တကျထုတ်ပိုးပြီး...
ခြေလှမ်းကြဲကြဲကြီးနဲ့ အမြန်ဆုံး
မင်းရင်ခုန်သံတွေကို
ငါ့ဘဝထဲ လာပေါင်းစပ်ပါတော့...လို့သာ...
ကဗျာတစ်ပုဒ်နဲ့ ဖိတ်ခေါ်ပါတယ်...
လမ်းခရီးမှာ ဂျိုးကြာတေးသွား...
လေပြည်နှုတ်ခမ်းသားတွေနဲ့
မင်းကိုငါ ကျွေးမွေးမှာ...
.........................
ချစ်သူ...
မင်းလက်ဟာ...

Monday, May 10, 2010

“မတိုင်ဆိုင်နိုင်တဲ့ ရင်ဘတ်နှစ်ခု...”

ချစ်သူနဲ့...
မဆုံနိုင်အောင်...
တာ့တာပြဝေးသွားကြပြီးတဲ့အခါ...
လမ်းခရီးမှာ ရေးမကုန်နိုင်မယ့်
ဒိုင်ယာရီလွတ်တွေ...
ပွေ့ပိုးခဲ့ပါတယ်...။...။...
မဆုံနိုင်တဲ့ မျက်ဝန်းနှစ်စုံအကြောင်း
ကဗျာတွေကို ရင်ဖွင့်ထားပါတယ်..
ပင်လယ်ပြင်မှန်ရင်...
စိုစွတ်စမြဲ...
လူမှန်ရင် ချစ်တတ်စမြဲ...
ချစ်မိတော့ လွမ်းမိတာလည်း...
ရှေ့နေမလို သက်သေခံပစ္စည်းမလို
သိကြတယ်...
တကယ်တော့...
ချစ်သူဟာ...
ညခင်းပျိုးတဲ့ လမင်းပါ...
ခက်တာက ကိုယ့်မှာ အိပ်စက်ခြင်းတွေ
ပျောက်ဆုံးနေတော့...
ချစ်သူနဲ့ ကိုယ်
ကိုးရီးယားလွဲထက်ကို သီသီလေးလွဲချော်မှုတွေနဲ့
လှလှပပလေး၊
တစ်ယောက်နဲ့ တစ်ယောက်ရယ်သွမ်းသွေးပြီး
လွဲချော်သွားခဲ့ကြတယ်...။...
.......................
နောက် ပြန်တွေးကြည့်လိုက်တော့လည်း
အတိတ်မှာ အဲဒီနွေမပါတဲ့
အေးမြတဲ့ ဆည်းဆာကြီး
တောင်စွယ်မှာ မကွယ်ခဲ့ရင်တော့...
ကိုယ့်ရင်ခုန်သံတွေ အခုထိပြိုးပြိုးပြက်ပြက်လက်နေဦးမှာပဲ...။...
အဲဒီအလင်းရောင်တွေဟာ
ချစ်သူအတွက်...
ဘဝသန်းခေါင်နှစ်ခုမှာ
နှစ်ယောက်သား ပြိုင်တူလင်းတူလင်းဖို့..
မီးပွားလေးတစ်စ..ပေါ့..။...။...
....................
အဲဒီကျောပိုးအိတ်လေးမရှိခဲ့ရင်လည်း
သူ့ကို ထုတ်ပိုးထည့်ထားခဲ့မိမှာ...
လေပြည်လေးတွေနဲ့...
ဂျိုးဂျာတောင်ပံခတ်သံတွေနဲ့...
သူ့ဝမ်းဗလာကို လက်ဗလာနဲ့..
ဖြည့်ချင်တယ်...။...ဆိုပြီးတော့...
ဟူးးး...တကယ်တော့လေ...
အခုထိ နှလုံးသားဟာ
ရင်ခုန်သံတွေ သူ့ဆီချန်ထား...
လို့...
ဗလာများခဲ့ရတဲ့ ရင်ခွင်လို့...
အမည်တစ်ခုတွင်ရင်း...
...............................
မတိုက်ဆိုင်ခဲ့တဲ့ မျက်ဝန်းလေးကို
တမ်းတရင်း...
ရင်ခွင်စီးချင်း...
ရဲ့ ပြိုင်မြင်းနှစ်ကောင်
(လုံးဝကို)
မတိုက်ဆိုင်ခဲ့ဘူး...။...။။။

“အချစ်...” (ချစ်နေသော လူတစ်ယောက်အကြောင်း)

ပူလောင်တယ်...
လုံးဝကို ရက်ရက်စက်စက်ကို
ပူလောင်တယ်...
နေခုနစ်စင်းကို ရင်ဘတ်ထဲ
ဆွဲပွေ့ရှိုက်သွင်းထားရလောက်အောင်
ပူလောင်တယ်...
သူကတော့ ခေါင်းလေးကိုခါလျက်...
ငြင်းလို့ ကောင်းတုန်း...
ဒါပေမဲ့ ဒီဘက်မှာကတော့
ရှိုက်သွင်းထားတဲ့ နေ့လည်တွေ မွန်းတည့်လို့ကောင်းတုန်း...။...
...........................
ခါးသီးတယ်...
အော်ဂလီဆန်စရာကောင်းလောက်အောင်
ခါးတူးနေတာပဲ...
ငှက်ဖျားမဖြစ်ဘဲနဲ့...
(ကုန်ကုန်ပြောရရင် ဘာမှကို မဖြစ်တာ)
ဒါပေမဲ့...
သူ့ဘက်က ဥပေက္ခာခါးခါးတွေကို
နို့စို့သူငယ်လို တိုက်ကျွေးလို့ ကောင်းတုန်း...
..............................
စိုနေတယ်...
ပါးပြင်တစ်ခုလုံး ရေချိုးထားတယ်...
ညတွေကို ဖင်ခုထိုင်ထားပြီးတော့...
တစ်ယောက်တည်း အတွေးဧည့်ခန်းတံခါးတွေကို
ပိတ်ပြီး...
တိတ်တိတ်လေး ပါးပြင်တွေကို တစ်စက်ချင်း
ဝှေ့ပက်ထားတာ...
သူသိမှာပါ...လို့...မမျှော်လင့်ရဲဘူး..
ဘာဖြစ်လို့လဲဆိုတော့...
ယောကျာ်းတစ်ယောက်ရဲ့ မာန...
ကြောင့်...
နာကျင်ခြင်းတံခါးဟက်တက်ခွဲလိုက်ပြီ...။..
ပါးပြင်မြစ်တွေပေါ်မှာလည်း
ခေါင်းအုံးကလေးတောင် မျောနေပြီ...။...
...............................
မျက်လုံးနှစ်လုံးထဲကို
သူ့မျက်နှာထည့်ထားကတည်းက အရာရာကို
ပစောက် စသတ်နဲ့ ပစ်ခဲ့တာ...
အခုဆို သူတို့က ကိုယ့်ကို
ပစောက်စသတ်နဲ့ ပြန်ပစ်သွားပြီ..
ဆိုတော့ အရာရာ...
..........................
လမ်းလျှောက်နေတုန်း ရှေ့တည့်တည့်
ကောင်းကင်ကြီး ဘုတ်ခနဲ ပြုတ်ကျလာတယ်..
နောက် မေးတယ်...
“မင်းငါ့ရှေ့ထွက်ခဲ့တော့”...တဲ့။...

“မိုးရာသီ...နဲ့...အလွမ်း”

ကောင်းကင်ကြီးကို
ထုခွဲရောင်းချပြီး...
ရလာသမျှ အကျိုးအမြတ်တွေကတော့
မိုးတိမ်တွေဆီက ညစ်ထွက်လာတဲ့
ညင်းသိုးသိုး စိုစွတ်မှုတွေပါပဲ...။...
.......................
ရင်ခုန်သံကြီးကို
ထုခွဲရောင်းချပြီး...
ရလာသမျှ အကျိုးအမြတ်တွေကတော့
ပါးပြင်ဆီက လွတ်ထွက်လာတဲ့
ချောပြောင်ပြောင် မျက်ရည်တွေပါပဲ...။...
........................
။။။

Sunday, May 9, 2010

“အဖေတစ်ယောက်နဲ့ မော်ဒန်တစ်ခု...”

ဘဝမှာ...
ရက်ရက်စက်စက်ယုတ်မာမှုတွေရဲ့
အေးစက်မာကျောမှုကို
ကြုံရတဲ့အခါ...
ကိုယ်ပိုင်ထားတဲ့ ဘေးနာက
ကန္တာရကို ကြည့်ကြည့်လိုက်ပါ...
အဲဒီမှာ နွေးထွေးတဲ့ အဖေ့အပြုံးတွေက
ကိုယ့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေလိမ့်မယ်...။...
.............................
ဘဝမှာ...
သက်တောင့်သက်သာရှိလိုက်တာလို့
ပြောတဲ့နေမှာ...
အဲဒီလိုနေ့ရဲ့...
အစိတ်အပိုင်းတွေဟာ အဖေ့ဒုက္ခတွေနဲ့
တည်ဆောက်ထားတာပါ...
........................
ဘဝမှာ...
ကိုယ်ပိုင်တဲ့ ကောင်းကင်...
တစ်စစီဖဲ့ခွာကြည့်လိုက်ပါ...
အဖေ့မျက်ရည်တွေက နစ်မွှန်းစေမှာ...
ဘာဖြစ်လို့လဲဆိုတော့...
ချွေးစက်တွေကနေ မျက်ရည်တွေအထိ
ပြောင်းသွားသည့်တိုင်အောင်...
အဖေဟာ ကိုယ့်အတွက် ကောင်းကင်ကြီးတစ်ခု
တည်ဆောက်ပေးထားလို့ပဲ...
.................
အဖေဟာ ဓါးမြကြီးဖြစ်နေပါစေ...
နှိမ့်ကျနေပါစေ...
အဆိုးဆုံးခြေအနေထိ ဘာပဲဖြစ်နေဖြစ်နေ...
အဖေဟာ အဖေ...
နောက်...
ခြောက်သွေ့ငတ်မွတ်နေတဲ့ သားသမီးတွေအတွက်...
ထာဝရစမ်းချောင်းရေ...
အဖေ...
မျက်ရည်တွေကို စွန့်ခွာခဲ့လိုက်တော့...
ဒီမှာ အဖေ့မျှော်လင့်ခြင်းတွေကို
အကောင်အထည်ဖေါ်ပြီး
ရလာတဲ့ အရာတွေကို
ထုခွဲရောင်းချတာ...
အဖေ့တစ်ဝမ်းတစ်ခါး...
စားရမှာပါ...
အခုအဖေ...
ပျော်ရွှင်ခြင်းအပေါ်မှာ ဖင်ခုထိုင်လို့ရပြီ...
အဖေ...လာပါတော့...
သားသမီးတွေအတွက် ဆိုပြီး
ချွေးစက်တွေနဲ့ ကြိုးစားခဲ့ပေမဲ့
ဘာမှမပိုင်ဆိုင်လိုက်ရတဲ့
အဖေ့လက်တွေနဲ့...
ဒီအတိုင်းသာ...
လာခဲ့ပါ...
လက်ဗလာပဲ..ယူလာခဲ့ပါ..
ယူ..
လာ...
ခဲ့ပါ...
ပါ..
ပါ...
ပ..။။။။

“ကောင်းကင်တစ်ခုရဲ့ ဒဏ်ရာ...”

အို...
အဖေ...
နေမင်းကြီးလား...
ဆိုတာထက်...
ကျွန်တော့်ကြောင့် အဖေ့ဘဝက
ပူပြင်းပြီးသားပါ...
ကျေးဇူးပါပဲ...
နွေလက်တွေနဲ့ အနာကျင်ခံပြီး
ဆောင်းဘဝတွေကို ကျွန်တော့်ဆီ
သယ်ဆောင်ပေးလို့...။...
.......................
အဖေရေးခဲ့တဲ့...
ကျွန်တော့်ကကြီးဘဝလေး...
အခုအဖေမျှော်လင့်ထားသလို
“အ” အထိရောက်တော့မှာ...
ဒါပေမဲ့ အခုတောင်မရောက်သေးဘူး...
အဖေ့လက်တွေ...
ကျွန်တော့်ဘဝကို အဓိပ္ပာယ်ပြည့်စုံအောင်
ရေးခြယ်ခံစားဆွဲခြစ်နေတုန်းပဲရှိသေးတယ်...
အဓိပ္ပာယ်တစ်ခု အဖေမျှော်လင့်ထားသလို
ဖြစ်ပေါ်မလာခင်...
အဖေ့လက်တွေ ဓားတွေရှကုန်ပါပြီ...
အရိုးအဆစ်တွေ ဖူးယောင်နေပါပြီ...
ဦးဏှောက်တွေ အလုပ်ပန်းနေပါပြီ...
ဘာပဲဖြစ်ဖြစ်ပါ...
အခု အဖေ့သား “ဘဝ” ဆိုတာကြီးကို
ရေးတတ်ဖတ်တတ်ရုံတော့ ရှိပါပြီ...
ကျွန်တော်သိတယ်...အဖေ...
ကျွန်တော့်နောက်ကျောပြင်ဘက်မှာ...
အဖေဟာ မျက်ရည်အသက်တွေ၊
ချွေးစက်တွေနဲ့ ...
ကျွန်တော့်ညတွေကို ချော့မြူခဲ့တယ်...
ကျွန်တော့်နေ့တွေကို ပံ့ပိုးပေးခဲ့တယ်...
ကျေးဇူးပါပဲ..အဖေရယ်...။...
............................
ဘာပဲဖြစ်ဖြစ်...
ကောင်းကင်ကြီးဟာ စိုတစ်လှည့်
ခြောက်တစ်လှည့်...
လောကကြီးဟာလည်း ချိုတစ်လှည့်
ခါးသီးခြင်းလက်ရာမြောက်တစ်လှည့်...နဲ့...
ပျံသန်းဖို့ အတောင်ပံတွေ မဖြစ်မနေတပ်ပေးခဲ့တဲ့
အဖေ့လက်တွေကတော့...
အဖေ့စေတနာချိုတွေနဲ့...
Ever ခါးသက်တယ်...
ကျွန်တော်သိတယ်...
အဖေ...
အဖေ ဒီအပင်ကို ပျိုးခဲ့တာ
အသီးစားဖို့ မဟုတ်ဘူး...
လောကကြီးမှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့နဲ့...
အရိပ်သစ်တစ်ပင်ကောင်းဖြစ်ဖို့ဆိုတာ...
အခုတော့ အဲဒီအပင်ဟာ...
အဖေ့ဒသနတွေနဲ့ ပင်စည်တွေ အချိုးကျကျ၊
လက်ရာမြောက်နေပါပြီ...
................................
အဖေ ဒီဇာတ်ကို ရေးခဲ့တာ
ဂုဏ်တွေ နာမည်တွေ
သိမ်းကျုံးလိုချင်လို့ မဟုတ်ဘူး...
ဒသနခါးခါးတွေနဲ့ လူတွေရင်ထဲကို...
နာကျင်တဲ့လက်အားပြုပြီး
အသက်သွင်းခဲ့ရုံပဲ...
အဖေရယ်...
ကျေးဇူးပါပဲ...
...........................
အော်...အဖေ
ကဗျာလည်း ရှည်နေပြီ...
အဖေ့ဇရာတွေလည်း ကြွေနေပြီ...
ဒါပေမဲ့ နုသစ်ဆဲ
အဖေ့အပြုံး...
ကျွန်တော့်စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက်...
အခုထိတွေ့နေရတုန်းပါပဲ...
.........................
အဖေနဲ့ အတူ
အဖေများအားလုံး...
တူညီတဲ့...
လက်တွေ၊
နှလုံးသားတွေ ဘဝတွေ နဲ့
သားသမီးတွေအတွက် အမြဲတည်ရှိနေမယ်ဆိုတာ
ကျွန်တော်သိတဲ့အတွက်...
အဖေနဲ့ တကွ...
ကမ္ဘာပေါ်ရှိ အားလုံးသော အဖေအားလုံး...
ကိုယ်၊ စိတ်နှလုံး၊ သုံးပါးစလုံးရွှင်လန်းချမ်းမြေ့
ပျော်ရွှင်ကြပါစေ...

“ချစ်သူအတွက်...”

ချစ်သူအတွက်...
အရာရာဖြည့်ဆည်းပေးသူ
မဖြစ်ရင် နေပါ...
ချစ်သူလိုအပ်တဲ့အခါ လိုအပ်သလို
ဖြည့်ဆည်းပေးသူ ဖြစ်နိုင်ရင်ပဲ
ချစ်ရကျိုးနပ်ပါပြီ...။...
.......................
ချစ်သူအတွက်...
ချစ်သူရေငတ်တဲ့အခါ
ရေတွင်းတစ်တွင်းကြီး မဖြစ်ရင်နေပါ
ရေငတ်ပြေရုံ ရေအေးလေးတစ်ခွက်ပဲ
ဖြစ်ပါရစေ...
ချစ်သူကို ရင်ခုန်ရကျိုးနပ်ပါပြီ...။...
..........................
ချစ်သူအတွက်...
ပူလောင်မှုကို သူကြုံတဲ့အခါ
မိုးစက်တွေ ဖြိုချပေးတဲ့
မိုးကောင်းကင်ကြီးမဖြစ်ရင် ရတယ်...
ဒါပေမဲ့ ချစ်သူကို
ယပ်တောင်တစ်ခုနဲ့ ယပ်ခတ်ပေးသူအဖြစ်...
ထီးတစ်လက်နဲ့ အပူကို ကာကွယ်ပေးသူအဖြစ်...
ရှိနေချင်တာလေးပါပဲ...
ချစ်သူ....
.....................
ချစ်သူအတွက်...
သူမျက်ရည်ကျတဲ့အခါ...
ကောက်ကာ ငင်ကာ ရယ်မောပျော်ရွှင်စေသူအဖြစ်
မတည်ရှိမနှိမ့်သိမ့်ပေးနိုင်ရင်...
ကိစ္စတော့ မရှိဘူး...
မျက်ရည်တွေ စုပ်ယူမျိုချပေးတဲ့
ပုဝါလေးတစ်ခုလောက်တော့
ဖြစ်မိရင်....
လောကကြီးမှာ ချစ်သူအတွက်
ရှင်သန်ရကျိုးနပ်ပါပြီ...
....................တကယ်ပါ...ချစ်သူ...
ယုံပါ...
ကိုယ်ဟာ အစစအရာရာ
မပြည့်စုံရင် မပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ချင်ဖြစ်မယ်...
ဒါပေမဲ့...
ချစ်သူအတွက် ချစ်သူပြည့်စုံအောင်
ဖြည့်ဆည်းပေးသူ...
ဖြစ်ခဲ့မယ်ဆိုရင်...
ချစ်သူကို ချစ်နေသူတစ်ယောက်အနေနဲ့
လောကကြီးထဲ...
ပြုံးပြုံးလေးပါပဲ...
အချိန်မရွေးတည်ရှိနေမှာ...ချစ်သူယုံပါ...။...။.။။။

Friday, May 7, 2010

“လမိုက်ည…”

ကောင်းကင်ကြီးပေါ်ကို
စူးထက်တဲ့ မြှားတစ်စင်း၊ အားခပ်ပြင်းပြင်း
ပစ်တင်လိုက်တယ်…။…
“…ဘုတ်…”
လမင်းကြီး (ညိုညစ်ညစ်အရောင်)သွေးသံတရဲရဲနဲ့ မြေပြင်ပေါ်ကို
ပြုတ်ကျလာတယ်…။…
သူသေတော့မယ်…။…
ဒါကြောင့်…
စကားတစ်ခွန်းသူမှာသွားတယ်…
“…ငါ့ကို ကောင်းကောင်းမြေမြုပ်သင်္ဂြီုလ်ပြီးလို့…တစ်ရက်ပြည့်ရင်
မိုက်ရိုင်းတဲ့ တစ္ဆေ၊ သရဲ၊ စုန်းကဝေတွေကို
မောင်းထုတ်ဖို့ ငါ့ကို ပြန်တူးဖော်ပေးပါ…”
………………………။

“ချစ်မိပါသည်…”

ခေါင်းလေးတစ်ချက် ငြိမ့်ရုံ၊
စကားလေးတစ်ခွန်းပြန်ဖြေရုံလေးနဲ့
ရင်ခုန်သံတစ်စု လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်အရေး
ဘာဖြစ်လို့များ…?
လက်ပိုက်ကြည့်နေနိုင်ရတာလဲ ကောင်မလေးရယ်…။…
ပြောလိုက်စမ်းပါ…
ဥဩက နွေကိုချစ်သလောက်…
နှင်းတွေက ဆောင်းကိုချစ်သလောက်…
စွပ်ပြုတ်က အသားကိုချစ်သလောက်…
ကောင်းကင်က တိမ်တွေကို ချစ်သလောက်…
ပင်လယ်က သဲသောင်ပြင်ကြီးကို ချစ်သလောက်…
ဂစ်တာက သံစဉ်ကို ချစ်သလောက်…
ချစ်ပါတယ်…လို့…။…
ရှက်နေရင်လည်း ရင်ခွင်ထဲမှာ
မျက်ဝန်းလေးတွေ
ပွေ့ဖွက်ထားပေးပါ့မယ်…။…
လေရူးတစ်ရှိုက်နဲ့ သစ်ရွက်ကြွေတစ်သိုက်
လက်တွဲသွားသလို
အလွမ်းတွေကိုအိပ်ခိုင်း၊ တစ်ယောက်လက်တစ်ယောက်ချိတ်၊
ညွှန့်ကိုင်းနေတဲ့ ကောင်းကင်သက်တံကြီးပေါ်
အတူတူထိုင်ကြမယ်…လို့…
တွေးထားရဲ့သားနဲ့…
ဖြောင့်ချက်ကို ဘာဖြစ်လို့များ…
အခုထိသိုဝှက်ထားရတာလဲ…
မိုးရာသီကျရင်…
ဘယ်သူ့ကိုမှ အားမနာဘဲ
လွတ်လွတ်လပ်လပ် အသံကျယ်ကြီးအီးပေါက်တတ်တဲ့
ကောင်းကင်ကြီးကို အတုယူပြီး
ပြောလိုက်စမ်းပါ…
ပွင့်ပွင့်လင်းလင်း…။…
မလိမ်နိုင်တဲ့ မျက်ဝန်းတွေကတော့
ချစ်ကြောင်း ဖြောင့်ချက်ပေးကတည်းက
မျှော်လင့်ခြင်းအားတွေ အိပ်မက်တွေနဲ့အတူ
နွေမြက်ရိုင်းပင်တွေလို
ရေလောင်းစရာမလိုဘဲ အညွှန့်တလူလူ
ထူတက်လာတယ်…။…
သေချာစဉ်းစားကြည့်ပါ ကောင်မလေးရယ်…
ချစ်လားလို့ မေးတိုင်း
ရယ်နေရအောင် မင်းက ကျပ်မပြည့်တဲ့လူလည်းမဟုတ်…
ချစ်လားလို့မေးတိုင်း
နှုတ်ဆိတ်နေရအောင် မင်းက ဆွံ့အနားမကြားလည်းမဟုတ်…
ချစ်လားလို့ မေးတိုင်း
စကားလမ်းကြောင်းလွှဲနေရအောင်
ငါက အကြွေးတောင်းနေတာလည်း မဟုတ်…။…
တစ်ခုတော့ရှိတယ်…
ငါ့အကြည့်တွေ ခဏခဏခိုးယူထားတဲ့အတွက်တော့
ပြန်ပေးစရာအကြွေး မင်းမှာရှိတယ်…။
…………………………………
ဟော်ဒီပါးပြင်(နှစ်ဖက်)က မင်းအမှန်တရားဘက်ကို
အလင်းဝင်ဖြောင့်ချက်ပေးလာတဲ့တစ်နေ့…
နှုတ်ခမ်းပါးတစ်စုံရဲ့ အစားအသောက်ကိုခံဖို့
အခုကတည်းက ပျော်ပျော်ရွှင်ရွှင်စင်းထားပြီးသားပါ…။…
နောက်…
ဟော်ဒီ နှုတ်ခမ်းပါးတစ်စုံကလည်း
ပါးပြင်တွေကို နွေးထွေးစွာကြိုဆိုဖို့အသင့်…။…
………………………………...
ဖြောင့်ချက်ပေးပါတော့…

“မာယာ…”

(၃)နှစ်လောက်(အသက်)ပိုကြီးတဲ့ မ က…
မာယာတွေနဲ့ ကျွန်တော့်ကို
ဆော့ကစားလိုက်တာ…
ကျွန်တော့်မှာ ကံကြမ္မာခွက်ကို
တဂွပ်ဂွပ်သောက်လျက်
မောဟိုက်လို့ ရှိုက်သံတွေက ရင်ခွင်ကိုတီးခတ်ပါတယ်…။

Thursday, May 6, 2010

“မျှော်လင့်ခြင်းနဲ့...ရှင်သန်ခြင်း”

လောကကြီးမှာ...
ကိုယ်စီကိုင်ပွေ့ထားတဲ့ မျှော်လင့်ခြင်းကို
ကိုယ်က လက်လွတ်လိုက်ရင်
အဲဒီအချိန်ကစပြီး...
ရှင်သန်ခြင်းအဓိပ္ပာယ်ဆိုတဲ့ လောကကြီးကလည်း
ကိုယ့်ကို သူ့လက်ထဲကနေ
ကျိုးပဲ့ကွဲကြေအောင်
လက်လွတ်လိုက်ပြီ...
ကိုယ်ဟာ အဲဒီအချိန်ကစပြီး
လောကကြီးလက်ထဲမှာ မရှိတော့ဘူး...
ကိုယ်ဟာ...

“အမေရေးတဲ့ ကဗျာ...”

အမေ...
ကျေးဇူးပြုပြီး
ကမ္ဘာကြီးထဲက မထွက်ခွာသွားပါနဲ့နော်...
အမေမရှိရင်...
ကျွန်တော့်နားတွေ ခါးစေပြီး
ဘဝကို ချိုစေမယ့်သူ
နောက်ထပ်အစားထိုးမရမှာစိုးလို့ပါ...
...........................
အမေ...
ကျေးဇူးပြုပြီး
အမေ့မျက်ရည်တွေ ဖွက်မထားပါနဲ့နော်...
သားမိုက်လို့ ငိုရတဲ့ အမေ့အတွက်
နောင်တစ်ချိန် ဝမ်းသာမျက်ရည်နဲ့
အစားထိုးချင်လို့ပါ...။...
.........................
အမေ...
ကြယ်တွေကို ရည်တွက်ပါ...
အလားတူ...
ကျွန်တော်ပြန်လာမယ့်နေ့တွေကို
ရည်တွက်ပါ...
ကျွန်တော်ပြန်လာမယ့်နေ့က
အမေကြယ်တွေရည်လို့ ကုန်တဲ့နေ့
ဖြစ်ချင်ဖြစ်မယ်...
ဒါပေမဲ့...
ကျွန်တော်လိမ္မာတဲ့နေ့က
အမေနဲ့ ဝေးရလို့(အမေ့စကားသံတွေနဲ့)
အခုမျက်မှောက်မှာ...
အဝေးကနေ...
အမေ...
ဘဝကဗျာခါးခါးတစ်ပုဒ်နဲ့
အမေ့ရင်ချိုအောင် လုပ်ခွင့်ပေးပါ....
ဒိုင်ယာလော့(ဂ်)တွေကတော့
အမေကြားဖူးနားဝအမေ့
ဒသနတွေပါပဲ...
..............။...။

“စာမျက်နှာတိုင်းရဲ့ မာတိကာ...” (သို့) အမေ

အမေ...
ကြားနိုင်ရဲ့လား...
ပွန်းပဲ့နေတဲ့ လက်တွေနဲ့
ကိုင်ထားတဲ့ ခပ်နဲ့နဲ့
ကျွန်တော့်ချီးကျူးသံတွေ...
အမေပျိုးခဲ့တဲ့ ကျွန်တော်နေ့ရက်တွေ
အခု...
ကဗျာတစ်ပုဒ်နဲ့ (မထိုက်မတန်)
ဂုဏ်ပြုရတော့မယ်...
အမေ...
မြင်နိုင်ရဲ့လား...(ဖတ်ပေးပါ)
.............................
အမေ...
ဆိုတာ...
ပုခက်လွှဲတဲ့ လက်စောင်းတစ်ဖက်နဲ့ပဲ
ကမ္ဘာကြီးကို ပုံသွင်းတဲ့သူ...
ကနေဒီ...
အိုင်းစတိုင်း...
အိုဘားမား...
သောမတ်(စ်)အက်ဒီဆင်...
ရိုက်ညီနောင်...
အမေသိရဲ့လား...
သူတို့တွေကို အမေတို့လို
အမေတွေကပဲ မွေးဖွားပေးခဲ့တာ...
ဒါကြောင့်...
အမေတို့လို အမေတွေကပဲ
ကမ္ဘာကြီးကို ပဲ့ကိုင်ခဲ့တာ...
ဟစ်တလာ...
အမေသိရဲ့လား...
လက်ရှိကမ္ဘာကြီးကို ဦးဆောင်နေတဲ့
အမေရိကန်ကို ထိပ်ထိပ်ကျဲဖြစ်အောင်
အမေတို့လို အမေတွေကပဲ...
အမေရိကန်ကို ဒုတိယကမ္ဘာကြီးထဲ ဆွဲသွင်းလိုက်တာ...
အမေတို့ရဲ့ စွမ်းဆောင်မှုပါပဲ...
..............................
အမေ...
အမေကြားရဲ့လား...
ကမ္ဘာကြီးက အမေတို့လို အမေတွေကို
ဂုဏ်ပြုထောမနာချီးမွမ်းနေကြတာ...
အမေသာ ဆက်နားထောင်မယ်ဆိုရင်...
သူတို့ပြောတာကို အမေကြားသင့်တယ်...
အမေဟာ လောကကြီးမှာ
ဒုတိယဘုရားရယ်... လို့...။...
...........................
အမေ...
အားရဲ့လား...
ငရဲပြည်ကို တစ်ချက်လောက်ငေးကြည့်ဖို့...
အားရင် တစ်ချက်လောက်...
လက်ကမ်းလိုက်ပါ...
အမေ...
အမေတို့လို အမေတွေကို
စော်ကားပြစ်မှားခဲ့တဲ့ သားမိုက်၊
သမီးဆိုးတွေ၊။... နားလေးကို တစ်ချက်ငဲ့လိုက်ရင်လည်း
သူတို့တွေရဲ့ အမေတို့လို အမေတွေဆီကို
တောင်းပန်အသနားခံသံတွေ
ကြားရင်ကြားရမှာ...
................................
အမေ...
အတုဆိုတာကို သုံးဖူးရင်...
အတုဆိုတာ အစစ်လောက်မကောင်းဘူးဆိုတာကို
အမေသိမှာပါ...
တခါတလေများဆိုရင် မကောင်းရုံမကဘူး..
ဆိုးကျိုးတောင်ပေးလိုက်သေး...
ခေတ်ပညာကြီးကို
အမေတခါတလေ ဩချမိမှာပါ...
ပူလို့တဲ့ အဲယားကွန်းဆိုပြီး
တပ်ထားတာ...
ဘာမဆို အစစ်လောက်မကောင်းပါဘူး အမေ...
နှလုံးအစားထိုးတာတဲ့အမေ...
အစစ်လောက်လည်း မကောင်းဘူး..
ဆိုးကျိုးပါပေးတတ်သေး...
(နှလုံး)မရှိတော့လည်း အသက်ရှင်ရတာ...
သုည...
အမေ...
အမေဟာ ကမ္ဘာကြီးရဲ့ နှလုံးသား...
..........................
အမေ...
ဆုတောင်းပေးလိုက်စမ်းပါ...
အမေ့သားတွေ ဦးဆောင်မယ့်
ကမ္ဘာကြီးအတွက်...
တောင်တွေကို ဖြိုနိုင်တဲ့
အမေ့မေတ္တာနှုတ်ချိုစကားတွေနဲ့...။...
........................
အမေ...
ကမ္ဘာတည်သ၍ မျက်ရည်ကင်းကင်းနဲ့
အပြုံးအမြဲ
(ပန်းတစ်ပွင့်ရဲ့ နုဝတ်မှုန်သစ်လို)
လှပရွှင်လန်းနိုင်ပါစေ...
အမေ...
်(၉၊ ၅၊ ၂၀၁၀ နေ့အတွက် အမေများအား လျံနိုးဂုဏ်ပြုပါသည်)

ကုတင်အောက်က အမှောင်ငွေ့များ

နတ်သမီးကျောက်ပြင်ခဏငှားပြီး
လမင်းကို သွေး၊
ငါ့ကို မျှော်လင့်ခြင်းအိပ်မက်ရှည်တွေ
ပေးတဲ့ ကောင်မလေး...
အခုတော့ အဝေးမှာ
နေ့ညအပိုင်းအခြားနှစ်ခုထဲက
ဘယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး
အိပ်မက်တွေနဲ့ ဆိုင်မြိုင်နေလား
ဆိုတာတောင် မသိရ...
..................................
တိမ်တွေကို သောက်သုံး
နေမင်းကြီးကို ကိုင်ပြီး
ပြုံးပြုံးလေးနဲ့ ငါ့အသည်းခွဲခဲ့တဲ့
ကောင်မလေး...
အခုတော့...
အဝေးမှာ ငိုနေသလား၊
ရယ်နေသလားဆိုတာတောင်
မသိရ...
ငါ့မှာတော့...
အင်္ဂါနေ့ကို ကြယ်တစ်ပွင့်လို ငေးလိုက်၊
ဗုဒ္ဓဟူးနေ့ကို ဖင်ခုထိုင်လိုက်၊
နေ့တွေ ငါ့ရင်ဘတ်မှာ ရက်ရက်စက်စက်
ဝေနေသ၍တော့
ငါဟာ မင်းကြောင့်
မျှော်လင့်ခြင်းတာရာတွေ လှလှပပကြွေနေတဲ့ကောင်
ဆိုတာလေးတော့ မှတ်ထားပေးပါ...
အရင်တုန်းက ငါမက်ခဲ့တဲ့
မင်းအတွက် အိပ်မက်တွေဆိုတာ
အခုတော့ လုံးဝပဲ...
မျက်လုံးမျက်ဆံပြူးရက်သေနေတဲ့
အစိမ်းသေတစ်ကောင်လို...
ညတွေက စိုပြေပုံယောင်ဆောင်ပြီး
လမင်းကို ဖွက်ထားပြီး
အိပ်ငိုက်နေကြတာ...။...
....................
ကဲ...
မင်းနဲ့ ငါနဲ့ ဘယ်လောက်ဝေးဝေး
ငါ့အနားထပ်မလာနဲ့တော့...
မမျှော်လင့်ချင်တော့ဘူး...

“အာရုံထဲမှာ...”

ကလေး...
မှိတ်ထားတယ်ဆိုရုံပဲ...
ကလေးမျက်လုံးတွေကို(ခဏ)
မှိန်းနေပေးပါနော်...
တစ်မိနစ်လောက်ပဲ...
ဟိုးမှာ လေပြည်လေးတွေက
ကိုယ်တို့
ရင်ခုန်သံတွေကို ခဏလောက်(အချင်းချင်း)
ပွေ့ဖက်ခွင့်ပေးဖို့
အယူခံတင်ထားတာ
(တစ်သက်လုံးအတွက်)
နှစ်မိနစ်လောက်လေးပဲကျန်တော့တယ်...
ဝေးသွားပြီးတဲ့ နောက်ပိုင်း
ဒလဟောသွန်ပစ်မယ့်
ကလေးမျက်ရည်တွေကို နှစ်သိမ့်တဲ့အနေနဲ့
ကိုယ့်နှုတ်ခမ်းပါးလေးကို စွန့်လိုက်ပြီ...
ပါးလေးစင်းထားလိုက်နော်...
ကဲ...
ဝမ်း...ထူး...သရီး...
...............................
ကဲ...
လေပြည်လေး အဝေးကို
လှိမ့်စင်းသွားပြီ...
ရင်ခုန်သံတွေနဲ့ ထပ်တူပေါ့...
အပြုံးတွေကို ဝတ်ဆင်ပြီး...
မုန်သုန်လေတွေကိုပါ
ဓားထောက်ခိုစီးသွားတယ်...
ပြောရရင်...
ကလေးနဲ့ ကိုယ်နဲ့(ကြား)
ပင်လယ်ဘယ်နှဂါလံလောက်ထဲမှာ...
ဝေးကွာခြင်းမှတ်တိုင်တွေ
ဘယ်နှစ်မှတ်တိုင်နစ်မွန်းကာ...
အသက်ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေမလားဆိုတာတောင်...
သိလို့ မရအောင်
ဝေးသွားတာ...။...
.......................
အာရုံထဲမှာ...
ူမြေကြီးကို ချွတ်ချပြီး
ကောင်းကင်ကြီးကို စုတ်ဖြဲဝတ်ချင်မိတယ်...
စိုစွတ်ထားတဲ့ မြေမှုန့်တွေလို
ချော်စေးညစ်ထေးတဲ့
အလွမ်းတွေကို ဆက်လက်
ပွေ့ပိုက်ထားဖို့ မသထီတော့လို့ပါ...
ကန္တာရတစ်ခုရဲ့ မနက်တွေသာဝေနေတဲ့
လမ်းပျောက်ဆဲ
အထီးကျန်ခြင်းတွေကိုလည်း
မိုးတိမ်(မိုးငွေ့တွေ)နဲ့ အတူ
တဖျတ်ဖျတ်အေးသွားအောင် အဖြူစေးသုတ်ချင်လို့ပါ...
ကဲ...
ကလေး...
ကလေးကြောင့် ကိုယ်အခုလွမ်းနေပြီနော်...
(မျက်ရည်တွေလည်း ပါးပေါ်ခနေပြီ)
ဒါပေမဲ့...
ကိုယ်ကြောင့် ကလေးမငိုပါနဲ့...
ကလေးမျက်ရည်တွေ၊ ခေါင်နေတဲ့
နွေတွေဆီ ပစ်လှူလိုက်ပါ...
ပိုပြီး အကျိုးရှိမှာ...။..
...............
ကလေး...
တစ်ချိန်ချိန်မှာ...
ကလေးဟာ...
အကောင်အထည်တစ်ခုရဲ့ အကောင်အထည်ပါ...။...။။။

Monday, May 3, 2010

“မ နဲ့ ရူးခဲ့တဲ့ ကျွန်တော်...”

ကျားဖင်နှိုက်တဲ့ မနက်ခင်းတွေနဲ့...
လွမ်းတဲ့စိတ်ကြောင့် (စိတ်ဒဏ်ရာ/စိတ်ရောဂါ)
တစ်ခုခုများရလေမလားဆိုပြီး
အမြဲနှိုးထရတဲ့ အဖြစ်ကို
မ သနားလှည့်ပါ...
ကြည့်လှည့်ပါ...
မြင်လှည့်ပါ...
.......................
တခါတလေ..
အလွမ်းပြေဆိုပေမဲ့...
ပိုလွမ်းစေတဲ့ လမ်းခွဲချိန်လေး..
ရေးရေးလေး ပြန်တွေးလိုက်တော့
အားနည်းနေတဲ့ နေခြည်ဆည်းဆာတွေထဲမှာ
မဟုတ်ခဲ့ဘဲ...
ကဗျာမဆန်...
ဖျင်းစပ်စပ်နေပူကျဲကျဲကြီးအောက်မှာ
ရင်ခုန်သံတွေကို
ခပ်မိုက်မိုက်စကားလုံးတွေနဲ့
အရည်ဖျော်ပစ်ခဲ့ကြတယ်...ဆိုတာကိုဘဲ...
ထပ်ခါတလဲလဲ
ဂီတတစ်ပုဒ်လို ပြန်တီးခတ်ခွင့်မရတော့ပေမဲ့
အတိတ်တွေကို စိတ်တွေနဲ့
ကြိုးစားတီးယူကြည့်ဖြစ်တယ်...။...
ဒါပေမဲ့...
ကြိုးတွေက ဂီတာမဆန်ဘဲ
ကဗျာဆန်နေတော့ကာ...
ဘောပင်တစ်လက်ပါပဲ..
အခုချိန်ထိ...
ကိုယ့်တင်ပေါ် ကိုယ်ပြန်လှန်မရေးရုံတမယ်...
ရှိသမျှမုန့်ဖိုးလေးတွေနဲ့...
စက္ကူလွတ်တွေပေါ်...
ခပ်ရိုင်းရိုင်းကဗျာတွေကို ဖန်တီးဖြစ်တယ်..
............................
ဩော်...
အတိတ်က ကျွန်တော့်ဂုဏ်သိက္ခာတွေကို
ဖဲ့ချေရောင်းချပြီး
ခင်းကျင်းပြသထားတဲ့ မ တစ်ယောက်တည်းအတွက်...
ကျွန်တော့်ရင်ခုန်သံတွေ...
အရှက်နဲ့ သိက္ခာကို
အပေါင်သဘောနဲ့တောင်
ပြန်ရွေးယူလို့ မရလောက်တဲ့အထိ
ချစ်ခဲ့တယ်...။...
မြတ်နိုးခဲ့တယ်...
ရူးသွပ်ခဲ့တယ်...
သီချင်းတစ်ပုဒ်လို
အနမ်းတွေကို
ပြန်တီးခတ်ခွင့်သာ ရမယ်ဆိုရင်...
တီးစရာဂစ်တာအသင့်ဆောင်ထားတယ်...
ကဗျာတစ်ပုဒ်လို
ပျောက်ဆုံးသွားတိုင်း ပြန်ရှာမရတော့တဲ့
ရင်ခုန်သံတွေက တစ်ပါတည်း
ခေါ်သွားတော့ကာ...
အထီးကျန်ညတွေနဲ့...
ငူတူတူနေ့ရက်တွေပဲ အဖတ်တင်ခဲ့တယ်...
အမေမပေါ်ဘဲ မွေးလာတဲ့
အလွမ်းတွေကိုလည်း
မ ဘယ်လို တာဝန်ယူမှာလဲ...
အပြုံးတွေနဲ့ ဒီကလေးကို
ဆက်မွေးထားဖို့ ထောက်ပံ့ကျွေးမွေးလှည့်ပါ...နော်...
ဒါပေမဲ့ လမ်းခွဲချိန်ဆိုတဲ့
အတိတ်က ပြန်ဆုံဖို့
မျှော်လင့်ခြင်းတွေကို
အမှိုက်ပုံနဲ့ အတူ...
စိတ်အားငယ်ခြင်းအပင်တွေအတွက်
မြေဩဇာဖြစ်သွားပါပြီ...
ဒါပေမဲ့ အခုထိ ချစ်နေသေးတယ်...
သတိရနေသေးတယ်...
လွမ်းဆွတ်နေသေးတယ်...
ကောင်းကင်ကြီးကို ကြည့်ပြီး
မ ဆိုတဲ့ နာမည်ရေရွတ်နေသေးတယ်...
ဆိုတာတွေကို...
ကြားကြားသမျှ...
မ ... မ ... မ ...
မ ဆီ ပြောပြပေးကြပါ...နော်...။

“ခေတ်တွေရဲ့ အထာ”

ညတွေရဲ့ နှုတ်ခမ်းတွေပေါ်မှာ
မဲ့တဲ့တဲ့အပြုံးတွေနဲ့
နေမင်းကြီးကို ဒရွတ်တိုက်ဆွဲလာပြီး
ရင်မှာတော့ အပူတွေ
ဝနေတဲ့ နေခြည်အလင်းတန်းတွေက
ဆော့ကစားပြေးလွှားနေကြလေရဲ့...။..
သန်းခေါင်ယံတွေကို
လှမ်းခေါ်ပါတယ်...
ဒါပေမဲ့...
စောင့်ဦး...
မုတ်သုန်လေဝနေတဲ့ လေညင်းတွေနဲ့အတူ
လာခဲ့မယ်တဲ့...
နောက် သူတို့လာတော့
သူတို့မှာ အရုဏ်ဦးကို
ကြိုဆိုဖို့ တေးဆိုငှက်ကလေးတွေ
ဖမ်းခေါ်လာတယ်...။...
အိပ်စက်ခြင်းကြိုးတွေနဲ့
စွဲမြဲချည်...နောက်...
အိပ်မက်လို့ လိမ်ထားပြီးတော့...။...
ငှက်ကလေးတွေခဗျာ..
သွားရည်တွေ ကျလို့...။...
သူတို့ရင်ထဲ ပွေ့ပိုက်ထားတဲ့
နွေတွေ အစုတ်ဖြဲခံလိုက်ရတယ်
ညခင်းရဲ့ လေညင်းတွေနဲ့...။...
.............................
ဟော်...အဝေးကို ကြည့်ပါလား...
အမှောင်ဝတ်ရုံအောက်မှာ ကိုယ်လုံးတီး
ကခုန်နေတဲ့ နာရီသံတွေ...
ဘေးနား တအံ့တဩ
ကြည့်ရှုနေတဲ့ ကျောက်ခေတ်ကလူတွေရဲ့
ဝိဥာဉ်တွေ (ပြူးကြောင်ကြောင်နဲ့)...
သူတို့ခဗျာ နာရီကိုတောင်
မကိုင်ကြည့်ရဲရှာဘူး...။...
ဒီတော့...
ဘေးနားကနေ သူတို့ကို
ဟားတိုက်လှောင်ရယ်နေတဲ့
ခေတ်ပေါ်ဝိဥာဉ်တွေအတွက် သူတို့ဟာ
ပြက်လုံးလေးတွေပဲပေါ့...။...
အဲဒီလိုပဲ...
ခေတ်တစ်ခုရဲ့ မညီမျှခြင်းကွက်လပ်တစ်ခုအပေါ်...
ငါ...
နေရောင်ဖြာမိုးကောင်းကင်ရှေ့
မိုးတိမ်တွေကို လျှာတစ်လစ်ထုတ်ပြရက်...
ဒုံးပျံကြီး တစ်ယောက်တည်းခွစီး...
လက်ထဲမှာ ကိုင်ထားတာက
ပျူခေတ် ပေစာတွေ...
နားမလည်ပါးမလည်...
လေထုထဲငါ...
အမည်မပေါ်တဲ့ အဖြေတစ်ခုအတွက်
လွင့်မျောနေရတော့တယ်...။...။..။။။

“မာယာညတွေနဲ့ မူးယစ်တဲ့နေ့”

တွေးနေတဲ့ အတွေးလေးတောင်
မပြီးသေးဘူး...
လျှောက်နေဆဲ လမ်းမပေါ်မှာ
ရင်ခုန်သံတွေ တစ်စစီ
ပွလန်ကြဲကုန်ပြီ...
အချစ်ကို
ဒသဂီရိတောင်မှ တခါပဲရှုံးတာ
အချစ်ရှုံးသမားတဲ့...
လျှာတစ်ချောင်းတည်းနဲ့
ရာဇဝင်ကို ဖန်တီးနေလိုက်ကြတာ...
ချစ်တိုင်းဆုံးရှုံးသွားတဲ့
ငါ့ရင်ခုန်သံတွေရဲ့ မျက်ရည်တွေကို
သူတို့ မြင်ရင် လျှာပါမကဘူး...
မျက်စောင်းတွေနဲ့ပါ...ရာဇဝင်တစ်ခုလို
ငါ့ကို အကြောင်းပြုပြီး
ဖန်တီးကြမယ်ထင်ပါရဲ့...
.................................
ရင်ခုန်သံအလိုအရ သာယာတဲ့(သူ)
မှန်သမျှ ချစ်မိတော့ကာ...
ချစ်တိုင်းလည်း ရင်ခုန်သံတွေ
ဆုံးရှုံးသွားတာ...
ရင်ခုန်သံတွေဟာ
(ကိုယ့်ကို) ထားသွားတဲ့သူနဲ့
(ကိုယ်က)ထားခဲ့တဲ့သူနဲ့
အခြေအနေအရ
ရင်ခွင်ချင်းငြင်းဆန်လိုက်ရတဲ့ သူတွေနဲ့
အမြဲတမ်းလိုလို ခံစားနေရတော့ကာ...
အခုဆို ကိုယ့်ကိုကိုယ်သိပါပြီ...
ကိုယ်ဟာ ကိုယ့်ကိုကိုယ်
ပြန်ရှတဲ့ ဓားတစ်လက်ဆိုတာ...
............................
ညတွေထဲ ဝင်သွားတဲ့
လတွေ ဝေတိုင်း
ရင်ခုန်သံတစ်ခါစီကြွေကျစမြဲပါ..
သန်းခေါင်တွေထဲ တိုးထွက်လာတဲ့
မနက်အာရုံတိုင်း ရင်ခုန်သံတစ်ခါစီ
ဝေရစမြဲပါ...
ကြာတော့ လင်းနေတဲ့ ရင်ခုန်သံတွေတောင်
ကွဲအက်မှုကြောင့်...
(အလင်းရောင်တွေ ကွဲရှပေါက်ပြဲတာ အခုဆို)
ခန္ဓာကိုယ်တစ်ခုလုံး ပက်ပက်စက်စက်ကို
မှောင်နေတာ ညတွေတောင်
အပျင်းပြေဖွဲ့စည်းထားလိုက်သေး...
ဒါပေမဲ့ ညတွေက
ကိုယ့်အမှောင်ကိုယ်ပြန်ကြောက်တာတစ်ခုပဲ...ဆိုးတယ်...။
...............................
ကြာတော့ ခြောက်သွေ့စိုထိုင်းတဲ့
ဆန့်ကျင်ဘက်ရင်ခုန်သံတွေရဲ့
မနက်ခင်း အစိတ်အပိုင်းတစ်ခုမှာ
ငါ့ခန္ဓာကိုယ်ကြီးလည်း...
အန်ချထားတဲ့ (မိန်းမတွေရဲ့)မာယာတွေကို
ပြန်မကျုံးချင်တော့တာနဲ့...
ပေါက်ပြဲနေတဲ့ နံရံတွေထဲ
ဝင်ရောက်လာတဲ့
ခပ်ကျဲကျဲနေရောင်တွေဆီကို
ပေါက်ပြဲပြဲရင်ခုန်သံယိုတွေကို
ပစ်ပေါက်ထည့်ပြီး...
နေ့ကို ကျောပေး၊ စက္ခုအာရုံရဲ့
ညတွေဆီ အသာလေး
ယွန်းခဲ့လိုက်တယ်...။...။...

“မိုးအိပ်မက်...”

လူ့ဘဝကြီးမှာလေ...
ခိုးစားထားတဲ့ အသီးက ပိုပြီး
ချိုမြိန်သလိုလို...
ခိုးစားထားတဲ့ ဟင်းကပဲ
ပိုပြီးတော့
မြိန်သလိုလို...
ခိုးပြီး ချစ်ရတဲ့
မိန်းကလေးကပဲ ပိုပြီးတော့ပဲ
လှနေသလိုလို...
ခိုးပြီး ရင်ခုန်ရတဲ့ ညမှာလက
ပိုပြီးတော့ ဝင်းလက်သာနေသလိုလို...
စကားချင်းတူပေမဲ့ ညစ်ပတ်ပတ်စကားလုံးတွေ
ပါရင် ပိုပြီးတော့
အရသာရှိသလိုလို...။...
ပါးချင်းတူပေမဲ့ အရင်က
အခြေအနေအရပ်ရပ်ကြောင့်
ပုန်းလျှိုးကွယ်ဝှက်ခဲ့ရတဲ့
ရင်ခုန်သံတွေနဲ့ ခိုးနမ်းရတဲ့
ငယ်ချစ်သူပါးတစ်ခြမ်းလေးကပဲ
ပိုပြီးတော့ ရနံ့မွှေးကြိုင်သင်းနေသလိုလို...
လောကကြီးကိုက အဆိုးဘက်ကို
အမြဲတမ်း အားဆေးတွေ ကျွေးနေတာလေ...
လူတွေရဲ့ ပေါက်တီးပေါက်ရှာ
အကျင့်စရိုက်တွေနဲ့...။
................................
မနေ့ညကလေ...
ကောင်မလေးတစ်ယောက်အိပ်မက်ထဲမှာ
မိုးလေးဖွဲဖွဲကျနေတုန်း
မျက်ရည်တွေနဲ့ မတ်တတ်ကြီး
ချော်လဲသွားတယ်...
တစ်ကိုယ်စာသာသာပဲရှိတဲ့
အသည်းကွဲအခန်းကျဉ်းလေးထဲမှာပါ...
ရင်ခုန်သံတွေနဲ့ အတူ မတ်တတ်ကြီးချော်လဲတာ...
မြင်လို့ ရှုလို့တော့ မကောင်းဘူး...
နေ့တွေရဲ့ ဝိဥာဉ်ထဲ သူအကြိမ်ကြိမ်
မှေးစက်နေတာကိုလဲ
ဘယ်သူမှ တားလို့မရပါဘူး...
ညတွေထဲ ကောင်းကောင်း
အပ်ပျော်ချင်ယောင်ဆောင်နေတာတွေရော...
တကယ်တော့...
သူဟာ ရိုးရိုးလေး အသည်းကွဲတာပါ...
ဒါပေမဲ့ အချစ်ဒဏ်ရာက နက်တော့
ဆန်းဆန်းပြားပြားကို ခံစားနေရတာ...
..........................
ဒီလိုပါပဲ...။...။...
အကယ်၍...
ငါသာ အသည်းကွဲခြင်းရဲ့
အိမ်ရှင်တစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်...
မျက်ရည်တံတားတွေကို
ခင်းထားလိုက်ပါ...
နာကျင်ခြင်းညတွေကို ငါမပွေ့ဖက်ချင်တဲ့
အမှောင်တွေထဲမှာ
ကြဲဖြန်းပေးလိုက်ပါ...
ယောင်ရမ်းအိပ်မက်တွေကို
စိတ်တွေနဲ့အတူ သံမဏိကြိုးနဲ့
ချည်ထားလိုက်ပါ...
ပျံသန်းတတ်တဲ့ စိတ်တွေကို
လွတ်လပ်ခွင့်တွေ ပေးလိုက်ပါ...
ငါသာ အသည်းကွဲခဲ့မယ်ဆိုရင်ပေါ့...
ဒါပေမဲ့ အခုချိန်ထိ
ငါဟာ ကဗျာထဲကအတိုင်းတော့ လုံးဝကို
အသည်းမကွဲချင်သေးဘူး...။....
..........................။